In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Thursday, June 25, 2015

ဘိုးဘွားများနဲ့ စာပေမိတ်ဆွေများ ရာပြည့် အမှတ်တရ (မောင်ရစ်)


မောင်ရစ် – ဘိုးဘွားများနဲ့ စာပေမိတ်ဆွေများ ရာပြည့် အမှတ်တရ 
(အယ်ဒီတာ့လက်ရေး၊ မိုးမခ) ဧပြီ ၂၃၊ ၂၀၁၅

၂၀၁၅ ခုနှစ်ဟာ ကျနော့်ဘိုးဘွား – ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့သာ သက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင် သူတို့တွေ ရာပြည့်တဲ့ နှစ် ဖြစ်ပါတယ်။ ထို့အတူပါပဲ မြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီး သခင်အောင်ဆန်း ရာပြည့်နှစ် ဖြစ်တယ်။ ၁၉၃၈ ကျောင်းသားသပိတ်မှာ ကျဆုံးခဲ့တဲ့ ဗိုလ်အောင်ကျော်ရဲ့ ရာပြည့်လည်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ စာပေနဲ့ စာနယ်ဇင်းမော်ကွန်းဝင် လူထုစာပေမောင်နှံအနက် ဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်နှစ်လည်း ဖြစ်နေပါတော့တယ်။ ပြီးတော့ သူတို့တတွေဟာ မြန်မာပြည်ရဲ့ ကိုလိုနီခေတ်မှာ အတူတကွ မိတ်ဆွေများအဖြစ် ဖြတ်သန်းခဲ့ကြတဲ့ သူတွေ။ သူတို့တင်ပဲလား ဆိုတော့မကသေးပါဘူး။ သူတို့တွေရဲ့ စာပေမိတ်ဆွေတွေ ရာပြည့်ကြို ရာပြည့် ရာပြည့်ကျော်တွေ အများအပြားဟာ မြန်မာပြည်ရဲ့ ခေတ်အဆက်ဆက်ကို အတူတကွဖြတ်သန်းခဲ့ကြသူတွေ။ အတူတကွ ကြီးပြင်းခဲ့ကြသူတွေ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စလို့ ဘိုးဘွားတို့ရဲ့ ရာပြည့် (အကြို၊ အကျော်) မိတ်ဆွေတွေ စာရင်းပြုစုကြည့်နေမိပါတော့တယ်။ ပြီးတော့ ဘိုးဘွားတွေ သက်ရှိထင်ရှားရှိခဲ့စဉ် မိမိတို့အနီးအနားမှာ ဖြတ်သန်းသွားလာခဲ့ကြတဲ့ သူတို့မိတ်ဆွေတွေကို ပြန်လို့ မြင်ယောင်နေမိတယ်။ အန်ကယ်ဦးကြည်မောင်၊ သခင်ထိန်ဝင်း၊ သခင်အုန်းမြင့်၊ ဦးညိုမြ၊ ဦးဘကြည်၊ မောင်ထင်၊ မင်းသုဝဏ်၊ ဒေါ်ရီကြိန် … စတဲ့ စတဲ့ သူတို့တတွေ သူတို့တတွေကို သက်ရှိထင်ရှားစဉ်က တွေ့ကြုံခဲ့ရတယ်။ ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့ အကျိုးကျေးဇူးကတော့ ဘိုးဘွားတို့ စာပေမိတ်ဆွေတွေရဲ့ စာပေ စာနယ်ဇင်း အရေးအသားတွေနဲ့ ကျနော်တို့တွေ ကြီးပြင်းခဲ့ရတယ်။ လေ့လာသင်ယူခဲ့ရတယ်။ သူတို့ အတွေးအမြင် သဘောထားအယူအဆတွေဟာ နှောင်းလူတို့အတွက် ကောင်းမွေ အသိပညာတွေ ဖြစ်ခဲ့တယ်။ ဖြစ်နေဆဲ။ ဖြစ်နေဦးမှာပဲ။

သည်တော့ ကျနော်တို့တွေးမိနေတာက အခုလို ၂၀၁၅ ခုနှစ် ရာပြည့်တဲ့ နှစ်မှာ ဘိုးဘွားတွေနဲ့ စာပေမိတ်ဆွေတွေကို အမှတ်တရ ဂုဏ်ယူ အမှတ်တရပွဲ ဓာတ်ပုံ ပန်းချီပြပွဲတခု လုပ်ကြရင် မကောင်းဘူးလား ဆိုတာပါ။ ဘဘကြီးဦးခင်မောင်လတ် (၁၉၁၅ – ၁၉၉၆) နဲ့ မေမေကြီး ဒေါ်ခင်မျိုးချစ် (၁၉၁၅ – ၁၉၉၉ ) တို့ရဲ့ စာပေမိတ်ဆွေတွေကို စာရင်းပြုစုမိတော့ မိမိသိမှီသလောက် ရင်းနှီးမိသလောက်က ၈၄ ဦးလောက် ရှိလာတယ်။ ဓာတ်ပုံတွေ ပန်းချီရုပ်ပုံတွေကတော့ အင်တာနက်ပေါ် ခြေဆန့်နိုင်သလောက် စုမိတယ်။ နောက်ပြီး အတိတ်ကို ပြန်တွေးလိုက်တော့ ဘဘကြီး မေမေကြီးတို့တတွေ သူတို့စာပေမိတ်ဆွေတွေနဲ့ ၁၉၈၀ ခုနှစ်များမှာ နှစ်စဉ် ထမနဲထိုး ဧည့်ခံတဲ့ မိတ်ဆုံပွဲတွေ လုပ်ခဲ့ကြတယ်။ ဆရာကြီး မင်းသုဝဏ် (၁၉၀၉ – ၂၀၀၄) တို့ မိသားစုကလည်း ထမနဲ မိတ်ဆုံပွဲ အစဉ်အလာမပျက် ကျင်းပခဲ့ကြတယ်။ နောက်ပြီး မန္တလေးမှာဆိုရင်လည်း လူထုဒေါ်အမာ (၁၉၁၅ – ၂၀၀၈) မွေးနေ့ ဂါရ၀ပြု မိတ်ဆုံပွဲတွေ … ။ ဒဂုန်တာရာ (၁၉၁၉ – ၂၀၁၃) ဆောင်းခိုချိန် စာပေမိတ်ဆွေ ဂါရ၀ပြု မိတ်ဆုံပွဲတွေ …။ အဲသည်မှာ ဘိုးဘွားများရဲ့ အရိပ်အာဝါသအောက်မှာ … မျိုးဆက်ဟောင်း မျိုးဆက်သစ် စာပေမိတ်ဆွေတွေ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြ စကားလက်ဆုံခဲ့ကြတာပေါ့။ အဲဒီမိတ်ဆုံပွဲတွေကနေ စာပေအာဇာနည် စာပေသူရဲကောင်း ဦးဝင်းတင် (၁၉၃၀ – ၂၀၁၄)၊ မောင်သော်က (၁၉၂၈ – ၁၉၉၁) တို့တတွေကို ကြုံဆုံ ရင်းနှီးခွင့် ရခဲ့တာပေါ့။ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ရဲရင့်တဲ့ စာပေမိတ်ဆွေကြီးတွေ အများအပြားရဲ့ ခြေရာတွေ ထင်ကျန်ရစ်တာကို ကျနော်တို့ ပြန် ခြေရာကောက်နေမိတာပေါ့။ 

ဘိုးဘွားတို့ရဲ့ စာပေမိတ်ဆွေကြီးတွေဟာ ခေတ်အဆက်ဆက်မှာ ခေတ်ကို ကျောပိုးပြီး ခေတ်ဝန်ကို ထမ်းခဲ့ကြသူတွေချည်းပါပဲ။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီး လက်တွဲ ချီတက်ကြသူတွေချည်းပါပဲလား။ ကျနော်တို့ မိုးမခစာပေ၀ိုင်းတော်သားတွေကို လက်တွဲ ခေါ်ယူခဲ့ကြသူ လူကြီးတွေဟာလည်း ဘိုးဘွားတို့ရဲ့ မိတ်ဆွေတွေချည်းပါပဲလားဗျာ။ ဦးတင်မိုး (၁၉၃၃ – ၂၀၀၇)၊ ကြေးမုံဦးသောင်း (၁၉၂၆ – ၂၀၀၈)၊ မောင်စွမ်းရည် (၁၉၃၇ – )၊ ဦးဝင်းတင် (၁၉၃၀ – ၂၀၁၄)၊ မောင်မိုးသူ (၁၉၃၇ – )၊ ဒေါ်မာမာအေး (၁၉၄၄ – )၊ ဦးဝင်းဖေ (၁၉၃၆) ၊ မောင်သာရ (၁၉၃၁ – ) တို့တတွေဟာ မိုးမခစာနယ်ဇင်းကလေး ရှင်သန်မြင့်တင်စေဖို့ ထွေးပွေ့ ကူညီခဲ့ကြတယ် မဟုတ်ပါလား။ စာပေနဲ့ စာနယ်ဇင်းသက်တမ်း ရှည်လျားသမျှ ဘိုးဘွားတို့ရဲ့ စာပေမိတ်ဆွေတွေနဲ့ သူတို့မျိုးဆက်တွေဟာ မျိုးဆက်သစ်တွေ အစိမ်း အကျက်မရွေး လက်ချင်းချိတ်ပေးခဲ့ကြပါကလားလို့ အတွေးနယ် ချဲ့နေမိပါတယ်။

ဘိုးဘွားတို့ရဲ့ ဘော်ဒါတွေက နည်းမှ မနည်းတာပဲ။ သူတို့အချင်းချင်းလည်း ချစ်ခင် လေးစား ဖေးမ ကူညီကြသူတွေပဲ။ သူတို့နောက်မျိုးဆက်တွေကိုလည်း ရှေ့ကို တိုး ထိုးထွက်စေဖို့ လမ်းခင်းပေးခဲ့ကြတာပဲ။ ဘိုးဘွားတွေ နောက်မျိုးဆက်တွေရဲ့ သားမြေးတွေကလည်း အဲသည်အစဉ်အလာကို ထိန်းသိမ်းပြီး လူငယ်တွေနဲ့အတူ လမ်းကူလို့ လျောက်ပေးခဲ့တာပဲပေါ့။ ဒါကြောင့်လည်း မိုးမခရဲ့ အတိုင်ပင်ခံတွေ၊ ပင်တိုင်ကလောင်ရှင်တွေထဲမှာ ကိုဇာဂနာ (ဘ – နန်းညွန့်ဆွေ၊ မိ – ဒေါ်ကြည်ဦး)၊ သားကြီးမောင်ဇေယျ (ဘ – လင်းယုန်မောင်မောင်)၊ လှကျော်ဇော ( ဘ – ဗိုလ်ချုပ်ကျော်ဇော)၊ ဖိုးသံချောင်း (ဘ – လူထုဦးလှ၊ မိ – လူထုဒေါ်အမာ) စတဲ့ မိကောင်းဘခင် သားသမီး မြေးမြစ်တွေ အများကြီးပါလားလို့ ဂုဏ်ယူနေမိတယ်။ ဘိုးဘွားတို့နဲ့ ရာပြည့် စာပေမိတ်ဆွေတွေဟာ ကျနော်တို့အားလုံးရဲ့ မိဘ ဘိုးဘွားတွေချည်းပါပဲလို့လည်း ဆက်စပ်နေလိုက်မိတော့တယ်။ ကျနော်တို့တတွေဟာလည်း စာပေနဲ့ စာနယ်ဇင်း ညီအကို မောင်နှမ မိသားစုတွေ သဖွယ် ချိတ်ဆက် ကွန်ယက်ဖြစ်နေတော့တာပေါ့။

သည်လိုပြောလိုက်လို့ စာပေမိသားစု ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းတွေကြား အယူအဆ အယူဝါဒ အတွေးအမြင် တမျိုးတည်း တသံတည်း တပုံစံတည်း ဖြစ်ရမယ်လို့ မဆိုပါဘူးခင်ဗျာ။ သဘောထားချင်း မတူ ကွဲပြား ငြင်းခုံမှုတွေ၊ အပြိုင်အဆိုင် ပြောဆို ရေးသားကြတာတွေ ရှိတာပါပဲ။ ဒါပေမယ့် သူတို့တတွေဟာ တဦးအကျိုးစီးပွား အသက် စည်းစိမ် ပျက်စီးမှု ဖြစ်စေတဲ့အထိ ရန်သူတွေ မဟုတ်ခဲ့ကြဘူး။ တသက်တာမှာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ်ဆိုတာ တွေ့ရှိရတာပါ။ နှစ် ၁၀၀ အကြာ သူတို့မရှိတော့တဲ့အခါ နောက်လာတဲ့သူက သိမီသလောက် ပြန်ပြုစုကြည့်တဲ့အခါ အဲသည် ဂုဏ်ရည်ဟာ ထူးခြားလှပနေတယ် မဟုတ်ဘူးလား။ သို့သော် စာပေမိတ်ဆွေတွေဟာ မိတ်ဆွေတွေအဖြစ် တသက်တာ မြဲခဲ့ကြပါတယ်။

သည်တော့ ကျနော်ရဲ့ ဘိုးနဲ့ ဘွား ရာပြည့်မှာ သူတို့နဲ့အတူ မိတ်ဆွေတွေဖြစ်ခဲ့ ဆုံဆည်း ရေစက်ဆုံခဲ့ကြတဲ့ ရာပြည့်ကြို ရာပြည့် ရာပြည့်ကျော် စာပေမိတ်ဆွေတွေ အမှတ်တရ လက်လှမ်းမီသလောက် စာရင်းပြုစု ဓာတ်ပုံ ရုပ်ပုံ ပြပွဲတခု လုပ်မယ်။ သက်ရှိထင်ရှားသေးတဲ့ မိမိတို့ စာပေမိတ်ဆွေ မျိုးဆက်တွေနဲ့ မိတ်ဆုံပွဲ ပြန်လည် အသက်သွင်းမယ်။ အမှတ်တရ မိတ်ဆွေစကား မေတ္တာစကားတွေ ပြောကြားကြမယ်။ မိုးမခမိတ်ဆုံပွဲကို အဲသည်လိုလေး လုပ်ချင်တယ်လို့ တွေးမိတယ်။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်ရဲ့ မြေးတဦးလည်းဖြစ် ကျနော့်ရဲ့ အမွှာညီမလည်း ဖြစ်တဲ့ စာရေးဆရာ ဂျူနီယာဝင်းက ရာပြည့်အထိမ်းအမှတ်ထုတ်ဝေမယ့် Memory of my grand-parents အင်္ဂလိပ်ဘာသာ စာအုပ်ကိုလည်း မိတ်ဆက်မယ်ဗျာ။ မေလအမီ ထုတ်ဖြစ်မယ်ဆိုပြီး လုံးပမ်းနေတဲ့ မိုးမခလစဉ် မေလထုတ်ကိုလည်း အဲသည်မှာ လက်ဆောင်ပေးဖြစ်အောင် ပေးလိုက်ဦးမှာပေါ့။ သူတို့တတွေ ရာပြည့်ခဲ့ကြချိန်မှာ မိုးမခစာနယ်ဇင်းဆိုတာက ၁၂ နှစ်သားကလေးပဲ ရှိပါသေးပါကလား။ 

မလိမ္မာ အသိဥာဏ် မရင့်ကျက်သေးသမို့ ခွင့်လွှတ် သီးခံ ချစ်ခင် အားပေးကြပါဦးလို့ ဖိတ်ကြားလိုက်ချင်ပါရဲ့။
(သည်နေရာမှာ ဘိုးဘွား နဲ့ ရာပြည့် စာပေမိတ်ဆွေများ မီသမျှစာရင်း -

0 comments