In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Saturday, June 27, 2015

အသက် (၁၀ဝ) ပြည့် ဗိုလ်လကျာ် (လှကျော်ဇော)

၁၉၄၁ ခုနှစ် ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ
လှကျော်ဇော - အသက် (၁၀ဝ) ပြည့် ဗိုလ်လကျာ်
(မိုးခမ) ဇွန် ၁၄၊ ၂၀၁၅

၁၉၁၁ ခုနှစ်မှာမွေးတဲ့ ဗိုလ်လကျာ်ဟာ မနှစ်က ၂၀၁၁ ခုနှစ်မှာ အသက် ၁၀ဝ ပြည့်ပါတယ်။ ဒါကြောင့် ဗိုလ်လကျာ် အသက် ၁၀ဝ ပြည့်အထိမ်းအမှတ်နဲ့ ဆောင်းပါးတွေ စာအုပ်တွေ ထွက်လာတာ တွေ့ရပါတယ်။

ဗိုလ်လကျာ်ဟာ ရဲဘော်သုံးကျိပ်အသိုင်းအဝိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဝါအရင့်ဆုံးခေါင်းဆောင်။ လေးစားဖွယ် အကောင်းဆုံးခေါင်းဆောင်အဖြစ် ဝိုင်းဝန်းကြည်ညိုလေးစားပြီး အကိုကြီးတဦးလို ချစ်ခင်ခြင်းခံရတဲ့သူတဦးလည်း ဖြစ်ပါ တယ်။ အသက်ရွယ်အရလည်းကြီးရင့်။ စိတ်နေစိတ်ထားကလည်းပြည့်ဝ။ ဆက်ဆံရေးကလည်း ညက်ညောနဲ့ အားလုံးရဲ့ ဝိုင်းအားထားခြင်းခံရပြီး ဒါကြောင့်ပဲ ရဲဘော်သုံးကျိပ်ဝင်တွေ ဗိုလ်နာမည်ခံယူရာမှာ အားလုံးက ညာလက်ရုံးလို့အားကိုး ရလို့ “ဗိုလ်လကျာ်” ဆိုတဲ့အမည် ရခဲ့သူပါ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း သူ့ရဲ့ညာလက်ရုံးအဖြစ် နံပါတ် (၂) နေရာ အမြဲထားခံခဲ့ရသူဖြစ်ပါတယ်။ (ဒါကြောင့်ပဲ ဗိုလ်နေဝင်းကမဲတာပါ)

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဖေဖေတို့တတွေ ဗိုလ်နာမည်ခံတဲ့ဖြစ်စဉ်ကို ပြောပြလိုပါတယ်။ ဖေဖေပြောပြဖူးတာက သူတို့ရဲဘော်သုံးကျိပ်ဝင် အားလုံးနီးပါးဟာ သခင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားအရေးလှုပ်ရှားခဲ့ကြ သူများဖြစ်ခဲ့ကြတာကြောင့် အင်္ဂလိပ်ထောက်လှမ်းရေး အသိုင်းအဝိုင်းမှာ သူတို့က စာရင်းပေါက် လူမိုက်စာရင်း (Black list) ဝင်တွေ ဖြစ်နေကြပြီတဲ့။ သူတို့ စစ်ပညာသင်ပြီးလို့ ဗမာပြည်ထဲပြန်ဝင်ကြဖို့ ပြင်ဆင်ချိန်မှာ (ပြန်ဝင်ရင် အင်္ဂလိပ် ဆန့်ကျင်ပုန် ကန်ရေးဖြစ်တဲ့အတွက်) ဗမာပြည်ထဲကျန်ရစ်ခဲ့တဲ့ မိဘတွေမျိုးတွေအပေါ် အန္တရာယ်ကျမှာ စိုးရိမ်မိကြလို့ သခင်နာမည်တွေ ဖျောက်ပြီး ဗိုလ်နာမည်တွေ ခံယူဖို့ စီစဉ်ကြတာတဲ့။ နာမည်တွေပေးရာမှာလည်း ကိုယ်မစဉ်းစားမိရင်လည်း သူများကပေးတဲ့ နာမည်ယူလိုက်တာပဲတဲ့။ ဖေဖေကလည်း အများကဝိုင်းပေးတဲ့ “ဗိုလ်ကျော်ဇော” ဆိုတဲ့ နာမည်ယူလိုက်တာပဲတဲ့။

ဗိုလ်ဗလရေးတဲ့စာအုပ် “ခရီးတထောက်” (အမှတ် ၂၄၃ အတွေးအမြင်မှ မောင်မောင်အေး (စစ်ကိုင်း) ရဲ့ဆောင်းပါး ကောက် နုတ်ချက်) ထဲမှာတော့ “ကျော်ဇောထင်ရှားလာမယ့်သူဖြစ်လို့ ဗိုလ်ကျော်ဇောလို့ ပေးလိုက်တယ်”လို့ ရေးထားပါတယ်။ အဲဒီ ဆောင်းပါးထဲမှာတော့ ဗိုလ်နာမည်အတော်များများ ဘယ်လိုဖြစ်လာတယ်ဆိုတာ ရေးထားပါတယ်။

အဲဒီဟိုင်နန်မှာ သူတို့စစ်ပညာသင်ကြားစဉ်ကတည်းက ဗိုလ်လက်ျာဟာ သူ့ရဲ့ခေါင်းဆောင်ကောင်းတယောက် အရည်အ ချင်းတွေ ပြသခဲ့တယ်လို့ ဖေဖေက သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိထဲမှာ ရေးထားတာတွေ့ရပါတယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်လကျာ်တို့အကြား ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်းဆိုတာတွေကိုလည်း တွေ့ရပါတယ်။

ဟုတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အသက်ထင်ရှားရှိစဉ် ဗိုလ်လကျာ်ထမ်းဆောင်ခဲ့ရတဲ့ တာဝန်တွေကိုပဲကြည့်ပါ၊

၁၊ ၁၉၄၂ ခုနှစ် ဘီအိုင်အေဖွဲ့စည်းစဉ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဒုတိယလက်ထောက်
၂၊ ၁၉၄၂ - ၄၃ ခုနှစ် ဘီဒီအေဖွဲ့စဉ် စစ်ဦးစီးချုပ်
၃၊ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးကာလ (တိုင်း ၂ တိုင်း ၃ အကြား ဆက်သွယ်ကွပ်ကဲသူ)
၎၊ တော်လှန်ရေးအပြီး မျိုးချစ်တပ်မတော် ပီဘီအက်ဖ် ဒုစစ်သေနာပတိချုပ်
၅၊ ကန္တီစာချုပ်အပြီး ပြန်လည်ဖွဲ့စည်းတဲ့ ဗမာ့တပ်မတော် ကော်မရှင်ရဲ့ ဗိုလ်မှူးကြီး
၆၊ ၁၉၄၇ ခုနှစ် ဗိုလ်မှူးချုပ် စသည်တို့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကျဆုံးပြီး ကာလများမှာရော လွတ်လပ်ရေးရပြီးခါစ ဖဆပလအစိုးရ အစောပိုင်းကာလများမှာရော တာဝန်ကြီး များ ကိုထမ်းဆောင်ပြီး ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းရဲ့ အစဉ်အလာကြီးမားလှတဲ့ အမျိုးသားခေါင်းဆောင်တယောက် ဖြစ် ခဲ့ပါတယ်။

ဖဆပလအစိုးရခေတ်မှာ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်ထမ်းဆောင်နေရာမှ ၁၉၄၉ ခုနှစ်မှာ အတင်းဖိအား ပေး နုတ်ထွက်ခိုင်းခြင်းခံရပြီး ၁၉၅၂ ခုနှစ်မှာ တပ်မှ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။

ဗိုလ်လကျာ်အနေနဲ့ ကန္တီစာချုပ်ချုပ်အပြီး ပြန်ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ထဲပါဝင်လာတဲ့ ထိပ်တန်း ကရင်ဗိုလ်ချုပ်များနဲ့ ရင်းနှီးပါတယ်။ တချို့ဟာ သူတက္ကသိုလ်ကျောင်းသားဘဝကတည်းက သူငယ်ချင်းတွေပါ။ ဒါ့အပြင် ဗိုလ်လကျာ်ရဲ့ စဉ်းစား ချက်က ဗမာ့လွတ်လပ်ရေးရပြီးရင် ဗမာ့တပ်မတော်ကို တကယ့်အသက်မွေးဝမ်းကျောင်း (Professional Army) အဆင့်မီ တပ်မတော်ကြီးအဖြစ် တည်ဆောက်ချင်ပါတယ်။ သူတို့ရဲဘော်သုံးကျိပ်ခမျာမှာတော့ ဂျပန်သင်ပေးတဲ့စစ်ပညာဟာ အဆင့် သိပ်မမြင့်မှန်းသိတဲ့အတွက် အင်္ဂလန် ဆင်းဟာ့ဒ်စစ်တက္ကသိုလ်ဆင်း ကရင်စစ်ဗိုလ်ချုပ်ကြီးတွေကို အားထားခဲ့တာပါ။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကစလို့ အကွက်ချောင်းနေတဲ့ဗိုလ်နေဝင်းဟာ အဲဒီအကွက်ကိုအချက်ယူပြီး ကရင်ပုန်ကန်မှု တွေ စတင်လာတဲ့အခါ (တကယ်တော့ အဲဒီကာလက ကေအင်ဒီအို ပုန်ကန်မှုတွေမှာ ဗိုလ်နေဝင်းအပါအဝင် ဆိုရှယ်လစ် တပ်မှူးများရဲ့ ရန်စချက်တွေ အခု တဖြည်းဖြည်းချင်း ပြန်ပေါ်လာနေပါပြီ) ဗိုလ်လကျာ်ကို အတင်းဖိအားပေး ထွက်ခိုင်းပါတော့ တယ်။ ဖဆပလ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်လည်း ဆိုရှယ်လစ်ပါတီကို မလွန်ဆန်ဝံ့ပါဘူး။ ဒါကြောင့် ဦးကျော်ငြိမ်းတို့အလိုကျ ဗိုလ်လကျာ်ကိုဖယ်ပြီး ဗိုလ်နေဝင်းကို တင်ပေးလိုက်ရတာပါ။

ဗိုလ်လကျာ်အနေနဲ့ကလည်း တိုင်းပြည်ကြီးလည်း လွတ်လပ်ရေးရပြီဖြစ်လို့ အသာတကြည်ပဲဖယ်ပေးလိုက်ပြီး အေးအေးပဲ နေတော့မယ်လို့ စိတ်ကူးခဲ့ဟန်တူပါတယ်။ ဒါတောင် သံယောဇဉ် မပြတ်နိုင်ရှာဘဲ ကွန်မြူနစ်ပါတီနဲ့ လက်နက်ကိုင်တိုက်ပွဲများ စတင်လာတဲ့အခါ လက်ဝဲညီညွတ်ရေးဆိုတဲ့အဖွဲ့မှာ ဝင်ရောက်လှုပ်ရှားပြီး ဖျန်ဖြေဖို့ ကြိုးစားခဲ့ပါသေးတယ်။ (တကယ်တော့ သူဟာ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ထူထောင်စဉ်က သခင်လှဖေအဖြစ် ပါဝင်ခဲ့ပြီး ဘဏ္ဍာရေးမှူး တာဝန်ယူခဲ့သူပါ၊)

တပ်မတော်က ၁၉၅၂ ခုနှစ်မှာ ထွက်လိုက်ရပြီးနောက် မုတ္တမကုမ္ပဏီကိုထူထောင်ပြီး ပင်လယ်ငါးလုပ်ငန်းများကို လုပ်ဆောင် ရာမှာတော့ အတော်အောင်မြင်လာပါတယ်။ ဖဆပလအစောပိုင်းခေတ် အမျိုးသားအရင်းရှင်ကြီးများ အပြိုင်းအရိုင်းပေါ် လာရာမှာ ဗိုလ်လကျာ်ဟာ အလွန်အောင်မြင်ပြီး ဗမာပြည်မှာ မာစီဒီးကား ကိုယ်ပိုင်ပထမဆုံး စီးနိုင်သူတွေထဲ ပါဝင်လာပါ တော့တယ်။ ဒီလိုအချိန်မှာပဲ ဗမာ့တပ်မတော်ဟာ နိုင်ငံရေးထဲ ဝင်ရောက်ပတ်သက်လာပြီး ၁၉၆၂ အာဏာသိမ်းပြီးချိန်မှာတော့ ပုဂ္ဂလိကပိုင်အားလုံးကို ပြည်သူပိုင်သိမ်းရာမှာ ဗိုလ်လကျာ်ကုမ္ပဏီတွေလည်း ပါသွားပါတော့တယ်။

ဒါပေမဲ့ ဗိုလ်လကျာ်ဟာ ဗိုလ်နေဝင်း သူ့အပေါ် မလိုမုန်းတီးကြောင်းသိပြီး သတိထားခဲ့ဟန် ရှိပါတယ်။ သူတို့ အင်းလျားလမ်း ခြံကျယ်ကြီးအတွင်း သုံးထပ်တိုက်တလုံးဆောက်ပြီး သံရုံးတရုံးကို ငှားစားထားပြီး သူတို့မိသားစုကတော့ အဲဒီအိမ်ကြီး ဘေး က တထပ်တိုက်ကလေးမှာပဲ နေကြပါတယ်။ အဲဒီအိမ်ငှားခက အဲဒီခေတ်အဲဒီအခါကတောင် တလ ကျပ်ငွေသုံးထောင် ရပါ တယ်။ ဒါကြောင့် ဗိုလ်နေဝင်းက ဘာတွေသိမ်းသိမ်း ဗိုလ်လကျာ် ဟန်မပျက်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီမှာတင် ဗိုလ်နေဝင်းဟာ ဗိုလ်လကျာ်ကို စီးပွားရေးပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ထဲထည့် ညဉ်းဆဲတော့တာပါပဲ၊ ၁၉၆၃ မှ ၁၉၆၈ ခုနှစ်အထိ ငါးနှစ်တိုင်တိုင် အင်းစိန်ထောင်ထဲမှာနေခဲ့ရပြီး အဲဒီနေခဲ့ရစဉ်ကာလ ခံစားချက်များကို ပန်းချီကားများ ဆွဲပြီး မိသားစုဆီပို့ဆောင်ခဲ့ရာမှာ အခုအသက် ၁၀ဝ ပြည့်အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါက်တာခင်လကျာ်က “ဖေ ဖေရဲ့ စိတ်ကူးပန်းချီကားများ” ဆိုတဲ့နာမည်နဲ့ အင်္ဂလိပ် - မြန်မာ ၂ ဘာသာနဲ့ စာအုပ်များထုတ်လာတာ တွေ့ရပါတယ်။ ပန်းချီကားလေးတွေရဲ့ အဓိပ္ပါယ်ဖော်ဆောင်ချက်တွေကို ဖတ်ရတဲ့အခါ အတော်စိတ်ထိခိုက်မိပါတယ်။

ဒီနေရာမှာ ဗိုလ်လကျာ်အင်းစိန်ထောင်နေခဲ့ရစဉ်က အဖြစ်အပျက်တခု ကျွန်မကြားဖူးထားတာ ရှိပါတယ်။ ဗိုလ်လကျာ်နဲ့ အတူ ထောင်တွင်းနေခဲ့ရတဲ့ အန်ကယ်ကြည်မောင် (ဗိုလ်မှူးကြီးဟောင်း ကြည်မောင်- NLD) က ထောင်ကထွက်လာစဉ် ဖေဖေ့ကိုပြောပြဖူးတဲ့ အဖြစ်အပျက်တရပ်ပါ၊ ထောင်ထဲမှာ တနေ့ MSI စစ်ဗိုလ်တယောက်က ဗိုလ်လကျာ်ကို မရိုမသေ မချေမငံ ဆက်ဆံပါတယ်။ ဒီတင် အန်ကယ်ကြည်မောင်က ဒေါသထွက်ပြီး “ဟေ့ကောင်တွေ။ မင်းတို့ဘယ်လိုလုပ်တာလဲ၊ ဒီလူကြီးဟာ ငါတို့အားလုံးရဲ့ကျေးဇူးရှင်။ အမျိုးသားသူရဲကောင်း။ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သူပဲ။ မင်းတို့အဘ (ဗိုလ်နေဝင်းကိုဆိုလို) ထက် သမ္ဘာရင့်တယ်” လို့ ပြောလွှတ်လိုက်တယ်တဲ့။ (အဲဒီ  MSI တွေဟာ ဗိုလ်လကျာ်အကြောင်း သာမသိရင် ရှိမယ်၊ အန်ကယ်ကြည်မောင်ကိုတော့ တိုင်းမှူးကြီးအဖြစ် သူတို့က သိထားပါတယ်။ ဒါကြောင့် အန်ကယ်ကြည် မောင်ရဲ့အရှိန်က သူတို့အပေါ် ရှိနေဟနfတူပါတယ်။) အဲဒီနောက်ပိုင်းတော့ အတော်သတိထား ဆက်ဆံလာကြတယ်လို့ ကြားဖူးပါတယ်။ အဲဒီနေ့က ဗိုလ်လကျာ်ကြီးက ဘာမှလည်းမစား။ ဘာစကားမှလည်းမပြောဘဲ တနေကုန် ထိုင်ငေးနေတယ် လို့ အန်ကယ်ကြည်မောင်က ပြန်ပြောဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်လကျာ်ကတော့ သူ့ထောင်တွင်းကိစ္စတွေ ဘယ်သူ့ကိုမှ ပြန်ပြောမသွားပါဘူး၊ အခု ဒီပန်းချီကားတွေထွက်လာမှပဲ သူ ဘယ်လိုခံစားခဲ့ရတယ်ဆိုတွေ သိရတာပါ။

ဖေဖေက “အကိုကြီး ဗိုလ်လကျာ်ဟာ သိပ်လူကြီးဆန်တယ်။ ဘယ်သူ့အကြောင်းမှ မကောင်းပြောတာ မကြားဖူးဘူး” လို့ ပြောဖူးပါတယ်။ ဗိုလ်လကျာ် ထောင်ကထွက်လာပြီးနောက်မှာလည်း ကျွန်မတို့အိမ် လာလည်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေ မဲ့ ဘယ်သူ့အကြောင်းမှ မပြောပြခဲ့ပါဘူး။ ဗိုလ်လကျာ်အနေနဲ့ ဖေဖေကို ဗိုလ်နေဝင်းအကြောင်း တခါပဲပြောပြဖူးပါတယ်တဲ့။ အဲဒါကတော့ ဘီဒီအေခေတ်ကစလို့ စစ်ဦးစီးမှူးဖြစ်တဲ့ ဗိုလ်လကျာ်ရဲ့အမိန့်တွေကို တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်နေဝင်းက မနာ ခံဘဲ တောက်လျှောက် သူ့ကို ဒီလိုပဲ အာခံဆက်ဆံခဲ့တယ်တဲ့။

ဗိုလ်နေဝင်းဟာ သူ့ပင်ကိုစရိုက်ကိုက အလွန်သေးသိမ်သူဖြစ်ပါတယ်။ ဗိုလ်လကျာ်ရဲ့ အလွန်အားကောင်းချက်ကြီးဖြစ်တဲ့ အကျင့်စာရိတ္တကောင်းမွန်မှုကြောင့် တပ်မတော်သားအားလုံးရဲ့ ချစ်ခင်ကြည်ညိုခြင်းခံရမှုအပေါ် အတော်မလိုလားတာပါ။ ဒါကြောင့်ပဲ ဗိုလ်လကျာ်ကိုသာမက ဗိုလ်လကျာ်မိသားစုဝင်များကိုပါ ဒုက္ခပေးခဲ့တာပါပဲ။

ဗိုလ်လကျာ်ရဲ့ တဦးတည်းသောသား အောင်လကျာ်ကိုလည်း ဘာအမှုမှ ‘ကီးကြီးကျယ်ကျယ် နာမည်မတတ်နိုင်ဘဲ ဖမ်းဆီး ပြီး တနှစ်ကျော် နှစ်နှစ်နီးပါး တိုက်ပိတ်ထားခဲ့ဖူးပါတယ်။ အောင်လကျာ် (ကျွန်မတို့အခေါ် ကိုအောင်ကြီး) ဟာ နိုင်ငံရေး စိတ်ဝင်စားသူ မဟုတ်ပါဘူး။ ထောင်ကထွက်လာတော့ ထောင်ကို အကြောက်ကြီးကြောက်သွားပြီး သူ့အဖေရဲ့ ပြည်ချစ်အဖွဲ့ မှာ သွားပူးပေါင်းခဲ့တာပါ၊ သူ့အဖေထက် ၄ လလောက်စောပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။

ဗိုလ်လကျာ်ရဲ့သမီးကြီး ဒေါက်တာခင်လကျာ်ကိုလည်း မဟာသိပ္ပံသင်တန်းတက်ခွင့်မပြုဘဲထားလို့ ခင်လကျာ်က သူ့ဟာသူ နိုင်ငံခြားထွက် အလုပ်လုပ်ပြီး သူ့ငွေနဲ့သူ သင်တန်းတက်ကာ ထိုင်းမဟီဒေါတက္ကသိုလ်။ အမေရိကန် လော့စ်အိန်ဂျလိ တက္ကသိုလ်တို့ကနေ ဒီပလိုမာတွေ။ မဟာသိပ္ပံဘွဲ့တွေ သွားယူခဲ့ရပါတယ်။ အခုတော့ စာရေးဆရာမကြီးဖြစ်လို့ နေပါပြီ။

“ဗိုလ်လကျာ်နဲ့ ဖေဖေ”

ဖေဖေက သူ့ရဲ့ ကိုယ်ရေးအတ္တုပ္ပတ္တိစာအုပ်မှာ “၁၉၄၁ ခုနှစ် ကျွန်တော်တို့ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင် ရဲဘော်သုံး ကျိပ်တွင် ကျွန်တော်နှင့် ရင်းနှီးခင်မင်ဆုံး ပုဂ္ဂိုလ်တဦးမှာ ဗိုလ်ချုပ်လကျာ်ဖြစ်သည်” လို့ ရေးထားတာ တွေ့ရပါတယ်။

ဖေဖေက “အစ်ကိုကြီး” လို့ ဗိုလ်လကျာ်ကိုခေါ်ပြီး ဘာကိစ္စမဆို ဗိုလ်လကျာ်ဆီ သွားအကူအညီတောင်း၊ အကြံဉာဏ်တောင်း၊ ဆွေးနွေးတိုင်ပင်နဲ့ တကယ့်ညီရင်းအစ်ကိုလို ဆက်ဆံတာတွေ့ရပါတယ်။ ဒါကြောင့် ၁၉၅၇ ခုနှစ် ဖေဖေတပ်ကထွက်ရတော့ တချို့သူတွေက ဖေဖေက ဗိုလ်နေဝင်းကိုကျော်ပြီး ဗိုလ်လကျာ်ကို လေးစားလွန်းလို့ ဗိုလ်နေဝင်းက ငြိုးပြီးချတာလို့တောင် ပြောကြ ဆိုကြတာတွေ ရှိခဲ့ပါသေးတယ်။

ဖေဖေကလည်း အသက် ၂၀ ကျော်လေးနဲ့ ကျောင်းသားခေါင်းဆောင်ဘဝကနေ ဗြုန်းဆို အောက်ဗမာပြည် တာဝန်ခံကြီး (ဘီအိုင်အေ) လို တာဝန်ကြီးမျိုး ထမ်းဆောင်ရတော့ သူ့ခမျာ ဟိုလူ့အကူအညီတောင်းရ။ ဒီလူ့အကူအညီတောင်းရနဲ့ တာဝန်တွေကို မနိုင်မနင်း ထမ်းရရှာတာပါ။ ရန်ကုန်မြို့ တိရိစ္ဆာန်ရုံနားက ရပ်ကွက်ကြီး (နောင် မင်းမနိုင်ရပ်ကွက်) မီးလောင် သွားတော့ သူက ဗိုလ်လကျာ်ဆီသွား အခြေအနေတွေအစီရင်ခံကာ ဘာဆက်လုပ်ရမလဲမေးတော့ ဗိုလ်လကျာ်က အခု လောလောဆယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေပဲ လုပ်ထားဦးပေါ့ကွာ။ နောင်ငါးနှစ်စီမံကိန်းဆွဲမှ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေလုပ်ကြတာပေါ့လို့ ပြောသတဲ့။ ဗိုလ်ချုပ်အောင်ဆန်းရော၊ ဗိုလ်လကျာ်ရော အဲဒီခေတ် အဲဒီအခါက ထွန်း တောက်လာတဲ့ ဆိုဗီယက်ယူနီယံက ဆိုရှယ်လစ်ဝါဒကို တိမ်းညွတ်ခဲ့ကြပုံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က လည်း ဖေဖေ့ကို ပြောဖူးတာတခုရှိတယ်တဲ့။ ပင်လုံစာချုပ်အပြီး နောင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ချင်က ခွဲထွက်ခွင့်ပြုမည်ဆိုတဲ့ စာပိုဒ်အပေါ် ဖေဖေတို့တပ်မှူးငယ်တွေ မကျေမနပ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဝိုင်းမေးကြမြန်းကြပါတယ်။ ဗိုလ်ချုပ်က နောင် ၁၀ နှစ်ဆိုရင် ငါးနှစ်စီမံကိန်း ၂ ခုစာပဲ။ အဲဒီကာလအတွင်း တို့တတွေဟာ သူတို့ဒေသ ဖွံ့ဖြိုးရေးတွေကို ထိထိရောက် ရောက် ဖိဖိစီးစီးလုပ်ပြရင် တို့တတွေနဲ့ ဘယ်ခွဲချင်ပါတော့မလဲကွာလို့ ရှင်းပြဖူးပါတယ်လို့ ဖေဖေပြောဖူး ရေးဖူးတာတွေ ရှိပါတယ်။

သြော်  ... သူတို့တတွေ မျှော်မှန်းခဲ့တဲ့ တိုင်းပြည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေဟာလည်း မျှော်တိုင်းဝေးနေပါ သေးရော့လား။

ဖေဖေဟာ သူ့ရဲ့တာဝန်ပိုင်းများမှာသာ ဗိုလ်လကျာ်ကို အားကိုးတာမဟုတ်ပါဘူး။ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာလည်း  အားကိုးအားထားပြုခဲ့တာတွေ ရှိပါတယ်။ မေမေ ဖေဖေ နောက်လိုက်လာတော့လည်း ဖေဖေက ဗိုလ်လကျာ်ကြီးဆီပဲ သွားပြီး အကူအညီတောင်းရတာပါ။ ဗိုလ်လကျာ်စီစဉ်ပေးလို့ ဖေဖေနဲ့ မေမေတို့ သခင်မြအိမ်မှာ မင်္ဂလာပွဲကျင်းပနိုင်ခဲ့တာပါ။ ဒါ့အပြင် သမီးအကြီးဆုံး ကျွန်မကိုမွေးပြီးတော့ ဖေဖေက သူသမီးလေးရကြောင်း ဗိုလ်လကျာ်ကို သွားပြောပြသတဲ့၊ ဗိုလ်လ ကျာ်က ဘာနေ့သမီးလေးလဲလို့မေးသတဲ့၊ ဗုဒ္ဓဟူးသမီးလို့ ဖေဖေပြောတော့ ဗိုလ်လကျာ်က “ဗုဒ္ဓဟူးသမီးဆို လှကျော်ဇော” ပေါ့။ ကိုယ့်သမီးကတော့ တနင်္လာသမီးမို့ ‘ခင်လကျာ်ပေါ့” လို့ နာမည်ပေးလိုက်လို့ ကျွန်မ လှကျော်ဇော ဖြစ်သွားရတာပါ။ တကယ်တော့ ကျွန်မကိုမွေးတဲ့ အဘိုးအဘွားတို့ရဲ့ သုံးဆယ်အိမ်မှာ ဇာတာဖွဲ့စဉ်က နာမည်ဟာ နေ့သင့် နံသင့် တင်တင် လှပါ။ ခင်လကျာ်က ကျွန်မထက် ၂ ရက် ကြီးပါတယ်။

ဗိုလ်လကျာ်ကို ဖေဖေသာမက မေမေကလည်း အလွန်ခင်မင်လေးစားပါတယ်။ “အစ်ကိုကြီးဟာ သိပ်နောက်တတ် ပြောင် တတ်တယ်” ဆိုပြီး မေမေ ပြောပြဖူးတဲ့အဖြစ်အပျက်တွေ ရှိပါတယ်။

ဗိုလ်လကျာ်ဟာ ၁၉၄၃ ခုနှစ် ဘီဒီအေကာလ စစ်ဦးစီးချုပ်ဘဝမှာ သူ့ငယ်ရည်းစားနဲ့ လက်ထပ်ပါတယ်။ မေမေက သူတို့ လက်ထပ်စဉ်ကပုံကိုကြည့်ပြီး “ဟာ အစ်မကြီးကလှတယ်နော်၊ ကိုယ်လုံးလည်း သွယ်သွယ်လေးပဲ” လို့ အမှတ်တမဲ့ ပြော လိုက်မိသတဲ့။ တကယ်လည်း ဗိုလ်လကျာ်ရဲ့ဇနီးဟာ အတော်လှပချောမောသူပါ။ ဒါပေမဲ့ မေမေတို့နဲ့တွေ့တော့ အတော်ဝ လာနေပြီဖြစ်ပါတယ်။ ဒီတင် ဗိုလ်လကျာ်က “အေးကွယ် ကိုယ်လည်းယူတုန်းကတော့ ဂီတာရှိပ်လေးယူတာ။ ကိုယ့်လက်ထဲ ကျမှ ဘင်ဂျိုပုံပေါက်သွားတာကတော့ မတတ်နိုင်ဘူးကွယ်” လို့ ခပ်တည်တည်နဲ့ပြောလို့ မေမေမှာ အတော်အားတောင့် အားနာဖြစ်ခဲ့ရသတဲ့။ ဒါ့အပြင် မေမေ့ကိုလည်း ခဏ ခဏ “နငယ်လေး” လို့ ခေါ်တယ်တဲ့။ မေမေက အရပ်ကလည်းပု။ လူကလည်း တုတ်တုတ်ဝ၀ဖြစ်ပြီး (မရိုသေ့စကား) ကလေးကလည်းနီးလေတော့ ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် ဝိုင်းလုံး နေတာပါ။ အဲသလိုအချိန်မျိုးမှာ ဗိုလ်လကျာ်နဲ့တွေ့လို့ကတော့ “စိန်တို့ကတော့ ဘယ်တော့ကြည့်လိုက် ကြည့်လိုက် “နငယ်လေးပဲဟေ့” လို့ စတတ်တယ်လို့ မေမေက ပြန်ပြောပြဖူးပါတယ်။

ဗိုလ်လကျာ်ဟာ ဖေဖေတင်မကပါဘူး၊ ရဲဘော်သုံးကျိပ်ဝင်တော်တော်များများကိုရော တော်လှန်ရေးပြန် ရဲဘော်အတော် များများကိုရော အတော်သံယောဇဉ်ထား ဆက်ဆံပါတယ်။ ဆရာကြီးမှိုင်းသခင်အဖွဲ့ကဖြစ်ပေမယ့်လို့ သခင်ဗစိန်။ သခင် ထွန်းအုပ်အဖွဲ့က ရဲဘော်သုံးကျိပ်တွေကလည်း သူတို့လူကြီး ဗိုလ်နေဝင်းထက်ပိုပြီး ဗိုလ်လကျာ်ကိုလေးစားပါတယ်။ ပို အားကိုးတာ တွေ့ရပါတယ်။

သူနောက်ပိုင်း စီးပွားရေးမှာ (ပင်လယ်ငါးလုပ်ငန်း) အောင်မြင်လာတော့ အဲဒီ ရဲဘော်ရဲဘက်တွေကို မမေ့မလျော့ ထောက်ပံ့ ပါတယ်။ အခါကြီးရက်ကြီးတွေဖြစ်တဲ့ လွတ်လပ်ရေးနေ့တို့ တော်လှန်ရေးနေ့တို့မှာဆိုရင် ထမင်းစားပွဲ သို့မဟုတ် ပျော်ပွဲစား ပွဲစတာတွေကို စီစဉ်ပြီး စုစည်းကျင်းပပေးတာတွေ ရှိပါတယ်။

သူဟာ ဗမာပြည်ရဲ့ ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ခိုက်ရင်း ၁၉၇၈ ခုနှစ်မှာ ရေတိမ်နစ် သွားခဲ့ရပါ တယ်။ တိုင်းချစ် ပြည်ချစ်စိတ်ပြင်းထန်ရုံမက မိမိလုပ်ဖော်ကိုင်ဘက်များအပေါ်မှာလည်း တာဝန်ဝတ္တရား မပျက်အောင် အမြဲကြိုးစားလုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့လုပ်ရပ်တွေအပေါ်မှာ တနေ့သမိုင်းက ကျေးဇူးတင် ကမ္ဗည်းထိုးခံရမယ့်သူဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အမျိုးသားလွတ်မြောက်ရေးလွပ်ရှားမှုသမိုင်းကြောင်းမှာ ဗိုလ်လကျာ်ကို တတ်နိုင်သမျှ မှေးမှိန်ထားကြပါ တယ်။ ဒါဟာလည်း ဗိုလ်နေဝင်း အာဃာတကြီးကြီးနဲ့ လုပ်ကြံမှုရဲ့ အဆက်ပါပဲ။

သူ့အခြေခံစိတ်ဓာတ်ကိုကိုင်စွဲပြီး သူ့မိသားစုက ကျန်ရစ်သူနှစ်ဦးဖြစ်တဲ့ သမီးခင်လကျာ်နဲ့ ယုလကျာ်က အခုအခါ “ရဲဘော် သုံးကျိပ်ဝင် မိသားစုများ” ဆိုတဲ့ အဖွဲ့အစည်းမှာ ကမကထလုပ်ကြပြီး အဲဒီမိသားစုမျိုးဆက်ဝင်များရဲ့ ကျန်းမာရေး။ ပညာ ရေး၊ လူမှုရေးတွေကို အတတ်နိုင်ဆုံး ဝိုင်းဝန်းလုပ်ဆောင်နေတယ်လို့ ကြားသိရလို့ သာဓုခေါ်မိပါတယ်။

ဒီလိုပါပဲလေ၊ ကျန်ရစ်သူသားသမီးများက သွားလေသူမိဘတွေရဲ့ မပြည့်ဝသေးတဲ့ စိတ်ဆန္ဒတွေ၊ မျှော်မှန်းချက်တွေ၊ အိပ်မက်တွေကို ဆက်အကောင်အထည်ဖော်မှသာ သားသမီးဝတ္တရား ကျေပွန်မှာပေါ့။ ဒါဟာလည်း သမိုင်းပေးတာဝန် တ ရပ်ပါပဲ။

လှကျော်ဇော
ကျွန်မ ဆက်၍ရေးခြင်သော ဖေဖေ့အကြောင်းများ - ဆောင်းပါးအမှတ် (၂၇)

0 comments