In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Friday, July 17, 2015

သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀) Thakhin Htein Win (1912 - 2010)






သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀) Thakhin Htein Win (1912 - 2010)

ဘဘ ဦးထိန်ဝင်း - သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀)၏ အတ္ထုပ္ပတ္တိအကျဉ်း

ဈာပနမှတ်တမ်းမှ ကူးယူတင်ပြပါသည် - မိုးမခ - ဇွန် ၂၊ ၂၀၁၀

သာသနာ့ ဒါယကာကြီး ဘဘ ဦးထိန်ဝင်းကို သာသနာသက္ကရာဇ် ၂၄၅၆ မြန်မာသက္ကရာဇ် ၁၂၇၄ တော်သလင်း လဆန်း ၄ ရက် 
စနေနေ့ ၁၄-၉-၁၉၁၂ ညဥ့် ၇ နာရီခွဲတွင် မြောင်းမြမြို့ခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိရွာတဖက်ကမ်းရှိ သောင်တန်းကျေးရွာ၌ ဖွားမြင်သည်။

         မိဘများမှာ အဖ မြေတိုင်းစာရေးကြီး ဦးကျော်ဟန် အမိ ဒေါ်မေသန်းဖြစ်ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ၇ တန်းအထိ ပညာသင်ခဲ့သည်။  
ပဉ္စမတန်းစာမေးပွဲမဖြေဆိုရသေးမီ လပွတ္တာမြို့သို့ ဖခင်ပြောင်းရွေ့ရသဖြင့် လပွတ္တာမြို့ မြန်မာစာသင်ကျောင်းတွင် စာပေများဆက်လက်သင်ကြားရင်း လပွတ္တာမြို့တွင် တကြိမ်တခါမျှ မထူထောင်ဖူးသေးသော ‘သုသုဗောဓက’  စာဖတ်အသင်းကို ကူလီအခစားလုပ်၍ ကြိုးစားထူထောင်ခဲ့သည်။ ထို့ပြင် လပွတ္တာမြို့၌ အင်္ဂလိပ်စာသင်ကျောင်း တခုကိုလည်း ဖြစ်မြောက်အောင်ကူညီဆောင်ရွက်ခဲ့သည်။ ယင်းနောက် လပွတ္တာမြို့နယ် ကံဘက်ရွာ၌လည်း
‘ကုသလဝသီ’ စာဖတ်အသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲသူများနှင့် အသိမိတ်ဆွေမရှိသော ဧည့်သည်များ၏ နာရေးကိစ္စများကို တွင်းတူးမြေမြုပ်သည်အထိ ကူညီခဲ့သည်။
၁၉၃၄ တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ဆရာဒဂုန်နတ်ရှင်၏ ကူညီမူဖြင့် ဦးဗဂျီငို စတင်တည်ထောင်ထုတ်ဝေသော တိုးတက်ရေး မဂ္ဂဇင်းတိုက်တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၃၉ တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရိုက်နှိပ်ပြီးစီးခဲ့သည်။ စွန်းလွန်းဆရာတော်ဘုရား၏ အမေးအဖြေစာအုပ်များလည်း ရိုက်နှိပ်နိုင်ခဲ့ပြီးနောက် လောကုတ္တရာအတွက် ထူးခြားသော အတွေ့အကြုံများရရှိခဲ့သည်။
၁၉၅၄ တွင် ကုသလဝသီ စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး ၁၉၅၀ ပြည့်မှစ၍ ၁၉၆၃ ဒီဇင်ဘာလအတွင်း ရိုက်ကူးဖြန့်ချိပြီးသော ကျမ်းစာများမှာ -
၁။ စွန်းလွန်းဆရာတော် အမေးအဖြေ ၁၃၁၁ (၁၉၄၉ ပထမအကြိမ်၊ ၎င်းနောက် အကြိမ်ကြိမ်ရိုက်နှိပ်လှူဒါန်းခဲ့) 
၂။ အရှင်ဇနကာဘိဝံသဆရာတော်၏ ဗြဟ္မလသုတ် မြန်မာပြန် 
၃။ ပိဠိကတ်တော်သင်ရိုးအုပ်၂၀ ကို သန့်ရှင်းအောင် တည်းဖြတ်သုတ်သင်ပြီး သင်္ဂါယနာတင်အဖွဲ့သို့ ဝန်ကြီးချုပ် ဟောင်း ဦးနုမှတဆင့် လှူဒါန်းခဲ့ 
၎။ ပိဠိကတ်တော်များကို ဆရာဦးအောင်မိုး အကူအညီဖြင့် မြန်မာပြန်ဆိုခဲ့ရာ ဒိဃနိကာယ်၊ မဇ္စိုမနိကာယ်အထိပြီး
၅။ အတုမဲ့ချမ်းသာ 
၆။ မဟာဂန္ခာရုံဆရာတော်၏ သဂြိုလ်ဘာသာဌီကာ 
၇။ တရားဥပဒေတော်ကြီး 
၈။ သမညဖလသုတ် မြန်မာပြန် 
၉။ ဟိတောပဒေသ ပုံပြင် 
၁၀။ ဇနီးမောင်နှံ ရာသက်ပန် 
၁၁။ ရာဇဓမ္မသင်္ဂဟကျမ်း 
၁၂။ မင်္ဂလာပုံပြင် 
၁၃။ ကလေး ဗုဒ္ဓဝင် 
၁၄။ ကမ္မဌာန်းဘာသာဋီကာ 
၁၅။ ဘာသာသွေး 
၁၆။ မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့ 
၁၇။ စာဓလေ့ 
၁၈။ ရုပ်စုံ ဗုဒ္ဓသာသနာဝင် 
၁၉။ ဓမ္မဝိနယပြန်တမ်း 
၂၀။ မနောမယိဒ္ဓိကြေးမုံ 
၂၁။ ရတနာ့ဂုဏ်ရည် 
၂၂။ ကိုယ်ကျင့်အဘိဓမ္မာ 
၂၃။ အနာဂတ်သာသနာ 
၂၄။ မူလတန်းဘာသာရေး 
၂၅။ ဗုဒ္ဓနည်းဖြင့်ထူထောင်ကြစို့ စာတမ်းများ 
၂၆။ ရွှေကျင်နိကာယသာသနာဝင် 
၂၇။ ယောကီပါရဂူကျမ်း တို့ဖြစ်ကြပါသည်။
၁၉၅၈-၅၉ တွင် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆောင်ရွက်ခဲ့ရာ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားသဖြင့် အောင်မြင်ရန် ဝင်ရောက်ကူညီရင်း “မြန်မာပြည်ကို ဗုဒ္ဓသာသနာတော်၏အဆုံးအမဖြင့် ထူထောင်ခြင်းသာလျှင် အသင့်တော်ဆုံးဖြစ်ကြောင်း” စာရွက်စာတမ်းများ ရိုက်နှိပ်လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတည်ရှိနေခြင်းအတွက် အလွန်ဝမ်းမြောက်ဖွယ်ဖြစ်ပြီး ရှေးဆရာတော် သံဃာတော် များနှင့် ပုဂံခေတ် ရှင်အရဟံ အနော်ရထာ စသည် တိုင်းပြည်အတွင်း ဗုဒ္ဓဘာသာကို စနစ်တကျ ထူထောင်ပေးသွား ကြသော ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ဝမ်းမြောက်မိသည်။ 
(ဆဌသင်္ဂါရတနာတင် စတင်ကျင်းပစဉ်က ဝိုင်အမ်ဘီအေ အမည်ဖြင့် ဓမ္မဝိနယပြန်တန်း ရိုက်နှိပ်လှူဒါန်းခဲ့သည်။)
၁၉၆၀ (၁၂-၃-၆၀) စနေနေ့တွင် မနောမယိဒ္ဓိပညာကို လက်ခံယူခဲ့သည်။
၁၉၆၁ (၁၉-၈-၆၁) တွင် ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းတိုက်၌ မနောမယိဒ္ဓိပညာပြပွဲကြီး ကျင်းပခဲ့သည်။ 
ယင်းနောက် ကျုံမငေးမြို့ အထက်ပိုင်း စေတီတော်ကို ထီးတင်ခြင်း၊ ဘုရားကြီးတိုက်အတွင်း မိဘများ၏ သိမ်ကို ဘုရားနှင့်တကွ အဆောက်အဦပါ ပြုပြင်လှူဒါန်းသည်။
၅-၇-၆၃ တွင် ယောကီပါရကူကျမ်းကို ရိုက်နှိပ်လှူဒါန်းသည်။ မနောမယိဒ္ဓိကြေးမုံအမည်ဖြင့် စာတအုပ် ရေးသားနိုင်ခဲ့သည်။ 
၁၉၆၂-၆၃ တွင် ရွှေကျင်ဂိုဏ်း ဒသမအကြိမ်မြောက် အစည်းအဝေးအမီ ရွှေကျင်နိကာယသာသနာဝင် ကျမ်းစာကြီးကို ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ကောင်းမူဖြင့် ရိုက်နှိပ်လှူဒါန်းခဲ့သည်။ 
၁၉၆၃ တွင် ရန်ကုန် ၁၀၇ စိန်ဂျွန်းလမ်းနေအိမ်၌ တော်လှန်ရေးအစိုးရ၏ အထိန်းသိမ်းခံခဲ့ရသည်။ 
၁၉၆၄-၆၅-၆၆-၆၇ ခု၊ အောက်တိုဘာလအထိ ၄ နှစ်မျှ ထောင်အတွင်းနေခဲ့ရသဖြင့် ဗုဒ္ဓ၏ အဆုံးအမ သာသနာ တော်၏တန်ဖိုးကို ပိုမိုနားလည်သိရှိကာ ကံ ကံ၏ အကျိုးကို ပိုမိုသဘောပေါက်လာခဲ့သည်။ 
“ဗုဒ္ဓအလိုတော်ကျ မြန်မာပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံးလူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော်ဖြစ်နိုင်မည်။ ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချတကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ပိုမိုခိုင်မြဲစွာ ယုံကြည်လာခဲ့ပါသည်။” 
၁၉၇၃ တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော်အား ပဌာန်းတရားတော်ဟောကြားပေးရန် လျှောက်ထားခဲ့ရာ ၁၇ ရက်တိတိ ပဌာန်းတရား တော်ဟောကြားပေးတော်မူခဲ့သဖြင့် သာသနာတော်အတွက် အလွန်ကြီးကျယ်သော ကျေးဇူးတခု ဖြစ်ခဲ့ပါသည်။ 
၁၉၇၃ တွင် သရိုက်ရွာ ဘုရားနှင့်ရဟန္တာသိမ်ကို ပြုပြင်ရန် ဆရာတော်နှင့် တိုင်ပင်လျှောက်ထားခဲ့ပြီး ကျုံမငေး အိမ်ကို ရောင်းချကာ ပြုပြင်ပြီးစီးခဲ့သည်။ 
၁၉၈၀ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ရရှိခဲ့သည်။ 
၁၉၈၃ တွင် တစ်ဘဝသာသနာ အမည်ဖြင့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ သာသနာပြုပုံ အပြည့်အစုံ ပါဝင် သောကျမ်းစာအုပ်ကြီးကို စိတ်တိုင်းကျ ပြီးစီးထုတ် အောင်မြင်ခဲ့သည်။ 
၂၃-၉-၈၅ (၁၃၄၇ တောင်သလင်းလဆန်း ၉ ရက်) တနင်္လာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် တည်ထောင်ရန် မြေ စတင်ဝယ်သည်။ 
၂၃-၅-၈၆ ကဆုန်လပြည့်၊ သောကြာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် ဖွင့်လှစ်သည်။ 
၁၉၈၈ တွင် မင်္ဂလာဗျူဟာအသင်းတိုက်၌ သမဏကျော် စာတော်ပြန်ပွဲအတွက် သြဝါဒခံယူကျင်းပပြီး ၉-၁၂-၈၈ တွင် စာဆိုတော်နေ့တွင် မဟာဗျူဟာ သာမဏေကျော်စာတော်ပြန်ပွဲကို ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၌ စတင် ကျင်းပနိုင်ခဲ့သည်။ 
၉-၂-၉၀၊ ၁၃၅၁ တပို့တွဲလပြည့် မနောမယိဒ္ဓိပညာ စတင်တည်ထောင်သူ ဂိုဏ်းချုပ်ကြီး၏ အသက် နှစ် ၁၀၀ ပြည့်နှစ်တွင် ပုဂံတွင် မနောမယိဒ္ဓိ ဓမ္မာရုံတခု ဖြစ်မြောက်အောင် စတင်တည်ဆောက်ခဲ့သည်။ 
ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ ကျေးဇူးရှင် ကျမ်းစာကို တနှစ်တည်း ၄ ကြိမ်တိုင်တိုင် ရိုက်နှိပ်ပြီးစီး  အောင်မြင်ခဲ့သည်။ 
ဘဘ ဦးထိန်ဝင်းသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို တစိုက်မက်မက် ဆောင်ရွက်ခဲ့သည်။
(ဘဘ ဦးထိန်ဝင်းသည် ၂၀-၅-၂၀၁၀ ကြာသပတေး ည ၁၀:၃၀ တွင် ရန်ကုန်မြို့ Asia Royal ဆေးခန်းတွင် ကွယ်လွန်ခဲ့ပါသည်)
      ဘဘ ဦးထိန်ဝင်း၏ ဆုံးမခဲ့သော စကားများ … …
      အားလုံး စကားကိုရှင်းအောင်ပြောကြ၊ စည်းစည်းလုံးလုံးနေ။
      သရဏဂုံကို အသက်နှင့် ထပ်တူဆောက်တည်ပါ။
      ဗုဒ္ဓသာသနံစိရံတိဠတု အနာဂတေသာသနံလဇ္ဇီရက္ခိဿတိ
      တစတစ စွန့်ဝံ့မှသာလျှင် ဘဝနှောင်းနှောင်း ဆက်တိုင်းကောင်း၏

0 comments