In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

In the News

Powered by Blogger.

Biography

Writings

Latest Release

Sunday, January 22, 2017


ဂျူနီယာဝင်း၏ အင်္ဂလိပ်ဘာသာစာအုပ် Memory of My Grandparents ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိ
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇
၂၀၁၇ နှစ်ဆန်းတွင် ထုတ်ပြန်ကြေညာသော ၂၀၁၅နှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များထဲမှ ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိသည့် စာရင်းတွင် ဂျူနီယာဝင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် A Memory of my Grandparents စာအုပ်က အထုပ္ဗတ္တိစာပေ (အင်္ဂလိပ်) တွင် ဆုချီးမြှင့်ခြင်း ခံရသည်။
အဆိုပါ စာအုပ်သည် ၂၀၁၅ ခုနှစ် တွင် စာပေဇနီးမောင်နှံဖြစ်သော ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်အထိမ်းအမှတ် ထုတ်ဝေခြင်း ဖြစ်သည်။ သူတို့စာပေမောင်နှံနှင့် သူတို့၏ စာပေနှင့် နိုင်ငံရေးမိတ်ဆွေများ၊ မိသားစုသူငယ်ချင်းများ၏ ဖြတ်သန်းမှုများ အမှတ်တရများကို ဓာတ်ပုံများ ကောက်နှုတ်ချက်များနှင့် မြေးဖြစ်သူ  စာရေးဆရာမ ဂျူနီယာဝင်းက ၎င်း၏ ဘ၀အမြင်ကနေ ပြန်လည် စုဆောင်းရေးသား တင်ပြထားခြင်း ဖြစ်သည်။ ၂၀၁၅ ရာပြည့်နှစ် မေလတွင် အဆိုပါ စာအုပ်ကို ထုတ်ဝေခဲ့ပြီး အဆိုပါ ရာပြည့်အထိမ်းအမှတ်အဖြစ် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့နှင့် ခေတ်ပြိုင်စာပေမိတ်ဆွေများ၏ ဓာတ်ပုံများ ပြပွဲကိုပါ ကျင်းပခဲ့သည်။ ၎င်းနောက် ရာပြည့်ပြခန်းကို စီစဉ်ပြီး အဆိုပါ ဓာတ်ပုံများကို စုစည်းထားရှိခဲ့သည်။
အဆိုပါ စာအုပ်ကို ရန်အောင်စာပေက ထုတ်ဝေဖြန့်ချိခဲ့သည်။ မိုးမခမီဒီယာကလည်း စီစဉ်ထုတ်ဝေရာတွင် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၅ တွင် မေလတွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်း ထုတ်ဝေခဲ့ပြီးနောက် မြန်မာစာဖတ်ပရိသတ်အတွက် ၂၀၁၅ ဒီဇင်ဘာလတွင် မြန်မာဘာသာပြန်နှင့် ဆက်လက် ထုတ်ဝေခဲ့သည်။
စာရေးသူ ဂျူနီယာဝင်းက စာပေဆုရရှိခြင်းအတွက် အမှတ်တရ ကျေးဇူးစကားကို  သူ၏ ဖေ့စ်ဘွတ်တွင် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။
စာဖတ်ပရိသတ်များသို့
Junior Win’s A Memory of My Grandparents အင်္ဂလိပ်ဘာသာဖြင့် ရေးသားထွက်ရှိထားသော စာအုပ်သည် ၂၀၁၆ခုနှစ် ထွန်းဖောင်ဒေးရှင်း၏ အထုပတ္တိစာပေ (အင်္ဂလိပ်) တွင် ဆုရရှိကြောင်း သိရပါသည်။ ထိုစာအုပ်သည် အဘိုးအဘွားများ အမှတ်တရ ဖြစ်ကာ မိသားစုလုပ်အားဖြင့် ထွက်ရှိခဲ့တာဖြစ်တာကြောင့်လည်း မိသားစုစိုက်ထူခဲ့သော မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။ ယခုလို ထွန်းဖောင်ဒေးရှင်းက လူကြီးမင်းများက ထိုစာအုပ်ကလေးအား အသိအမှတ်ပြုဆုပေးခဲ့တာကိုမိသားစုမှ လွန်စွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါသည်။ ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ် တို့သည်လည်း သူတို့သားသမီးမြေးများနဲ့ ထပ်တူထပ်မျှ ကျေနပ်ဝမ်းသာနေကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုစာအုပ်ကလေး၏ စာမျက်နှာတိုင်းသည် မိသားစု၏ ကြိုးပမ်းမူများ အမှတ်ရစရာများ ဖြစ်နေတာကြောင့် ဤဆုသည် မိသားစုအားလုံးနဲ့ သက်ဆိုင်ရုံမက အဘိုးအဘွားများအတွက်လည်း သူတို့ကို ဂုဏ်ပြုမှတ်တမ်းပြုရာရောက်သော အမှတ်တရဖြစ်ပါသည်။
ဘဘကြီးမေမေကြီးတို့၏ ကျေးဇူးတရားအား ပို၍ သတိရလွမ်းဆွတ်လျက်။

Wednesday, October 19, 2016


Tin Moe and Maung Swan Yi (2006) - MoeMaKa
  မောင်စွမ်းရည် ● မန်းတက္ကသိုလ်ကျောင်းသား မောင်ဘဂျမ်း (၁) 
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

အညာကျေးလက်လူငယ်တွေဟာ စတုတ္ထတန်းအောင်ရင်၊ သတ္တမတန်းအောင်ရင်၊ ဒသမတန်း အောင်--၊ အဆင့် တဆင့်ဆင့်မှာ ကျောင်းထွက်ပြီး မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ စာရေး၊ စာချီ စသဖြင့် လုပ်ဖို့လောက်ပဲ ရည်မှန်းချက်ထားတဲ့ ခေတ်မျိုးမှာ တင်မိုး (ကိုဘဂျမ်း) လူလားမြောက် လာခဲ့တာပါ။ စာတွေဖတ်လို့မျက်စိပွင့်ပြီး ကျောင်းနေလိုစိတ်ပြင်းပြပေမဲ့ တက္ကသိုလ်ထိ မရည်မှန်းခဲ့ပါဘူး၊ မရည်မှန်းဝံ့ရှာပါ။
ကိုဘဂျမ်းဟာ ကန်မြဲဇဂျမ်းက ထွက်ပြေးပြီး ရေစကြိုမှာ ကျောင်းတက်ခဲ့ပါတယ်။ ဆွေမျိုးတွေဆီမှာ ချို့ချို့ငဲ့ငဲ့ ကျောင်းနေတယ်။ သူစာတော်တာကို ချစ်လို့ဆိုပြီး ဆွမ်းခံဘုန်းကြီး(သူ့အခေါ်ရခိုင်ဘုန်း ကြီး) ဆွမ်းခံလာတိုင်း မုန့်ဖို့ပဲဖိုးတွေ ပေးတဲ့အပြင် သူ့ သပိတ်ထဲက မုန့်ပဲသရေစာလေးများကိုလည်း စွန့်ကြဲခဲ့ တတ်ပါတယ်။ စာပေအနုပညာနဲ့ ပတ်သက်လို့ သူကြားဖူးသမျှ လုပ်တတ်သမျှကို ရေစီးကမ်းပြိုအကုန် လုပ်ချလိုက်တယ်။ နံရံကပ်စာစောင်၊ ကျောင်းမဂ္ဂဇင်း၊ ရေစကြိုသတင်းစာ၊ ပြဇာတ်က၊သီချင်းရေးစတာ တွေလုပ်တော့
ကျောင်းစာမေးပွဲအောင်မှ အောင်ပါ့မလား၊ အောင်ရင် တက္ကသိုလ် သွားမလားဆိုတာတွေ လုံးဝ မမျှော်မှန်းရှာပါဘူး။ ဒါပေမဲ့သူက ၁၀တန်းကို နှစ်ချင်းပေါက်အောင်လိုက်တယ်။
သူက အင်္ဂလိပ်စာ အခြေခံမကောင်းခဲ့လို့ အင်္ဂလိပ်စာ ကျမယ်ထင်တာ။ ဒါ့ကြောင့် ပခုက္ကူက ကျုရှင်ဆရာကြီး ဦးခင်မောင် ကြီးဆီမှာတောင် ကျူရှင်တက်ခဲ့သေးသတဲ့။ သူကပါဠိသဒ္ဒါ တအုပ်လုံး နှုတ်တတ်ရခဲ့သူဆိုတော့ အင်္ဂလိပ် စာသဒ္ဒါကိုသဘောပေါက်လွယ်တယ်။ သဒ္ဒါပိုင်းမှာရသွားတယ်။ ဒီလိုနဲ့အောင်ခဲ့တာ။ ကျားသားမိုးကျိုး မြန်မာစာဂုဏ်ထူးတဲ့။ တပြည်လုံးမြန်မာစာအမှတ်အများဆုံး။
အဲဒီကာလက ဆယ်တန်းစာမေးပွဲကို ရန်ကုန်တက္ကသိုလ်မှာ စစ်တယ်။ မြန်မာစာ ပါမောက္ခက မွေးခွန်းထုတ်တယ်။ မြန်မာစာမှူးချုပ် တာဝန်လည်း ထမ်းဆောင်ရတယ်။ မြန်မာစာ အဖြေလွှာထုတ်တွေ ခွဲဝေပြီး စစ်ကြတော့ မန္တလေးကောလိပ် (သီးခြား တက္ကသိုလ်မဖြစ်သေးဘူး) မြန်မာစာဌာနက ဆရာ ဦးမောင်မောင်တင်ရဲ့ လက်ထဲကို ရောက်သွားတယ်။ ဦးမောင်မောင်တင်က ဂန္ထလောကမင်းအောင် ကလောင်ဘွဲ့နဲ့ စာရေးနေတဲ့ မြန်မာမှု သုတေသန စာရေးဆရာပါ။ စာပေ၀ါသနာပါပြီး ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ထံ တပည့်ခံခဲ့တဲ့ မန္တလေးက(တဦးတည်းသောလို့ပြောရမယ့်) တက္ကသိုလ်မြန်မာစာ ဆရာပါ။ စာပေမှာ ခေတ်အမြင်ရှိချင်သူ တဦးလို့ ဆိုချင်တယ်။ သူက ကိုဘဂျမ်းအဖြေလွှာ စာအုပ်တွဲကိုင်ပြီး မြန်မာစာပါမောက္ခ (ဦးဧမောင်) ဆီကို ဂုဏ်ထူးပေးချင်ကြောင်း တင်ပြလိုက်တယ်။ မြန်မာစာမှာ အမှတ် ပေါင်း ၅၀-၆၀ကျော်နေရင် အထူးဂရုပြုစစ်ရတယ်။ ပေါင်းလိုက်လို့ ၆၈လောက် ရောက်သွားရင်ပြန်စစ်ရ တယ်။ ဂုဏ်ထူးပေးလို့ရလောက်တယ်ဆိုရင် စာစစ်မှူးချုပ်ဆီ တင်ပြရပါတယ်။ ဦးဧမောင်ကလည်း ခေတ်စမ်း စာပေခေတ်က မောင်သန့်စင်ဆိုတဲ့ စာရေးဆရာပဲလေ။ စာပေမြတ်နိုးတယ်။ ကိုဘဂျမ်းရဲ့စာစီစာကုံး ကိုဖတ်ကြည့်ပြီး လက်ဖျားခါတယ်။ စာမေးပွဲဥပဒေအရ ကူးယူဖြန့်ချိတာ မလုပ်ရပေမဲ့ မအောင့်နိုင်လို့ စံနမူနာပြရအောင်ဆိုပြီး ကူးယူထားလိုက်တဲ့အပြင် လက်သိပ်ထိုးဖြန့်ဝေလိုက်ပါသေးတယ်။ “အဲဒီ ကျောင်းသားကိုငါတို့မွေးရမယ်” လို့လည်း ဦးမောင်မောင်တင်ကိုမှာကြားပြီး တက္ကသိုလ်ရောက်လာမယ့် အချိန်ကို ဆီးကြိုစောင့်ရှောက်ဖို့မှာတယ်။
ဆရာကြီးဦးဧမောင်နဲ့ ဦးမောင်မောင်တင်တို့ဟာ မောင်ဘဂျမ်းရဲ့ခုံနံပါတ်တို့လည်း သူတို့ ကွယ်လွန်ခါနီး အထိအမှတ်ရကြတုန်းပဲ။ အဲဒီကာလက ပညာမင်းကြီးဆိုတာ အခြေခံပညာရေးဌာနမှာ အမြင့် ဆုံး၊ အကြီးဆုံးပေါ့။ ဒါပေမဲ့ ပါမောက္ခကြီးတွေက ပညာရှင်အဖြစ်နဲ့ ပိုပြီးသြဇာကြီးခဲ့ပါတယ်။ ဒါ့ကြောင့် ပညာမင်းကြီး ဦးသန်းအောင် နယ်ဆင်းမယ်ကြားတော့ ဦးဧမောင်က မှတ်မှတ်ရရမှာ ကြားတယ်။ ဒီခုံနံပါတ် ပိုင်ရှင် မောင်ဘဂျမ်းကို ရေစကြိုရောက်ရင် ရှာတွေ့ခဲ့ပါ။ တက္ကသိုလ် လာမလာ အခြေအနေစုံစမ်းခဲ့ပါ။ တက္ကသိုလ်တက်ဖြစ်အောင် တက်ပါစေ။ မြန်မာစာ ပါမောက္ခက ဆီးကြိုစောင့်မျှော်နေတယ်ပြောပါလို့ မှာကြားလိုက်ပါတယ်။
ပညာမင်းကြီး ဦးသန်းအောင်ကလည်း ပါမောက္ခကြီး မှာကြားတဲ့အတိုင်း တလေးတစားဆောင်ရွက်တယ်။ တိုင်းပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး (ပညာအုပ်) စသဖြင့် အဆင့်ဆင့် စုံစမ်းပြီး နောက်ဆုံး ကျောင်းအုပ်ဆရာကြီးက တဆင့် စုံစမ်းတော့ “တက္ကသိုလ်တက်နိုင်မယ် မထင်ဘူး၊ မြင်းခြံ ခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲ-ဇဂျမ်းက လာပြီးကျောင်းနေတာ၊ ခုပြန်သွားပြီး ရွာမှာပဲ မူလတန်း ကျောင်းဆရာ လုပ်နေပြီ ကြားပါတယ်” လို့ သတင်းပေးလိုက်ကြပါတယ်။ အဲဒီတော့ ပညာမင်းကြီး ကိုယ်တိုင်လား၊ တိုင်းပညာဝန်လားမသိ၊ တာဝန်ရှိပုဂ္ဂိုလ်ကြီး တဦးက တဆင့် စာပို့ခိုင်းပြီး အကြောင်းကြား လိုက်ပါသတဲ့။ မောင်ဘဂျမ်းဆီကိုလည်း ဒီစာက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသတဲ့။
မောင်ဘဂျမ်းကလည်း အဲဒီစာတွေ့ရတော့ “ကျုပ်လာပြီး မနောက်ကြနဲ့၊ ကျုပ်လို တောကြိုအုံကြား အညတြ ကျောင်းသားလေး တယောက်ကို အဲသလိုပုဂ္ဂိုလ်ကြီးတွေက စာရေးပြီးအကြောင်း ကြားပါ့မလား” ဆိုပြီး စာကိုတောင်လုံးထွေးလွှင့်ပစ်ခဲ့တယ်ဆိုလား။ ဒီလိုနဲ့ တက္ကသိုလ်သွားဖို့ ဘာမှမ လုပ်ဘူး။
မန္တလေးကောလိပ်က ဦးမောင်မောင်တင် ကလည်း သတင်း နားစွင့်နေသတဲ့။ မလာတော့ ရေစကြို က လာတဲ့ ကျောင်းသားတွေဆီကို မောင်ဘဂျမ်းနဲ့ သိကျွမ်းရင်းနှီးသူလိုက်ရှာသတဲ့။ စုံစမ်းတော့ မောင်ဘဂျမ်းက ရေစကြိုမှာမရှိ၊ တောင်သာမြို့နယ်က ကန်မြဲဇဂျမ်းရွာကို ပြန်ရောက်နေသတဲ့။ မောင်ဘဂျမ်းနဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေထဲက မောင်လှမောင်ဆိုတဲ့ ကျောင်းသားတယောက်ကို ဦးမောင်မောင်တင်က ခေါ်တွေ့တယ်။ ရိုးသားပုံလည်းရတယ်။ မောင်ဘဂျမ်းနဲ့ ရင်းနှီးပုံလည်းရတယ်။ (ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေလို့ ကိုဘဂျမ်းတို့က သူ့ကို အဖိုးကြီးလှမောင်လို့ခေါ်သတဲ့။)
သူ့ကို အကျိုးအကြောင်းပြောပြီး အခက်အခဲရှိရင်သုံးရအောင် မောင်ဘဂျမ်းအတွက်ပါ ခရီးစရိတ်ပေးလိုက်ပါသေးသတဲ့။ စာလည်းရေးလိုက် တယ်။ “ကျောင်းနေဖို့ အခက်အခဲရှိရင် ဘာမှမပူနဲ့ နေနိုင်အောင် ဆရာတို့ စီစဉ်ပေးမယ်၊ လိုက်ဖြစ်အောင် လိုက်ခဲ့ပါ” လို့ စာရေးမှာကြားလိုက်ပါတယ်။ နှုတ်ကလည်း တဖွဖွ ပြောဆို သင်ကြားပေးလိုက်တယ်။ မရ, ရ အောင် ခေါ်ခဲ့ရမယ်တဲ့။ ဒီလိုနဲ့ မောင်ဘဂျမ်းရဲ့သတင်းဟာ တောင်သာ၊ မြင်းခြံ၊ ရေစကြို၊ ပခုက္ကူတို့မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့ပါတယ်။
ဒီလိုဆိုတော့ မိသားစုတိုင်ပင်ကြရပါပြီ။ အထက်လူကြီးတွေက “ဆင့်ခေါ်တယ်” ဆိုတာမျိုးဟာ ငြင်းဆို ဖီဆန်ကောင်းတာမဟုတ်ဘူးလို့ တောသားတွေဟာ နားလည်ထားတယ်။ ခုဟာက ရာဇ၀တ်မှုလည်း မဟုတ်ဘူး။ အကောင်းခေါ်တာပဲ သွားရမှာပေါ့ လို့ ၀ိုင်းပြောကြတယ်။ လက်ရှိ ရွာသူကြီး ဦးချိုကလည်း သဘောကောင်းတယ်။ သူတို့အခေါ် ’ဆရာအို’ (ဦးတင်မိုးဘခင်) ကိုလည်း လေးစားတယ်။ ဦးဘအိုက သူတို့တီးဝိုင်း ခေါင်းဆောင်မဟုတ်လား။ မောင်ဘဂျမ်းကိုလည်း သားသမီးလို ချစ်ခင်ပြီးသား၊ သမီးနဲ့လည်း သူငယ်ချင်း၊ ကျေးရွာ စာကြည့်တိုက်တောင် သမီးနဲ့အတူ တည်ထောင်ခဲ့တာ မဟုတ်လား။ “ဆရာအို-လွှတ်လိုက်၊ စရိတ်စကလိုရင်လည်း ကျုပ်တို့ပါဝိုင်းမယ်။ ဒါက ရွာမှာရှိတဲ့ကိစ္စပဲ” ဆိုပြီး အားပေးတယ်။ ဒီလိုနဲ့ မောင်ဘဂျမ်း တယောက် မမျှော်လင့်ဘဲ ယောင်ချာချာနဲ့ တက္ကသိုလ်ရောက်လာခဲ့တယ်။
ဆရာဦးမောင်မောင်တင်က မောင်ဘဂျမ်းကို တွေ့လျှင်တွေ့ခြင်း ရိုးသားတဲ့ ရုပ်လက္ခဏာကိုကြည့်ပြီး သဘောကျတယ်။ ငါတို့ပုံသွင်းလို့ရမယ့် ကလေးပဲလို့လည်း ယုံကြည်တယ်။ ကြိုတင် ကတိပေးထားတဲ့ အတိုင်း သူကျောင်းနေဖို့ကို စီစဉ်တယ်။ အဲဒီကာလက စိန်ပီတာကျောင်း၊ စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းတို့နဲ့အပြိုင် ကျူရှင်ကျောင်းကြီးတွေဟာ နိုင်ငံကျော်အောင် ထွန်းကားကြီးပွားနေတဲ့ ခေတ်ပေါ့။ ပွဲကုန်းဦးလှဖေဆိုတာ မန္တလေးမြို့ရဲ့ မျက်နှာဖုံး၊ ဖ.ဆ.ပ.လ အမတ်ပေါ့။ (နောင်-တည်မြဲအမတ်)။ ဖဆပလဌာနချုပ်က ဗိုလ်ခင်မောင်လေးဆိုတာ မန္တလေးသားပေကိုး။ ဦးလှဖေက ဖ.ဆ.ပ.လ ဗိုလ်ခင်မောင်လေးတို့၊ ဦးကျော်ငြိမ်းတို့ရဲ့ အထက်ဗမာနိုင်ငံ လက်ရုံး။ သူက ဦးစီးပြီးတည်ထောင်ထားတဲ့ ပွဲကုန်းအလွတ်ပညာ သင်ကျောင်းဆိုတာ မြို့လယ်မှာမဆန့်လို့ မြို့ရှေ့(နန်းရှေ့)မှာ ဧရာမဘော်ဒါဆောင်ကြီးတွေ စာသင် ဆောင်ကြီးတွေ ဆောက်လုပ် ဖွင့်လှစ်ထားရတာကလား။ ဘော်ဒါဆောင်တွေမှာ နယ်ကလာထားတဲ့ တောသူဌေးသားတွေနဲ့ အပြည့်အကျပ်ပေါ့။ မြင်းခြံ၊ မုံရွာ၊ မိတ္ထီလာ၊ မြစ်သား၊ ကျောက်ဆည်၊ မတ္တရာ စတဲ့ အရပ်တွေက ဖ.ဆ.ပ.လ ခေါင်းဆောင်တွေ၊ အမတ်တွေ၊ သူကြီးတွေရဲ့သားသမီးတွေအကုန်လုံး စုပြုံ ရောက်နေကြတာ သိပ်ပြီးစည်ကားနေတဲ့အချိန်။
ဆရာကြီးဦးလှဖေက လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ အဆောင်မှာ ထမင်းကျွေးမယ်။ တလ ၁၀၀ ပေးမယ်။ ဘော်ဒါဆောင်မှာပဲ နေပြီး ကျောင်းသားတွေ ညစာကျက်ချိန်မှာ စာကြည့်ခန်းထိပ် စားပွဲမှာ နှစ်နာရီလောက် ထိုင်ပေးရုံပဲ၊ စာမသင်ရဘူး။ နေ့မှာ လွတ်လွတ်လပ်လပ် ကျောင်းတက်ရုံပဲ။ မနက်စာကို ထမင်းကြော်နဲ့ကော်ဖီ၊ လက်ဖက်ရည်ပေးမယ်။ နေ့လယ်စာ၊ ညစာ အဆောင်မှာစားရမယ်။ တခါတရံတော့ စိတ်ကူးရတဲ့အခါ စံပြစာစီ စာကုံးလေးတွေရေးပေးပါ။ ဂုဏ်ထူးရတဲ့ စာစီစာကုံးကိုပဲ ပြန်ရေးပါဆိုပြီး စံနမူနာအဖြစ် သူ့ ကျောင်းမှာ ဝေတယ်။ တကယ်က ပြန်ရေးစရာတောင် မလိုဘူး။ ဦးမောင်မောင်တင်က ကူးယူခဲ့ပြီးသားပါ။ မောင်ဘဂျမ်းကလည်း ဉာဏ်ကောင်းတော့ သူ့စာစီစာကုံး "ဆောင်းနှောင်းရာသီ" ဆိုတာကို ထပ်တူထပ်မျှလောက် တူအောင် ပြန်ရေးပေးနိုင်တယ်။
ဒီလိုနဲ့ မောင်ဘဂျမ်း ဟာ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆိုသလို ကံကော်လို့ ခြုံပေါ်ရောက်သွားပါလေရော။ မန္တလေးကောလိပ် ကျောင်းသားကြီး မောင်ဘဂျမ်းဖြစ်သွားခဲ့ပြီ။ သခင်သိန်းဖေ(မြင့်)ကိုဗဟန်းတို့ ၊မအမာတို့၊ မအုန်းတို့ကို မွေးထုတ်ပေးခဲ့တဲ့ကျောင်းမှာ ကျောင်းသားကြီးဖြစ်သွားပြီ။ ဘုန်းကြီးကျောင်းထက်ကြီးတဲ့ သုံးထပ်အုတ်ကျောင်းကြီးမှာ ကျောင်းတက်ရပြီး၊ သူမြင်ဖူးသမျှ စာကြည့်တိုက်တွေထက် အဆတရာလောက်ကြီးတဲ့ စာကြည့် တိုက်ကြီးက ဟိန်းလို့။ "ရာဇတ်ခန်းမ"တဲ့။ အဲဒီအပေါ်ထပ်မှာ စာကြည့်တိုက်က တည်ထောင်ဆဲ။ နံရံကပ် စာစောင်တွေကလည်း ရောင်စုံဖြာလို့။ နေ့စဉ်ကြည့်လို့မ၀နိုင်ဘူး။
နန်းရှေ့ပွဲကုန်းကျောင်းမှာ တောင်သာ သား ဦးညိုကြီးဆိုတဲ့ အသားညိုညို၊ အညာသားဟန် အပြည့်နဲ့ ပြူးတူးပြဲတဲ ကျောင်းဆရာတယောက်နဲ့ ဦးလှဖေက မိတ်ဆက်ပေးတယ်။ တောင်သာသားဆိုတော့ ရပ်ဆွေ ရပ်မျိုးပဲဆိုပြီး ချက်ခြင်းယုံကြည်ခင်မင်သွာတယ်။ အဲဒီဦးညိုကြီးကပ် သူ့ကိုနေရာချပါတယ်။ ဦးညိုကြီးဆိုတာ ဘော်ဒါအုပ်ဆိုတော့ နယ်တကာက ကျောင်းသားတွေကို အုပ်ချုပ်ရတာမဟုတ်လား။ ကြိမ်လုံးကို လက်ကမချဘဲ၊ မျက်နှာထား အမြဲတင်းထားရှာပါတယ်။ ကိုဘဂျမ်းကတော့ လူကဲခတ်မညံ့ပါဘူး။ ကိုညိုကြီးကို သဘောကောင်းတဲ့ သူငယ်ချင်းအဖြစ်ပဲ မှတ်ယူလိုက်ပါတယ်။
မောင်ဘဂျမ်းမှာ အခက်ကြုံရတာက စက်ဘီးမစီးတတ်တာပါပဲ။ ကောလိပ်ကျောင်းနဲ့ သူ့နေရာနဲ့က မန္တလေးမြို့ ရဲ့ တောင်ဖျားနဲ့ မြောက်ဖျားလိုဖြစ်နေပြီး မြို့ ရိုးသုံးပြန်စာလောက် ဝေးလံတာမဟုတ်လား။ ဘတ်စ်ကားလည်း မရှိ။ စမိပေါ့ဆိုတော့ ဆုံးအောင်လုပ်ပေးရတော့မှာပေါ့။ ဆရာဦးအောင်တင်ကပဲ ဟိုး မြို့ အနောက်ပိုင်း ပွဲကုန်ရပ်ထဲကနေပြီး နန်းရှေ့မဲကုန်း ဘော်ဒါဆောင်ကိုလာ၊ မြန်မာစာကူညီပြ။
ပြီးတော့ မောင်ဘဂျမ်းကို တက္ကသိုလ်ရောက်အောင် တနာရီလောက်နင်းပေတော့။ ကိုယ့်အတတ်နဲ့ကိုယ်ဆူး၊ ကိုယ့်ရှူးကိုယ် ပတ်ဆိုတာလို ဖြစ်နေတာပေါ့။ မောင်ဘဂျမ်းဆိုတာက စက်ဘီးကို လုံးဝမစီးဖူးတာ။ ရှေ့ကလည်းမထိုင်တတ်။ နောက်ကဆို ပိုပြီးဆိုးသေး။ ရှေ့ကထိုင်ရင် လက်နှစ်ဖက်နဲ့ ရှေ့ကလက်ကိုင်တန်းကို စုံ ကိုင်ဆုပ်ပြီး လူကခါးမတ်၊ နောက်ပြန်ကော့နေတာ။ ဆရာက ပုသေးသေးဆိုတော့ သူ့ကိုဦးခေါင်းနဲ့ ကိုယ်မျက်နှာနဲ့ကပ်ပြီး မွမ်းကြပ်နေတာ။ တခါတရံတော့ သူ့ကိုဘဂျမ်းလို ဘော်ဒါကျောင်းသားတွေ စာကြည့်ခန်းစောင့်ရတဲ့ တခြားဆရာပေါက်စလေးတွေရဲ့ စက်ဘီးပေါ်တင်လွှတ်ရတယ်။ မောင်ဘထွန်းဆိုတဲ့ ဆေးကျောင်းသား၊ နောက်တယောက်က ကိုခင်မောင်ဒွေး သူတို့နဲ့မိတ်ဖွဲ့ပေးထားရတယ်။ သူတို့ကလည်း ကိုဘဂျမ်းကို ခင်မင်ကြပါတယ်။ ရာသက်ပန်သူငယ်ချင်းတွေပါပဲ။
စပ်မိတုန်း တင်မိုးနဲ့ စက်ဘီးအကြောင်းကို တဆက်တည်းပြောပါရစေ။ တင်မိုးက စက်ဘီးမစီးတတ်တော့ သူများ ရှေ့ ကထိုင်စီးလေ့ရှိလို့  တချို့ က သူ့ ကို "ရှေ့ နေလူတန်စား"လို့  ခေါ်တာမျိုးရှိခဲ့ပါတယ်။ ကသာဝင်းကြွယ် ခေါ် ခင်မောင်ဝင်းက အဲသလိုခေါ်လေ့ရှိတာကို မှတ်မိနေပါတယ်။ ကျနော်တို့ တတွေ စာပုံနှိပ်စာအုပ်တွေ၊ မဂ္ဂ္ဂ္ဂင်ဇင်းတွေရိုက်ကြတော့ ဆရာဦးမောင်မောင်တင်ဆက်သွယ်ပေးတဲ့ ပွဲကုန်းရပ်ထဲက "တက်နေလင်း" ပုံနှိပ်တိုက် ကို သွားရိုက်ရတဲ့အခါ အလွန်ဝေးပါတယ်။ မြို့လယ်ရှိ ဈေးချိုနာရီစင်ကနေ အနောက်ကို တမိုင်လောက်သွား ရသေးတယ်။ အသွားကျ အဆင်းမို့ မထောင်းသာပေမဲ့ အပြန်ကျတော့ အတက်မို့ အလွန်ပင်ပန်းပါတယ်။
တခါတရံ သူက ဆာလို့ရှိရင် ဘန်းမုန့် (Ban) နို့ဆမ်းချိုချိုကလေးကိုမှ စားချင်တာဆိုတော့ သူစားနေ ကျဆိုင်ကို လိုက်ပို့ပါလို့ ပူဆာတတ်သေးတာ။ ရောက်နေတဲ့နေရာနဲ့ သူသွားချင်တဲ့နေရာတို့ရဲ အကွာအဝေးကို သူကမှန်းဆတတ်တာမဟုတ်ဘူး။ သူ့ဆိုင်က မီးရထားဘူတာကြီးရဲ့ အရှေ့ ဘက်လမ်းနဲ့ “အေ” လမ်းဆုံရာထောင့်က "အရွှေ"တို့ဆိုင်ပါ။ "အရွှေ"ဆိုတာ သူနာမည်ပေးထားတဲ့ ဆိုင်ရှင်တရုတ်မလေးရဲ့အမည်ပါ။ (“ကျောက်ပန်းတောင်းဂိတ်ဆုံး ပက်လက်လန်” ဆောင်းပါးမှာ ဒီအကြောင်းရေးထားတယ်။)
ကျနော်က တခါတလေ စက်ဘီးနင်းရတာ ပင်ပန်းရင် သူ့ကို “နောက်က ထိုင်ဦးဗျာ၊ နောက်ကထားပြီး နင်းရတာ သက်သာတယ်” လို့ပြော ပြီး နောက်ကိုပို့ပါတယ်။ သူလည်းနောက်က ယိုင်တိယိုင်တိုင်စီးပြီး လိုက်လာတယ်။ တခါတရံ ကျနော်က လမ်း ဘေးကိုကပ်ပြီး ဓာတ်တိုင်တို့၊ ဘာတို့နဲ့ သူ့ခြေထောက်မလွတ်အောင် ပွတ်သပ်နင်းတတ်ပါတယ်။ တခါတလေ ကားနင်းထားတဲ့ ခွေးသေ၊ ကြွက်သေပေါ်ဖြတ်နင်းသွားရင် သူ့ခမျာ ငယ်သံပါအောင်အော်တတ် ပါတယ်။။ သူကသွေးတို့၊ ဘာတို့ကို မကြည့်ရဲဘူးလေ။
နောက်နှစ်ရွာပြန်တော့ စက်ဘီးစီးသင်ပြီး စက်ဘီးဟောင်းတစီး ၀ယ်လာခဲ့ပါတယ်။ သော့မပါတော့ အဆောင်မှာရပ်ထားရင် လူတိုင်းကဆွဲယူသွားတတ်ပါတယ်။ လူတိုင်းက သူနဲ့ခင်ပြီး၊ သူ့ဘီးမှန်းလည်းသိနေကြ တာကိုး။ သိပ်မကြာပါဘူး။ ချိန်းဖုံး၊ ဘီးကာ၊ ခြေနင်းတုံး၊ လက်ကိုင်စွပ်တွေ ဘာမှမကျန်အောင် ကျွတ်ထွက်ကုန် ပါတယ်။ ဘီးပေါက်လို့ပစ်ထားလည်း တယောက်ယောက် ဆွဲဖာတာ တွေ့ရတတ်ပါတယ်။ ရွှေပြည်အေ အဆောင်က wဆောင်လုံးရဲ့ဘုံစက်ဘီးအဖြစ် အထူးကျော်ကြားတဲ့ စက်ဘီးတစီးပါပဲ။ တနှစ်ပဲသုံးလိုက်ရပြီး ဘယ်ရောက်သွားမှန်းတောင် မသိလိုက်ရပါဘူး။ အဲဒါကဗျာဆရာကြီးရဲ့ စက်ဘီးပါခင်ဗျား။
မောင်ဘဂျမ်း တက္ကသိုလ်ရောက်တဲ့နှစ်မှာ အရင်နှစ်က (၁၉၅၆ ခုနှစ်က) တက္ကသိုလ်ဝင်တန်းအောင်ပြီး မြန်မာစာဂုဏ်ထူးချိတ်ခဲ့တဲ့ မုံရွာကကျောင်းသား မောင်သိန်းနိုင်ဆိုသူလည်း ရောက်လာတယ်။ သူလည်း မူလတန်းကျောင်းဆရာလုပ်နေရာက ငွေစုပြီးကျောင်းပြန်တက်ရတာ။ သူကအိမ်ထောင်နဲ့ ကလေးတွေနဲ့ပါ။ သူ့ဇနီးကလည်း ကျောင်းဆရာမ၊ ဆရာအတတ်သင် သင်တန်းဆင်းပါ။ ၇ တန်းအောင်ပြီး ဆောင်းဒါး ရက်ကန်းကျောင်း ရက်ကန်းသင်တန်းတက်ရင်း တွေ့ဆုံခဲ့ကြတာလို့ ကျနော် မှတ်ထားမိဖူးပါတယ်။ ဆရာဦးမောင်မောင်တင်ကတော့ မန္တလေးကောလိပ်မှာ မြန်မာစာထူးချွန်သူတွေ စုမိပြီကောရယ်လို့ အထူးအားတက်ဝမ်းသာနေပါ တယ်။ မကြာခင် ဒီဂရီကောလိပ်ကနေ သီးခြားတက္ကသိုလ်ကြီးဖြစ်တော့မှာမို့ လူတော်တွေမွေးထုတ်ဖို့လည်း စိတ် အားထက်သန်နေပါတယ်။ တက္ကသိုလ်ကျောင်းအုပ်ကြီးကိုလေးကလည်း ခေတ်စမ်းစာဆို မြကေတု (မြန်မာစာ ပါမောက္ခဦးချမ်းမြ)နဲ့ ဆရာဦးမောင်မောင်တင်တို့ကို အားထားပါတယ်။ ကျောင်းအုပ်ကြီးဦးကိုလေးက အာဇာနည် ဦးရာဇက်မွေးထုတ်ခဲ့တဲ့ မျိုးချစ်စိတ်ထက်သန်သူတဦးဖြစ်ပြီး မန္တလေးသီးခြားတက္ကသိုလ်ဖြစ်ရေးကို အထူး ရည်မှန်းချက်ထားသူ ဖြစ်ပါတယ်။
ဦးမောင်မောင်တင်က သူ့တပည့်မောင်ဘဂျမ်းနဲ့ မောင်သိန်းနိုင်တို့ကို ၀ဲယာထားပြီး ၀ံ့ကြွားစွာနဲ့ မြန်မာ စာဌာနထဲကို ၀င်ခဲ့ပါတယ်။ ၀င်ခါနီးမှာ မောင်ဘဂျမ်းရဲ့ဖိနပ်ကိုငုံ့ကြည့်မိတော့ စုတ်ပြတ်နေတယ်။ ခဏရပ်ဦးဆို ပြီး မလှမ်းမကမ်းက ဆိုင်မှာ ကတ္တီပါသဲကြိုးတပ် စောင်းကောက်တံဆိပ် ဖိနပ်တရံကို မောင်ဘဂျမ်းရဲ့ခြေ ထောက်နဲ့မှန်းဆပြီး နီးရာ သူ့တပည့်တဦးကို ၀ယ်ခိုင်းလိုက်ပါတယ်။ ၀ယ်လာပြီးစီးခိုင်းတော့ မောင်ဘဂျမ်းနဲ့ အတော်ပါပဲ။ ၀င်ကြမယ်ဆိုတော့ မောင်ဘဂျမ်းက သူ့ဖိနပ်ဟောင်းလေးတွေကို ကောက်ပြီးယူခဲ့တော့၊ ဆရာ ဦးမောင်မောင်တင်က “ဟဲ့ မယူခဲ့နဲ့…” ဆိုပြီး ဆွဲလွှင့်ပစ်လိုက်ခဲ့ပါတယ်။ မောင်ဘဂျမ်းကတော့ သူ့ဖိနပ်အဟောင်း လေးကို သံယောဇဉ်မပြတ်ရှာ။ ပြီးမှကောက်ယူခဲ့ပြီး အိမ်မှာအကြမ်းစီးတယ်။ ဆရာဝယ်ပေးတာကို လူထဲ သူထဲသွားမှ စီးမယ်ပေါ့။
အဲဒီအခါမှာ မောင်သိန်းနိုင်က ဆာလာအိတ်ဆိုတဲ့ အိတ်ကြီးမျိုးနဲ့ ပစ္စည်းတွေ တနင့်တပိုး ထမ်းလာတယ်။ ဆရာကြီးတွေကို လက်ဆောင်ပေးဖို့များလား။ အဲထဲက ပစ္စည်းတွေက မောင်သိန်းနိုင် ဟန်နဲ့မာန်နဲ့ လွှဲလိုက်တိုင်း "ကလောက်ကလောက်" နဲ့ မြည်နေကြလေရဲ့ ၀င်လာကတည်းက မနေနိုင်လို့ စပ်စု ကြည့်လိုက်မိတယ်။
"အဲဒါဘာတွေလဲဗျို့ ကိုသိန်းနိုင်"။
"ကိုဘဂျမ်း - ခင်ဗျားအဲဒါတွေ မယူခဲ့ဘူးလား။ ကျနော်မုံရွာမှာ စာစီစာကုံးပြိုင်ပွဲတွေမှာရော၊ ဦးသိန်းဖေမြင့် စာပေဆုတွေရော၊ နှစ်တိုင်းဝင်ပြိုင်လို့ရတဲ့ ဒိုင်းဆုတွေ၊ ဖလားတွေ၊ တံဆိပ်တွေ အကုန်ယူလာခဲ့တယ်။ ဆုလက်မှတ်တွေကတော့ လွယ်အိတ်နဲ့ယူခဲ့တယ်။ ခင်ဗျားရောမပါဘူးလား"လို့ ပြန်မေးတယ်။
မောင်ဘဂျမ်းက အံ့အားသင့်သွားသတဲ့။
"အဲဒါတွေယူ ခဲ့ရသလား။ ကျနော့်မှာတော့ ရှိလည်းမရှိဘူး။ ဘာမှမပါဘူး"လို့ ပြန်ဖြေသတဲ့။
မောင်သိန်းနိုင်ကတော့ ၀င့်ကြွားတဲ့မျက်နှာ နဲ့ မျက်မှန်ကြီးက ၀င်းဝင်းနဲ့ တော်တော် အထင်ကြီးစရာ ကောင်းတာကိုး။
အခုတခေါက်လား၊ နောက်သီးခြားအခေါက်လားမသိဘူး၊ ကိုဘဂျမ်းကို မိဘကိုယ်တိုင်ကျောင်းအပ်ဖို့ လိုမလား။ တချို့က ဆရာကြီးဆီကို အုန်းငှက်ပျောတွေနဲ့ဝင်ကန်တော့ပြီး မိဖကိုယ်တိုင်  ကျောင်းအပ်ကြသတဲ့။ မယုံမရှိပါနဲ့။ ကိုမြသီးဆိုတဲ့ ရွှေဘိုက ကျောင်းသားကြီး တယောက်၊ သူက အလေးမသမား၊ နောင်အခါ တက္ကသိုလ်မောင်ဘွဲ့ရမယ့် အလောင်းအလျာပေါ့။ အဲဒီလောက် ကြီးမားထွားကျိုင်းတဲ့ ကျောင်းသားကြီးကို သူ့ဖခင်ကလက်ဆွဲပြီး ကျောင်းအုပ်ဆရာကြီးအခန်းထဲမှ ကန်တော့ခိုင်းသတဲ့။
"ဆရာကြီးရယ် ကျုပ်သားမလိမ္မာရင် ရိုက်ဆုံးမပါ၊ မကျိုးမကန်းပြီးပါရော၊ ကျုပ်တို့လည်း ရပ်ဝေးကဆိုတော့ ခဏခဏမလာနိုင် ဘူး။ ဆရာကြီးကိုပဲ အပြီးအစီးအပ်ပါတယ်” ဆိုပြီး ကျောင်းအပ်ခဲ့ပါသတဲ့။
ကျနော်တို့ အညာမှာ ဒါကတကယ့် အဖြစ်အပျက်ပါ။ ပြောစမှတ်ပြုရပါတယ်။ မောင်ဘဂျမ်းရဲ့ဖခင် "ဆရာအို"ကလည်း လိုက်လာတယ်။ မောင်ဘဂျမ်းကလည်း စိုးရိမ်တယ်။ ပါမောက္ခဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ရှေ့မှာ ပြောမှားဆိုမှားဖြစ်မှာဆိုးလို့" အပြင်မှာ ကြိုတင်ပြီး ဇာတ်တိုက်သလို(ရီဟာဇယ်လ်) လုပ်တယ်။
"အဖေ၊ ပါမောက္ခကြီးရဲ့ ရှေ့မှာ ခြေထောက်နှစ်ဖက် စုံချပြီးထားပါ။ ဒူးနှစ်ဖက်ပေါ်မှာ လက်နှစ်ဖက်ကို ညီညီညာညာတင်ထားပါ။ ပါမောက္ခကြီးရဲ့ဘက်ကို မျက်နှာလှည့်ပြီး၊ သူမေးသမျှကို နားစွင့်ထားပါ။ မဖြေတတ် ရင် အသာနေ၊ ကျုပ်ဖြေမယ်"ဆိုပြီး ထိုင်ပုံထိုင်နည်းကို သေသေချာချာ သရုပ်ပြထားပါတယ်။ ဒါတွေက ကိုဘဂျမ်း ကျနော့် ကို ပြန်ပြောပြတာပါ။
ဆရာဦးမောင်မောင်တင်က ကျနော့် ကိုလည်း သားတပည့်ရင်းလို ခင်မင်သူပါ။ ကျနော်က သိပံ္ပကျောင်းသားဖြစ်ပေမယ့် သူ့အိမ်မှာ ၀င်စေထွက်စေ၊ စားစေသောက်စေ အမြဲတံခါးဖွင့်ထားပါတယ်။ ကျနော့်ကို ကိုဘဂျမ်းသားအဖရဲ့အမူရာကို သရုပ်ပေါ်အောင် ဆရာတင်ကပြန် ပြောပြဖူးပါတယ်။ ခဏခဏပြောပြတာပါ။ ဒီအကြောင်းတွေကို လူထုဦးလှဒေါ်အမာတို့ကို လာပြန်ပြောပြ ပါတယ်။ ဆရာတင်က ဒီလိုပြောပြပါတယ်။
မောင်ဘဂျမ်းတို့သားအဖေက အတူယှဉ်ပြီးတော့ ဆရာကြီးဦးချမ်းမြေ့ရှေ့မှာ ထိုင်ပါတယ်။ နှစ်ယောက် လုံးက လက်နှစ်ဖက်စုံချ၊ ဒူးပေါ်ထောက်ပြီး ခြင်္သေ့ထိုင် ထိုင်ကြပါတယ်။ လုံးဝနေရာမပြင်ဘဲ တောင့်တောင့်ကြီး တွေထိုင်ပါတယ်။ ဆရာက မိတ်ဆက်ပေးရတယ်။ ဒါကမောင်ဘဂျမ်းရဲ့ဖခင်ပါလို့။
ဆရာချမ်းကလည်း…"သြော် ဟုတ်လား။ နာမည်ဘယ်လို ခေါ်ပါသလဲ"လို့မေးတယ်။
မောင်ဘဂျမ်းရဲ့အဖေကြီးက ပါးစပ်ကြီးဟပြီး မျက်နှာ ကြီးပြုံးလို့ မောင်ဘဂျမ်းဘက်ကို လှည့်ကြည့်တယ်။
မောင်ဘဂျမ်းက ၀င်ဖြေတယ်။ "ဦးဘအိုပါခင်ဗျ"တဲ့။
"ရွာက လာရတာလား၊ ရွာနာမည်ဘာရွာတဲ့လဲ"လို့ ဆရာချမ်းက ဆက်မေးတယ်။
မောင်ဘဂျမ်းရဲ့အဖေက သား ဘက်ကို ပါးစပ်ဟောင်းလောင်းကြီးနဲ့ လှည့်ကြည့်တယ်။ မောင်ဘဂျမ်းက "ကန်မြဲ-ဇဂျမ်းရွာပါခင်ဗျ"လို့ဖြေ တယ်။
"ဘယ်တုံးကရောက်သလဲ"လို့ ဆရာချမ်းကမေးပြန်တယ်။
မောင်ဘဂျမ်းရဲ့အဖေက ပါးစပ်ကြီးဟပြီး မောင်ဘဂျမ်းဘက်လှည့်ကြည့်ပြန်တယ်၊ ဘယ်လိုလဲပေါ့။
“တမြန်နေ့ကရောက်လာတယ်ခင်ဗျ"လို့ သားလုပ် တဲ့လူက ဖြေတယ်။
အဲဒီလိုနဲ့ကွယ်၊ သူတို့သားအဖေ မေးကြ၊ ဖြေကြတာ။ သူ့အဖေက ပါးစပ်ကြီးဟပြီး သား ဘက်လှည့်လိုက် (သားကဖြေလိုက်)နဲ့။ ဆရာချမ်းလည်း ရပ်ချင်လာပုံရပါတယ်ကွယ်။ ကဲကဲ - လိုသမျှအကူ အညီကို ဆရာဦးမောင်မောင်တင်ကိုပြောပါ။ နောင်လည်း - လာပါလို့ပြောပြီး မိတ်ဆက်ပွဲကို အမြန် အဆုံးသတ်လိုက်တော့တာလို့ ဆရာတင်ကပြောပြတာပါ။
ဆရာ့မှာ သူ့တပည့်ကျော်တွေရဲ့ ပုံပြင်တွေအများကြီးရှိပါ တယ်။ ဆရာရေးမယ်ဆိုရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ကျနော့် အကြောင်းကိုတောင် "ကိုစွမ်းရည်လေးက - ကိုစွမ်းရည်လေးက-နဲ့ အစချီပြီး သူများကို ပြောပြတာတွေရှိပါတယ်။ ကျနော်တို့လို တပ်ဦး-တကသ ကျောင်း သားတွေကို ဆရာမို့ အရောတ၀င်ပေါင်းရဲတာပါ။
အဲဒါ မောင်ဘဂျမ်းကို ကျောင်းအပ်ပွဲပါ။
မောင်စွမ်းရည်
(ဆက်လက်ဖော်ပြပါမည်။)

Tuesday, February 16, 2016

 လှကျော်ဇော - အသက် (၁၀၀) ပြည့်သွားပြီဖြစ်တဲ့ လက်သီးပုန်းသခင်ဗတင်
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆


ဗမာပြည်ရဲ့လွတ်လပ်ရေး လှုပ်ရှားမှု အရေးတော်ပုံအတွင်းက အမျိုးသားရေးအဆင့် ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့  တို့ဗမာအစည်းအရုံးဝင်၊ သခင်ဗတင် (ဗိုလ်ကြီးဗတင်) ဟာ၂၀၁၆-ဖေဖော်ဝါရီ (၁၆)ရက်နေ့မှာ အသက်(၁၀၀) ပြည့်ပါတယ်။

ဒါကို ဂု ဏ်ပြု-ဂါရဝပြုတဲ့အနေနဲ့ ဒီဆောင်းပါးကိုရေးသားပါတယ်။

အသက်(၉၀)ကျော် အိုမင်းမစွမ်းဖြစ်လာနေတဲ့ ဖခင်ကြီးကို မခွဲမခွာ အနီးကပ် ပြုစုစောင့်ရှောက်ပြီးနေနေရတဲ့ ကျွန်မကို မိတ်ဆွေ အပေါင်းအသင်းရောင်းရင်းများက အားကျစကား ဆိုခဲ့ကြဖူးပါတယ်။

နှစ်ရာစုဝက်ကျော် စစ်အာဏာရှင် စနစ်အောက်က ဗမာပြည်ကြီးအတွင်း နိုင်ငံရေးမုန်တိုင်းကလည်း အလွန်ပြင်းထန်ခဲ့တာကိုး။

အကြောင်း (၃) ပါး မရွေးတဲ့ နဂါးမျက်စောင်း ဒဏ်ခံခဲ့ရသူအများအပြားဟာ မိသားစုများနဲ့ တကွဲတပြား ဖြစ်ကြရပါတယ် ။ မိဘများနဲ့ အချိန်မတိုင်ခင် သေကွဲ - ရှင်ကွဲ  အမျိုးမျိုး ကွဲခဲ့ကြရပါတယ်။ ဒါကြောင့်ပဲ မိခင်အို ဖခင်အိုကြီးများနဲ့ နောက်ဆုံးအချိန်ထိ အတူတကွနေထိုင်ခဲ့ရတဲ့ ကျွန်မအပေါ် မုဒိတာ ပွားကြတာပါ။

၂၀၁၂ အောက်တိုဘာ (၁၀) ရက်နေ့၊ အသက် (၉၃) နှစ် အရွယ်မှာ ဖေဖေ ကွယ်လွန်သွားတော့လည်း အဲဒီမိတ်ဆွေတွေကပဲ ကျွန်မကို နှစ်သိမ့်စာများ ပေးပို့ အားပေးခဲ့ကြပါတယ်။ ကျွန်မအတွက်တော့ အဲဒီစာတွေဟာ အလွန့်ကို အဖိုးတန်ခဲ့ပါတယ်။

ပူဆွေးသောကရောက်မှုတွေကိုလည်း အတော်လျော့ပါးစေပါတယ်။  မိတ်ဆွေအပေါင်းကိုလည်း အလွန်ကို ကျေးဇူးတင်မိပါတယ်။

(အဲဒီဝမ်းနည်းသဝဏ်လွှာအားလုံးနီးပါးကိုလည်း ဖေဖေကွယ်လွန်ခြင်း (၁)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ သူတို့ရင်ထဲက ဗိုလ်မှူးချုပ်ကျော်ဇော၊ ရဲဘော်ဦးတင် အတွဲ (၂) (နှင်းဆီနီစာပေ) စာအုပ်မှာ မှတ်တမ်းတင်ထားပါတယ်။)

အဲသလိုမိတ်ဆွေများအတွင်း ပါဝင်သူတဦးကတော့ သခင်ဗတင်ရဲ့သမီးတဦးဖြစ်တဲ့ ဒေါ်စန်းစန်းတင်ပါ။ အခု လွတ်လပ်တဲ့ အာရှအသံလွှင့်ဌာနမှာ အလုပ်လုပ်နေပါတယ်။ကျွန်မမောင်များနဲ့ ကတော့ သူက ရန်ကုန်တက္ကသိုလ် ကျောင်းနေဖက်သူငယ်ချင်းတွေပါ။

ကျွန်မတို့မိသားစု (၂) စု ဟာ ငယ်ငယ်ကတည်းက ရင်းနှီး ခင်မင်ခဲ့ကြသူများ ဖြစ်ပါတယ်။ ၁၉၅၇ခုနှစ် ဖေဖေ ပင်စင်ယူပြီးနောက်  ကျွန်မတို့မိသားစု စမ်းချောင်းရပ်ကွက်ထဲ ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့က စမ်းချောင်းက မကြီးကြီးလမ်းမှာ နေပါတယ်။ သူတို့ ညီအစ်မတတွေရော ကျွန်မတို့ ညီအစ်မ (၂) ယောက်ရော စမ်းချောင်း၊ မဟာမြိုင်လမ်းနဲ့  ပြည်လမ်းဒေါင့်က စိန့်ဖီလိုမီနာ ကွန်ဗင့် (ယခု စမ်းချောင်း အထက (၂) မှာ ကျောင်းနေကြပါတယ်။ သူ့အစ်မတယောက်နဲ့ ကျွန်မညီမ စန်း နဲ့က တတန်းထဲပါ။ ကျွန်မတို့ ပိုရင်းနှီးသွားရတဲ့ အကြောင်းကတော့ - အဲဒီကာလက ဗိုလ်လက်ျာကြီးက ပင်လယ်ငါးလုပ်ငန်းနဲ့ အတော်အောင်မြင်နေပါတယ်။

ဒါကြောင့် ဗိုလ်လက်ျာကပဲ ဦးစီးပြီး ဗမာ့လွတ်လပ်ရေးနေ့မျိုးလို ဂျပန်တော်လှန်ရေးနေ့မျိုးလို အခါကြီးရက်ကြီးတွေမှာ ရဲဘော်ရဲဘက်ဟောင်းတွေနဲ့ မိသားစုများ စုစည်းပြီး သာဓုကန်တို့ လှော်ကားကန်တို့ကို ပျော်ပွဲစား ထွက်တတ်ပါတယ်။

အဲသလိုအချိန်မျိုးတွေမှာ သူတို့မိသားစုတတွေနဲ့ ကျွန်မတို့တတွေ ဆုံမိတတ်ကြပါတယ်။ သူတို့ကလည်း ကျွန်မတို့လိုပဲ မောင်နှစ်မ များပါတယ်။ ဒါကြောင့်ပဲ အတူတူဆော့ကြ ကစားကြနဲ့ တပျော်တပါးကြီး ရင်းနှီးခဲ့ကြတာပါ။


ဒါပေမဲ့ အဲသလိုကာလမျိုးဟာ သူတို့မိသားစုအတွက် သိပ်မကြာလိုက်ပါဘူး။ ၁၉၅၈ ခုနှစ်မှာ တက်လာတဲ့ အိမ်စောင့်အစိုးရလက်ထက်မှာပဲ ဗိုလ်ဗတင်ကြီး အဖမ်းခံရပြီး ဦးဦးဖျားဖျား ကိုကိုးကျွန်း ပို့ခံလိုက်ရပါတယ်။ အဲဒီကလွတ်လာပြီးသိပ်မကြာခင်မှာဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ အသက်(၅၀)တောင် ပြည့်အောင် နေမသွား ရရှာပါဘူး။

ဒါကြောင့်ပဲ စန်းစန်းတင်က ဖေဖေဆုံးတုန်းက ပို့လာတဲ့စာမှာ အခုလိုရေးထားတာပါ။

၁၂-၁၀-၂၀၁၂ ကသတင်းကွန်ရက်က ပို့ခဲ့တဲ့စာဟာ အင်္ဂလိပ်လို ရေးထားတာပါ။ ကျွန်မက ဆီလျော်အောင် မြန်မာမှု ပြုထားပါတယ်။

မမလှရေ…..  ဘယ်လိုခံစားနေရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မမလှဟာ တာဝန်အကျေပွန်ဆုံး သမီးတွေထဲက တယောက်ဖြစ်တယ် ဆိုတာ သတိရပါ။ ကျွန်မတို့ ဖေဖေဟာ ၁၉၆၅ ခုနှစ် အသက်(၄၉) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရတာပါ။ ကျွန်မတို့မှာ ဖေဖေအကြောင်း ဘာမှကို သိခွင့်မရခဲ့ပါဘူး။ အဖိုးတန်လှတဲ့ မမလှအဖေအကြောင်းကိုတော့ မမလှက အကုန်သိခွင့်ရ လိုက်တာပဲ။

ဦးလေးဗိုလ်ကျော်ဇော အခုလောက်အထိ အသက်ရှည်ရှည်နေသွားရတာမှာလည်း မမလှရဲ့ အနီးကပ် ဂရရစိုက်မှုက တကြောင်းအဖြစ် ပါပါတယ်။ ဦးလေးဟာ ဘယ်တော့မှ သေမည့်သူ မဟုတ်ပါဘူး။ သူဟာဗမာပြည် သမိုင်းနဲ့ အတူအမြဲရှိနေ မှာပါ။

မမလှ ကိုယ့်ကျန်းမာရေးလည်း ဂရုစိုက်ပါ။

မေတ္တာဖြင့် ... စန်းစန်းတင်။

ကျွန်မဖြင့် သူ့စာလေးဖတ်ပြီး ဖတဆိုးဘဝ ပညာတွေ တပိုင်းတန်းလန်းနဲ့ ကသီကရီဖြစ်ခဲ့ရရှာတဲ့ သူတို့မောင်နှစ်မတတွေရဲ့ဘဝကိုစာနာ ပြီးကရုဏာသက်မိပါတယ်။

ဖေဖေကတော့ သူ့ရဲဘော်ကြီးအကြောင်း ဒီလိုတော့ပြောဖူးပါတယ်။

“ဗိုလ်ဗတင်ကြီးက လူရွတ်ကြီး။ ခပ်ပေပေရယ်။ သူက နေမဝင်အင်ပါယာကိုတောင် အံတုခဲ့တဲ့ ရှေးသခင်ကြီးတွေလေ။ ဖေဖေတို့ ဂျပန်ပြန်တွေကို ဘယ်အထင်ကြီးမှာလဲ။ ဒါကိုတချို့က မခံနိုင်ကြဘူး”…..တဲ့။

ဂျပန်ခေတ်တုန်းကလည်း ဂျပန်ကင်ပေတိုင်ရဲ့ဖမ်းဆီးခြင်းကိုခံရပြီး တကိုယ်လုံး ကျိုးကျေမတတ် အနှိပ်စက်အညှဉ်းဆဲခံပြီး၊ ဂျပန်ကိုတော်လှန်မည့် သတင်းတွေကို မပေါက်ကြားအောင် ထိန်းသိမ်း ကာကွယ်ပေးခဲ့သူပါ။ ဂျပန်တော်လှန်ရေးကာလအတွင်းကလည်း သူဟာ ဖေဖေတို့ရဲ့ ပဲခူးစစ်တိုင်း (၄) ရဲ့ စစ်ကော်မတီဝင် တဦးပါ။

သူတို့လို လူမျိုးတွေကြောင့်ပဲ ဗမာပြည်သူတွေဟာ ဂျပန်တော်လှန်ရေးကို လက်ဦးမှုရှိစွာ စတင်နိုင်ခဲ့ပြီး ဂျပန်တော်လှန်ရေးအောင်ပွဲခံ နိုင်ခဲ့တာပါ။ တခါ ဒီဂျပန်တော်လှန်ရေး အောင်ပွဲအရှိန်ကြောင့်ပဲ ဗမာ့လွတ်လပ်ရေးအောင်ပန်း ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့တတွေဟာ ဗမာပြည်ရဲ့ကျေးဇူးရှင်တွေပါ။  စစ်အစိုးရ ခေတ်အဆက်ဆက် ဒီလိုလူမျိုးတွေရဲ့သမိုင်းအမှန်တွေဟာ မှေးမှိန်ခံနေရပါတယ်။ ဒီသမိုင်းတွေကို ပြန်ဖော်ထုတ်ဖို့လိုပါတယ်။

ဒါကြောင့်ပဲ ဗိုလ်ဗတင်ကြီးရဲ့ကျန်ရစ်သူ မိသားစုဝင်များက တနိုင်တပိုင်အဖြစ် တတ်နိုင်သမျှ စာစောင်စာတမ်းများစုပြီး အထိမ်းအမှတ်အဖြစ် စာအုပ်တအုပ်ဖြစ်အောင် ပြုစုမယ်ကြားရလို့ အလွန့်ကိုကျေနပ်နေမိပါတယ်။ ကျွန်မကိုယ်တိုင်လည်း တတ်နိုင်သမျှ တတပ်တအား အနေနဲ့ ဒီဆောင်းပါးလေးကို ရေးပြီး စန်းစန်းတင်တို့ မောင်နှစ်မတတွေကို အားပေးဂုဏ်ပြုလိုက်ပါတယ်။

တဆက်ထည်းမှာဘဲ သခင်ဗတင်ရေးသားပြုစုဘူးတဲ့ စာအုပ်တအုပ်ကိုလည်း--www.burmeseclassic.com.မှာ ရှာဖွေတွေ့ရှိထားလို့ ပူးတွဲဖေါ်ပြလိုက်ပါတယ်။


၁၆-၂-၂၀၁၅


Monday, February 1, 2016




သတင်းစာဆရာ၊ အင်္ဂလိပ်စာကျောင်းဆရာ ဦးခင်မောင်လတ်၏ သေတမ်းစာ
ဦးခင်မောင်လတ် (၁၉၁၅ - ၁၉၉၆)


(ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အမှတ်တရ အဖြစ် ယခင် စာပေဂျာနယ်  ၁၉၉၄က ပြန်လည်ကောက်နုတ်ဖော်ပြသည်)

သြဂုတ် ၃၊ ၂၀၀၉

Thus let me live unseen, unknown.
Thus unlamented Let me die.
Steal from the World , and not a stone tell where I lie.
(Alexander Pope)


အဲဒီလို လူမသိ သူမသိ နေချင်လှ
အဲဒီလို လူမဆွေး သူမဆွေး သေချင်ပ၊
လူသူလေးပါး တိတ်ချိန်ကျ လောကကြီးက ထွက်ခွာမှ၊
ငါလျောင်းရာ ဘာကျောက်တိုင်မှ မပြ။

အသိမိတ်ဆွေတစ်ယောက်ရဲ့နာရေးကြော်ငြာမှာ“သွားလေသူရဲ့ဆန္ဒအရအသုဘပို့ခြင်းသီးခံပါ” လို့ရေးထားတာ တခါတုန်းက တွေ့ရဖူးတယ်။ အဲဒီဆန္ဒဟာ ဘဘရဲ့ဆန္ဒနဲ့တထပ်ထဲကျနေတယ်။ ဘဘကတော့ အသုဘလဲ မပို့စေချင်ဘူး။ သတင်းစာထဲမှာလည်း မိတ်ဆွေရင်းချာတွေကတော့ မသိဘဲလဲ မနေဘူး။ မပို့ဘဲလဲ မနေဘူး။ သူတို့ကတော့ ကိုယ်နဲ့ထပ်တူ ပူဆွေးမည့်သူ၊ ကူညီမည့်သူတွေပဲ။ မပို့ရင် မကောင်းလို့ ပို့မည့်သူတွေ မဟုတ်။ ၀တ္တရားရှိလို့ ပန်းခွေပို့မည့်သူတွေ မဟုတ်ဘူး။ ၀တ္တရားရှိလို့ အသုဘပို့တဲ့ကားတွေပေါ်မှာ လိုက်လာပြီး ကားပေါ်ကတောင် အောက်မဆင်းဘဲ အိမ်ပြန်ကြတဲ့လူတွေ မဟုတ်ဘူး။ ဟေးလားဝါးလားနဲ့ တသောသောရယ်မောရင်း မသာပို့တဲ့လူတွေလဲ မဟုတ်ဘူး။

သတင်းစာထဲမထည့်လို့အဲဒီလိုလူတွေ မပို့နိုင်ကြတာ ၀မ်းနည်းကြေကွဲနေရတဲ့ မိသားစုအဖို့ ပို၍ ၀မ်းနည်းကြေကွဲဖွယ်ရာ တရပ် မဟုတ်ပါ။ သတင်းစာထဲ မထည့်လို့် ဖြစ်ပေါ်မည့် အကျိုးကျေးဇူးမှာ ယနေ့ခေတ် ပကာသနကြောင့် ပို့ကြသော ပန်းခွေများအတွက် အချီးနှီးကုန်ကျစရိတ် သက်သာသလောက် သက်သာသွားလိမ့်မည်။

ပူဆွေးကြေကွဲနေကြတဲ့ ကျန်ရစ်သူမိသားစုအဖို့မှာ၊ ပန်းခွေပို့ရန်မလိုတဲ့ ရင်းနှီးသော ဆွေမျိုးညာတိ၊ မိတ်ဆွေသင်္ဂဟ အပေါင်း၏ နှစ်သိမ့်အားပေးခြင်း၊ ထပ်တူဝမ်းနည်းခြင်း အစစ်အမှန်ကို အားပါးတရ ခံယူရရှိနိုင်ကြမည်။

ဒါက သတင်းစာမှာ နာရေးကြော်ငြာ လုံးဝမထည့်ရင် ရှိမည့် အကျိုး။

သတင်းစာထဲ ထည့်မည်ဆိုလျှင် “ကွယ်လွန်သူ၏ဆန္ဒအရ အသုဘပို့ခြင်း၊ ပန်းခွေပို့ခြင်း သည်းခံပါ” လို့ထည့်မှ ဖြစ်မည်။ ဒီလိုဆိုပြန်တော့ လူအများ ခေတ်စားနေတဲ့ ထုံးစံတခုကို ဖီလာဆန့်ကျင်နေတာဟာ အလကားနေရင်း အမုန်းပွားအောင် တကိုယ်တော်ဝါဒနဲ့ အတ္တလွန်ကဲရာ ရောက်နေမလားလို့လဲ စဉ်းစားမိတယ်။

သားတို့သမီးတို့ မြေးတို့အနေနဲ့လဲ ကိုယ့်အပေါင်းအသင်း အသိုင်းအ၀ိုင်းရဲ့ အတွေးအမြင်ကို ထည့်သွင်းစဉ်းစားပေါ့။ ဘဘသဘောထားကိုသာ သားတို့သိဖို့ ပြောပြနေတာပါ။ သားတို့ သမီးတို့ အသိုင်းအ၀ိုင်းက သူများမလုပ်တဲ့ လုပ်နည်းလုပ်ဟန်ကြောင့် သားတို့ သမီးတို့ကို ကဲ့ရဲ့အပြစ်တင်မှာ စိုးရင်၊ ကိစ္စတွေအားလုံးပြီးမှ “ကွယ်လွန်သူရဲ့ ဆန္ဒအရ ကိစ္စပြီးမှ ဤကြော်ငြာကို ထည့်ရပါသည်” လို့ ဆိုရင် လုံလောက်ပါလိမ့်မယ်လို့ ထင်မိတယ်။

ဒီစာ ထိပ်ဆုံးမှာ ပါတဲ့ The Quiet Life ကဗျာလေးက ဘဘ ၃ တန်းမှာ သင်ရကတည်းက ခေါင်းထဲမှာစွဲပြီး သဘောကျနေတာ၊ ဘဘတို့က လူစည်ကားတာကို ဘယ်လောက်ကြောက်သလဲဆိုရင် သားတို့သမီးတို့အသိဆုံးပေါ့။ တဦးတည်းသောသားရဲ့ တသက်တစ်ခါ မင်္ဂလာကိစ္စကို အတိုချူံးပြီး တရားသူကြီးနဲ့ လူကြီးစုံရာရှေ့မှာ ပြီးလိုက်တာဟာ သမီးကြီးရဲ့မိဘနှစ်ပါးကိုယ်တိုင်က သူတော်ကောင်းစိတ်နဲ့ သဘောထားကြီးစွာ ခွင့်ပြုလို့သာ ဖြစ်နိုင်တာပေါ့။ အသွင်မတူ အိမ်သူမဖြစ်ဆိုတာ ကိုယ့်လိုလူလဲ ရှိသေးတယ်နော်။

(စာကြွင်း - ဆရာဦးခင်မောင်လတ် အဲသည်စာကို ၁၉၉၄ မှာ ရေးခဲ့ပြီး၊ ၁၉၉၆ သြဂုတ်လ ၁ ရက်မှာ ကွယ်လွန်ပါတယ်။ ဆရာနဲ့ ရာသက်ပန်လက်တွဲခဲ့သူ ဇနီးသည် ဒေါ်ခင်မျိုးချစ်က သူတို့ရဲ့ ဘ၀ခရီးကို အခုလိုမျိုး ရေးခဲ့ဖူးတာလေးကို ဖြည့်စွက်လိုက်ပါရစေ)



ကျမ၏ အိမ်နီးချင်းတဦးမှာ ကိုလတ်အမည်ရှိ လူငယ်တဦး ဖြစ်သည်။ သူသည် ကျမကဲ့သို့ စာဖတ်ဝါသနာပါသူ ဖြစ်သည်။ ကျမဖတ်သော စာအုပ်များနှင့် သူဖတ်သော စာအုပ်များအကြောင်း ပြောကြသည်။ စာအုပ်များ လဲလှယ် ဖတ်ကြသည်။ကျမတို့ လဲလှယ်ဖတ်ကြသော စာအုပ်တအုပ်မှာ Louisa M.A. Lcott ၏ Little Women ၀တ္ထု ဖြစ်သည်။ ထိုဝတ္ထုထဲမှ မင်းသမီးဖြစ်သော Little Jo ကိုအစွဲပြု၍ ကိုလတ်က ကျမကို ကျီစားသည့်အနေနှင့် ဂျို ဟုခေါ်သည်။ ကျမတို့ တွေ့ကြတိုင်း စာအုပ်တွေအကြောင်း ပြောမဆုံး ဖြစ်ခဲ့ပါသည်။ ဤကဲ့သို့ ၀ါသနာတူ၊ ဘ၀ချင်းတူသူ အချင်းချင်း တွေ့ဆုံ စကားများပြောမဆုံး ဖြစ်သည့်အခါ ရွေးစရာလမ်းမှာ တခုသာ ရှိသည်။ ၎င်းမှာ တသက်လုံး အတူတူနေကြရန် ဖြစ်ပါသည်။

(ဒေါ်ခင်မျိုးချစ် - ၁၉၁၅ - ၁၉၉၉)

မြန်မာ့ကာတွန်း အဆင့်မီရေးကို ရည်ရွယ်တဲ့ ကာတွန်းယဉ်ကျေးမှု စကားဝိုင်း ကျင်းပ
(The Ladies News Journal) မိုးမခ၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၆

(သတင်း ဆောင်းဖြူ၊ ၊ ဓာတ်ပုံ မောင်မောင်ဖောင်တိန်)
စာရေးဆရာ ငြိမ်းချမ်းအေး ( မိုးမခမီဒီယာ ) နှင့် ကာတွန်းမောင်မောင်ဖောင်တိန်တို့ စီစဉ်သည့် ကာတွန်းစကားဝိုင်း တစ်ခုကို ၂၀၁၆ ဇန်န၀ါရီ ၃၁ ( တနင်္ဂနွေ ) နေ့လယ်က လှည်းတန်းစင်တာရှိ ဆရာကြီး ဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ် အထိမ်းအမှတ်ပြခန်းတွင် ကျင်းပသွားခဲ့သည်။


အဆိုပါပွဲမှာ "ကာတွန်းယဉ်ကျေးမှု စကားဝိုင်း" ဟုအမည်ရပြီး ကာတွန်းဆရာကြီး ရွှေမင်းသား ၊ ကာတွန်းဝင်းအောင် ၊ ကာတွန်းကျော်သူရိန် ၊ ကာတွန်း ZERO ( ငါးသိုင်းချောင်း ) နှင့် ကာတွန်းသီဟ - စခန်းသစ်တို့က ကာတွန်းရေးရာများနှင့် ပတ်သက်ပြီး ဦးဆောင် ဆွေးနွေးသွားခဲ့ကြသည်။


စိတ်ပါဝင်စားသူ အတော်များများ တက်ရောက်ခဲ့ကြသည့် ထိုစကားဝိုင်းတွင် ကာတွန်းရေးသူများ ထားရှိရမည့်ကျင့်ဝတ် ၊ ကာတွန်းဆရာများ သတိထား ရေးသားကြရမည့် စာလုံးပေါင်းသတ်ပုံ ၊ အယ်ဒီတာ ကောင်းများ ရှားပါးလာသည့် ပြဿနာနှင့် အယ်ဒီတာ့ ကျင့်ဝတ်/ တာဝန် ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသော မျိုးဆက်သစ် လူငယ်များအတွက် ကာတွန်းအကယ်ဒမီ ၊ ဖွံ့ဖြိုးရန် လိုအပ်နေသေးသည့် ကာတွန်းအင်နီမေးရှင်း ၊ ဈေးကွက် ပျောက်လုဖြစ်သွားသည့် ကော့မစ်စာအုပ်လောက / အငှားဆိုင်လောက အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် ဆရာကြီးရွှေမင်းသားက ကာတွန်းလောက ဖြတ်သန်းမှု အတွေ့အကြုံအချို့နှင့် ကာတွန်းလောက အတွက် အကြံဥာဏ်ပေးချက်များကို မျှဝေသွားခဲ့သည်။


ထို့ပြင် တက်ရောက်လာသည့် ကာတွန်းဆရာများ နှင့် ကာတွန်းကို ချစ်ခင်နှစ်သက်ကြသည့် ကာတွန်း ပရိသတ်များကလည်း ၀င်ရောက် မေးမြန်းဆွေးနွေးခဲ့ကြကာ စကားဝိုင်းကို ရုပ်သိမ်းခဲ့သည်။


ယခုကျင်းပသွားသည့် ကာတွန်း စကားဝိုင်းနှင့် ပတ်သက်၍ ကာတွန်းဆရာ တစ်ဦးဖြစ်သူ ဆရာမောင်မောင်ဖောင်တိန်က "ဒီလို ကာတွန်းစကားဝိုင်းတွေကို နှစ်ပတ်တစ်ခါ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီပွဲက ပထမဆုံးပါ။ ဒီပွဲမှာ ကန်တော့ခံ ကာတွန်းဆရာကြီးတွေထဲက ဆရာကြီးရွှေမင်းသား ၊ ၀ါရင့်ကာတွန်း ဆရာတွေထဲက ဆရာဝင်းအောင် ၊ Editorial ကာတွန်း ရေးသူတွေထဲက ဆရာကျော်သူရိန် ၊ ကော့မစ်ရေးသူ တွေထဲက ဆရာ ZERO၊ ကလေးကာတွန်းနဲ့ တစ်ကွက်ကာတွန်း ရေးသူတွေထဲက ဆရာသီဟတို့ကို ရွေးချယ် ဖိတ်ကြားခဲ့ပါတယ်။ နောင် နယ်က ဆရာတွေကိုလည်း ဖိတ်ကြားသွားမှာပါ" ဟု ဆိုသည်။


ပွဲဖြစ်မြောက်ရန် စီစဉ်အားထုတ်ခဲ့သူ မိုးမခမီဒီယာမှ ဆရာငြိမ်းချမ်းအေးကလည်း "ကာတွန်း အနုပညာဟာ အထိုက်အလျောက် လွတ်လပ်လာတဲ့ ခေတ်စနစ်နဲ့အတူ ရေးခွင့်တွေ သာလာချိန် အင်မတန် အားကောင်းလာတယ်။ အွန်လိုင်း ၊ ပုံနှိပ် မီဒီယာအစုံမှာ လူစိတ်ဝင်စားမှု ခံလာရတယ်။ ဒီအနေအထားမှာ ( ရိုးအီနေတဲ့ စကားတစ်ခုကိုပဲ သုံးပါရစေ )' အရေအတွက်ကနေ အရည်အချင်းအဖြစ် ပြောင်းလဲနိုင်ဖို့' မြန်မာ့ကာတွန်း အဆင့်မီရေး ဆွေးနွေးပွဲတွေ လုပ်သင့်တယ်လို့ မြင်မိတယ်။ ကာတွန်းရာပြည့်ပွဲမှာ ဆရာမောင်မောင်ဖောင်တိန်နဲ့ စကားပြောဖြစ်တုန်း ဒီကိစ္စ ထည့်ပြော ဖြစ်ခဲ့တယ်။ ကာတွန်းဆရာတွေ အချင်းချင်း ဝေဖန် ၊ ဆွေးနွေးသုံးသပ်မှု လိုအပ်တယ်ဆိုတာကို သူကလည်း လက်ခံတယ်။ ဒီလိုနဲ့ ကာတွန်းစကားဝိုင်းလေး တစ်ခုလုပ်ဖို့ ကာတွန်းဆရာတွေကို ဆရာမောင်မောင်ဖောင်တိန်ကပဲ စုစည်းပေးတယ်။ ကျွန်တော်တို့ မိုးမခမီဒီယာက ဖြစ်မြောက်အောင် ကူညီပေးခဲ့တယ်။ မိုးမခ တည်ထောင်သူတစ်ဦး ဖြစ်သူ ကာတွန်းမောင်ရစ်ရဲ့ ဘိုးဘွားများဖြစ်တဲ့ 'ဦးခင်မောင်လတ် + ဒေါ်ခင်မျိုးချစ် နှင့် ခေတ်ပြိုင်များ ရာပြည့်အမှတ်တရ ဓာတ်ပုံ ၊ ပန်းချီ ပြခန်း' နေရာ လှည်းတန်းစင်တာမှာ ပထမဆုံး စကားဝိုင်းတစ်ခုအဖြစ် ပြုလုပ်နိုင်ခဲ့တယ်။ နောက် ပုံမှန် ဖြစ်နိုင်အောင်နဲ့ လူအများ လက်လှမ်း မီလာနိုင်အောင် ကြိုးစားစီစဉ်ဖို့ စိတ်ကူးထားပါတယ်" ဟု ပွဲစီစဉ်ဖြစ်သည့် စိတ်ကူး ရည်ရွယ်ချက်ကို ပြောကြားသွားခဲ့သည်။


(မိုးမခ၏ ဖြည့်စွက်ချက်) အဆိုပါ ကာတွန်းယဉ်ကျေးမှု စကားဝိုင်းသို့ ကွယ်လွန်သူ ကာတွန်းဆရာကြီး ဦးဖေသိန်း မွေးနေ့အလှူအထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဇွန်ပွင့်က စားသောက်ဖွယ်ရာများ စီစဉ်တည်ခင်း ကူညီပေးခဲ့ပါသည်။ 

Thursday, December 17, 2015


ဒေါ်ခင်မျိုးချစ် - စာရေးဆရာဟူသည်  
(မိုးမခပြန်လည်ဆန်းသစ်)
 ဒီဇင်ဘာ ၈၊ ၂၀၁၅

နတ်တော်လသည် မြန်မာပြက္ခဒိန်အရ ကိုးလမြောက်လဖြစ်သည်။ ထိုအချိန်တွင် လူကြီး၊ လူငယ်များတို့၏ အတွေးများသည် မြန်မာစာပေနှင့် ကဗျာများဘက်သို့ ဦးလှည့်၍နေကြသည်။ လူကြီးများက ရှေးခေတ်က အောက်မေ့ဖွယ်များကို ပြန်လည်သတိရကြသည်။ လူငယ်များက သူတို့၏စိတ်ကူးယဉ် အိပ်မက်များဆီသို့ လှည့်သွားကြသည်။

ကျမကတော့ ကျမ၏ပတ်ဝန်းကျင်တွင် လူကြီးအရွယ်သို့ ရောက်ပြီဟု အများက သတ်မှတ်ကြပါသည်။ သို့သော်လည်း ကျမ၏နှလုံးသားကတော့ ငယ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့်ကျမ၏အတွေးများသည် လူကြီးအတွေးနှင့် လူငယ်အတွေးတို့ရောစပ်၍နေပါသည်။ လူကြီးကဲ့သို့ရှေးက ပျော်ရွှင်ခဲ့ပုံများ၊ စိတ်ကြည်နူစရာများနှင့် ကြေကွယ်ဖွယ်ရာများကို ပြန်လည်၍သတိရပါသည်။ တစ်ဖက်တွင်လည်းနေ အနာဂတ်သို့ မျှော်လင့်ချက်များစွာဖြင့် မျှော်ကြည့်မိပါသည်။

ပစ္စုပ္ပန်ကာလကို ရှေးဦးစွာ သုံးသပ်၍ ကြည့်မိပါသည်။ ထိုအခါ ကျမတွေးမိသည်မှာ ယနေ့ခေတ် လူငယ်စာရေးဆရာများသည် အလွန်ပင်ကံကောင်းကြပါသည်။ အကြောင်းမှာ သူတို့၏ရေးသားချက်များကို ထုတ်ဝေပေးသည့်စာပေတိုက်များစွာနှင့် ဂျာနယ်မဂ္ဂဇင်းများစွာရှိနေသောကြောင့် ဖြစ်ပါသည်။ စာပေဆိုင်ရာ နယ်ပယ်အစုံတို့တွင် နှစ်စဉ်ပေးသော ဆုများလည်းရှိပါသည်။ ၄င်းအပြင် စာရေးဆရာများ၏ အခွင့်အရေးများကို ကာကွယ်ပေးသော အဖွဲ့အစည်းလည်း ရှိရန်အတွက် ကြိုးပမ်းနေပါသည်။

(ဒေါ်ခင်မျိုးချစ် ထိုဆောင်းပါးကို ရေးသည့်အချိန်ကား ၁၉၆၆ ခုနှစ် ဒီဇင်ဘာလဖြစ်ပါသည်။ ဘာသာပြန်သူ)

ယနေ့သည် မြန်မာနိုင်ငံ စာရေးဆရာများနှင့် သတင်းစာဆရာများအသင်းကို ဖွဲ့ရန်အတွက် ပြင်ဆင်နေသည့် ကာလဖြစ်ပါသည်။ ယင်းကာလတွင် စာပေအတိုင်းအဝိုင်း၌ ဆွေးနွေးနေကြသော ကိစ္စမှာ စာရေးဆရာဟူသည် အဘယ်နည်း ? ဟူသော မေးခွန်းဖြစ်သည်။ ဤ မေးခွန်း၏အဖြေနှင့် ပတ်သက်၍ ထိုအသင်းဖွဲ့စည်းပုံ၏ မူကြမ်းတွင် လူတစ်ယောက်ကို စာရေးဆရာအဖြစ် အသိအမှတ်ပြုရန်အတွက် ဝတ္ထုရှည် သို့မဟုတ် ဆောင်းပါးများ သို့မဟုတ် ကဗျာများအရေအတွက် တစ်ခုခုကို ပုံနှိပ်ဖော်ပြထားခြင်း ရှိရမည်ဟူ၍ ဖြစ်ပါသည်။

အသင်းဖွဲ့စည်းတော့မည်ဖြစ်သဖြင့် စာရေးဆရာများနှင့် သတင်းစာဆရာများသည် သူတို့၏ လုပ်ငန်းများ အတွက် ကောင်းစွာ အသိအမှတ်ပြုခြင်းခံရစေရန်၊ သူတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်စေရန် ၊ စာရေးဆရာဟူသည် အဘယ်နည်း? ဟူသောမေးခွန်းကို ကောင်းစွာဖြေနိုင်ဖို့အချိန်ရောက်လာပါပြီ။

ဤနေရာတွင် သတင်းစာဆရာဟူသော အဓိပ္ပါယ် သတ်မှတ်ရန် သူတို့၏လုပ်ငန်း၏ သဘာဝအရ ပြဿနာ မရှိပါ။    အခြားသောလုပ်ငန်းများဖြစ်သည့် ဥပဒေ၊ ဆေးပညာဆိုင်ရာတို့တွင် သက်ဆိုင်ရာလက်မှတ်၊ ထောက်ခံစာလက်မှတ်များစွာကို ပြနိုင်သည်။ ဥပမာ မည်သူမည်ဝါသည် အခြားလူတစ်ဦး၏ ဗိုက်ကိုခွဲခွင့်ရှိကြောင်း လက်မှတ်များကို ပြစရာရှိကြပါသည်။ စာရေးဆရာများတွင်ကော  ဘယ်လိုလက်မှတ်တွေ ပြစရာရှိပါသနည်း? အချို့သော သူများတွင် အချို့သောမဂ္ဂဇင်းများမှ စာမူကို ပယ်လိုက်သည်ဟူသော အကြောင်းကြားစာများနှင့် ပုံမနှိပ်ရသေးသော စာမူများပြစရာရှိပါသည်။ ၄င်းတို့သည် စာရေးဆရာအဖြစ် အသိအမှတ်ပြုခြင်းအတွက် ဘယ်လောက်အထောက်အကူရှိပါမည်နည်း? သိမ်မွေ့သောမေးခွန်းတစ်ခုမှာ - စာရေးဆရာများနှင့် သတင်းစာဆရာများ အသင်းဝင်ဖြစ်ခြင်းသည် စာရေးဆရာဖြစ်ခြင်းကို အသိအမှတ်ပြုရာ ရောက်ပါသလား? ဒီမေးခွန်းနှင့် ပတ်သက်၍လည်း အချို့လူများက စိတ်ပူနေကြပါသည်။

သိထားရသည်မှာ မည်သည့်အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ထောက်ခံစာ၊ မည်သည့်အသင်းဝင်ဖြစ်ခြင်းတို့သည် စာရေးဆရာဖြစ်ခြင်းကို သတ်မှတ်နိုင်စွမ်းမရှိပါ။ စာမူအချို့ကို ပုံနှိပ်ဖော်ပြခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်အား လူများကအသိမှတ်ပြုခြင်းကို ပြသရာရောက်သည်။ ထိုပုဂ္ဂိုလ်၏အတ္တကိုလည်း အစာကျွေးရာရောက်ပါသည်။ သို့သော်လည်း စာရေးဆရာတစ်ဦးဖြစ်ခြင်း၊ စာရေးဆရာတစ်ဦးအဖြစ် ကျေနပ်မှုရှိခြင်းသည် စာရေးခြင်းအလုပ်အပေါ်တွင် သစ္စာရှိခြင်း၊ နှစ်မြှုပ်ထားခြင်း ပမာဏနှင့်သာဆိုင်ပါသည်။

စာရေးဆရာတစ်ဦးအနေဖြင့် ပထမဦးစားပေးရမည့် အရာသည်ကာ ကိုယ်တိုင် စိတ်ကျေနပ်မှုရှိခြင်းဖြစ်ပါသည်။ လူများ၏အသိမှတ်ပြုခံရခြင်းကို ပြသောအရာဖြစ်သည့်၊ ထင်ရှားသောဂျာနယ်၊ မဂ္ဂဇင်းများတွင် ပုံနှိပ်ခံရခြင်း သို့မဟုတ် ဆုရရှိခြင်း၊ အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်ခြင်းဟူသည်တို့သည်ကား ဒုတိယ၊ တတိယဦးစားပေးသာဖြစ်သင့်ပါသည်။

တက်သစ်စ စာရေးဆရာတစ်ဦးအနေဖြင့် သိထားသင့်သောအရာမှာ စာရေးခြင်းဟူသောအလုပ်သည် အခြားအလုပ်များနည်းတူ ကိုယ်စိတ်နှလုံးနှင့် ဝိရိယတို့ကို များစွာစိုက်ထုတ်ရသော အလုပ်ဖြစ်ပါသည်။ ဧကန်တကယ်ပင် လေ့လာမှုကိုလည်း လုပ်ရပါသည်။

ဒါကိုတော့ ကောင်းစွာသိထားပါ။

ဆေးပညာ၊ ဥပဒေပညာ၊ ဗိသုကာပညာကဲ့သို့သော ပညာရပ်များတွင် နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်သော နည်းလမ်းများရှိပါသည်။ သို့သော်လည်း လူများ၏ အမြင်မှာ လေးကြောင်းကဗျာလေးတစ်ပုဒ်ကို ညအနည်းငယ်လောက် အိပ်ပျက်ခံ၍ ရေးလိုက်လျှင် ကဗျာဆရာဖြစ်လာပြီဟူ၍ ဖြစ်ပါသည်။ ပညာပါရမီ ထူးခြားသော ပုဂ္ဂိုလ်ကြီးများသည်ပင်လျှင် ဂန္ထဝင်စာတစ်ခုထွက်လာစေရန်အတွက် လေ့ကျင့်မှုနှင့် လေ့လာမှုများစွာကို လုပ်ခဲ့ရပါသည်။ လေ့ကျင့်မှုနှင့်လေ့လာမှုတို့သည် ကျောင်းနှင့် တက္ကသိုလ်များတွင် ပြုလုပ်ရခြင်းမဟုတ်ပါ။ အလွန်ရက်စက်ကြမ်းကြုတ်သော ဘဝတက္ကသိုလ်တွင် ဖြစ်ပါသည်။

ထို့ကြောင့် တက်သစ်စ စာရေးဆရာများအနေဖြင့် သိရမည့်အရာတစ်ခုမှာ ကိုယ့်ကိုယ်ကို အရှိအတိုင်း မြင်တတ်ဖို့ဖြစ်ပါသည်။   ဤနေရာတွင် ကိုယ့်ကိုယ့်ကို အရှိအတိုင်းနှင့် မရှိလျှင် မရှိသည့်အတိုင်း မြင်ရန်အရေးကြီးပါသည်။ Elliot Blackiston ၏  Teach Yourself to Write (ကိုယ့်ကိုယ်ကို စာရေးသင်ပါ) ဟူသော စာအုပ်၏ ရှေ့ဆုံးအခန်းတွင် အဖွင့်စကားကို  ဤသို့ဆိုထားသည်။

“သင်သည် စာရေးဆရာကောင်းဖြစ်ချင်လျှင် သင်၏ လက်နှိပ်စက်ပေါ်တွင် စာလုံးကြီးကြီးဖြင့် ရိုက်ထားမည်ဖြစ်ပါသည်။ ထိုစကားလုံးမှာ HONESTY (ဖြောင့်မတ်ခြင်း) ဖြစ်ပါသည်။ အကယ်၍ အင်္ဂလိပ်အဘိဓာန်တွင် ဤစကားလုံးကို အဓိပ္ပါယ်ဖွင့်ထားပုံကို ဖတ်ကြည့်မည်ဆိုလျှင် တရားမျှတခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်း၊ မှန်ကန်ခြင်းဟူသော အရည်အတို့ကို တွေ့ရမည်ဖြစ်သည်။ အဘိဓာန်ထဲတွင် အပေါ်ယံအားဖြင့် အဓိပ္ပါယ်သက်မှတ်ချက်တစ်ခုဟူ၍ သာမြင်နိုင်မည်ဖြစ်သော်လည်း စာရေးဆရာဖြစ်ချင်သူ မည်သူ့အတွက်မဆို လမ်းပြအိမ်မြောင်ပမာဖြစ်သော စကားစုလေးးတစ်ခုကို တွေ့နိုင်ပါသည်။ ထိုစကားစုလေးသည် အားကိုအားထားစရာဖြစ်ပါသည်။ ယင်းစကားစုလေးမှာ သိပ်လေးလေးနက်နက်တော့မဟုတ်ပါ။ ရှင်းရှင်းလင်းလင်းဖြစ်ပါသည်။ ၄င်းမှာအတုအပမှာ ကင်းခြင်း၊ လိမ်ညာခြင်းကင်းခြင်း၊ လှည့်စားခြင်းကင်းခြင်း၊ မာယာဥာဏ်တို့မှ ကင်းခြင်းဟူ၍ ဖြစ်ပါသည်။

စာရေးဆရာဖြစ်ချင်သောသူသည် ဤမေးခွန်းကို မလိမ်မညာဘဲ ဖြောင့်မှန်စွာ မှန်ကန်စွာဖြေနိုင်ရပါမည်။ ဤမေးခွန်းမှာ လွယ်လွယ်ရှင်းရှင်းလေးဖြစ်ပါသည်။

ဘာကြောင့် စာရေးဆရာဖြစ်ချင်တာလည်း မေးခွန်းက လွယ်သလောက်၊ မလိမ်မညာဘဲ ဖြောင့်မတ်စွာ ဖြေဖို့ တော်တော်ခက်ပါသည်။ အဖြေများစွာရှိပါသည်။ ဥပမာ- အောင်မြင်ကျော်ကြားသော စာရေးဆရာများကို ကြည့်၍အားကျပြီး သူတို့ကဲ့သို့ဖြစ်ချင်သောကြောင့် ဖြစ်သည်။ သာမန်စားပြီး အိပ်နေသော သတ္တဝါတစ်ဦး၏ ဘဝထက်ပိုသော ဘဝကို ပိုလိုချင်၍ဖြစ်သည်။ ဘဝသစ်တစ်ခုကို လက်ဖြင့် ဖန်တီးလိုသောကြောင့် ဖြစ်သည်။

စာရေးဆရာဖြစ်ချင်သောအကြောင်းများစွာရှိနိုင်ပါသည်။ စာရေးဆရာဖြစ်ချင်သော သူအတွက် အရေးကြီးသောအရာမှာ ခံနိုင်ရည်ရှိဖို့ဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ပေါင်းချီ၍ လျစ်လျူရှုခံရခြင်း၊ အထီးကျန်အဖော်မဲ့ခြင်း၊ အလုပ်လုပ်ရခြင်းတို့ကို ခံနိုင်ရန်လိုပါသည်။ အဖွဲ့အစည်းများသည် အမြတ်ထုတ်လိုသော ထုတ်ဝေသူများ၏ အန္တရယ်မှ ကာကွယ်ပေးကောင်းပေးနိုင်ပါလိမ့်မည်။ သို့သော်ကြိုးပမ်းမှု၊ လေ့လာမှုတို့ကို အစားထိုးနိုင်သောအရာမရှိပါ။ စာရေးဆရာကိုယ်တိုင် ဇောက်ချ၍လုပ်ရသောအလုပ်ကို အစားထိုးနိုင်သောအရာလည်း မရှိပါ။ ဘယ်သူ့အကူအညီမှမပါဘဲ စာရေးဆရာကိုယ်တိုင်လုပ်ရမည့် အလုပ်များစွာရှိပါသည်။ စာရေးသောအလုပ်သည် စာရေးဆရာအပေါ် လေ့လာမှု၊ ဝိရိယ၊ စောက်ချနိုင်မှု၊ အားထုတ်မှုများစွာကို တောင်းဆိုသော အလုပ်ဖြစ်ပါသည်။

ရုန်းကန်နေဆဲ စာရေးဆရာများသည်လည်းကောင်း၊ အခြေခိုင်ပြီးသော စာရေးဆရာများသည်လည်းကောင်း၊ မကျေနပ်ချက်တစ်ခုနှင့် ပတ်သက်၍  ညည်းညူကြသည်ကို ကြားရပါသည်။ သူတို့သည် တရားမျှတမှု မရှိသော ထုတ်ဝေသူများနှင့် စာဖတ်ပရိသတ်တို့၏ဒဏ်ကို အမြဲတမ်းခံနေရသည် ဟူ၍ ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ သက်သာအောင် လုပ်ပေးနိုင်သော နည်းလမ်းများရှိပါသည်။  သို့သော် စာရေးသားခြင်း၏ အနုပညာဖန်တီးမှုကို မူကား မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်မှ အထောက်အကူမပေးနိုင်ပါ။ ဥပမာပြောရလျှင် မိခင်၏ဝမ်းဗိုက်ထဲမှ ကလေးကို မွေးဖွားလာစေရန်အတွက် အချိန်ရောက်ရန် မည်သည့် သိပ္ပံနည်းပညာများက မတတ်နိုင်သကဲ့သို့ ဖြစ်သည်။ စာရေးဆရာ၏ အခန်းကဏ္ဍာန်သည် ရယူခြင်းမဟုတ်၊ ပေးဆပ်ရခြင်းဖြစ်သည်ကို သတိပြပါ။

ထို့ကြောင့် စာရေးဆရာများအတွက် အလုပ်ကို ဇောက်ချခြင်း၊ ရုန်းကန်ခြင်းတို့သာလျှင် လုပ်ရန်နှင့် လွဲ၍ အခြားနည်းမရှိပါ။ ကျွန်မကိုယ်တိုင်သည် နှစ်ပေါင်းလေးဆယ် စာရေးသည့်အလုပ်ကို လုပ်ခဲ့ပါသည်။ ရုန်းကန်မှုနှင့် အလုပ်ကြိုးစားမှုကသာ အောင်မြင်မှုကို ဖြစ်စေပါသည်။

ခင်မျိုးချစ် (၁၇၊ ဒီဇင်ဘာ ၁၉၆၆)

( ဘာသာပြန်သူ၏ မှတ်ချက် -  မေမေက စာရေးဆရာ ဘာကြောင့် ဖြစ်ချင်သနည်းဟူသော မေးခွန်းလို မလိမ်မညာဘဲ မှန်မှန်ကန်ကန် ဖြေဖို့ပြောပါသည်။ ကျွန်တော် ကိုယ်တိုင် မလိမ်မညာဘဲ မှန်မှန်ကန်ကန်ဖြေရလျှင် အောင်မြင်ကျော်ကြားသော စာရေးဆရများကို မြင်၍ သူတို့လိုဖြစ်ချင်သောကြောင့် ဟု ဖြေရပါမည်။ ဒီအဖြေကိုမေမေသိကြားလျှင် ဘာပြောမည်နည်း။ ဒါဆိုရင် မင်းဟာ စာရေးဆရာမဖြစ်ထိုက်ဘူး ဟုပြောမလား။ မင်းက မလိမ်မညာဘဲ မှန်မှန်ဖြေတတ်တာတော့ မဆိုးဘူးလို့ ပြောမလား။ မေမေက စာရေးဆရာဟူသည် ရယူခြင်းမဟုတ် ပေးဆပ်ရခြင်းလို့ ဆိုသော်လည်း ကျွန်တော်ကတော့ ဘာတွေရမည်လဲ ဆိုတာကိုပဲ တွက်ကြည့်နေမိပါတယ်။ (ဒေါက်တာခင်မောင်ဝင်း))

 စာရေးဆရာ ဇေယျာမောင် ၊ (ဆရာကြီး ဦးကိုကိုလေး)၊  (၁၉၁၃-၂၀၀၃)
မောင်စွမ်းရည် ။  (မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ဇေယျာရွှေမြေ စစ်ကိုင်းမြို့ကြီး နှစ် ၇၀၀ ပြည့်ပွဲကို စစ်ကိုင်းတောင် သီတဂူဆရာတော်ကြီး ဦးစီးပြီး ကျင်းပမယ်လို့ကြားသိရတော့ အဝေးကနေ စိတ်လှုပ်ရှားရပါတယ်။ စစ်ကိုင်းဆိုတဲ့ မြို့အမည်ကို ကြားလိုက်ရင် နောက်ခံအကြောင်းအရာ အမျိုးမျိုးနဲ့ လွမ်းမောကြည်မွေ့ဖွယ် အရိပ် နိမိတ်တွေ မိုးမဆုံး မြေမဆုံး ထင်ယောင်မြင်ယောင်လာရပါတယ်။ ‘ သမိုင်းပြောင် မညှိုး’ တဲ့ ‘စစ်ကိုင်းတောင်ရိုး’သီချင်း၊ ‘ လွမ်းဖြေပါဘူး’ ဆိုတဲ့ ‘ကမ်းခြေဇေယျာဦးသီချင်း၊ တေးဂီတလှိုင်းတွေလည်း ရင်ထဲ နားထဲမှာ ဂယက်ဖြာလာပါတယ်။ စစ်ကိုင်းတောင် စစ်ကိုင်းချောင်မှာ တောမှီတဲ့ ယောဂီ ရသေ့ကြီး ကိုယ်တော်မှိုင်း၊ စစ်ကိုင်းဦးဖိုးသင်း၊ စစ်ကိုင်းသူ ဒေါ်ခင်မျိုးချစ်၊ စစ်ကိုင်းသား မောင်သာနိုးစတဲ့ စစ်ကိုင်းသား စစ်ကိုင်းသူတွေကိုလည်း မြင်ယောင်ထင်ယောင် လာပါတယ်။

    စစ်ကိုင်းနဲ့ ဆက်စပ်ပြီး ရှေ့ဆုံးက သတိရမိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကတော့ ဇေယျာမောင်ကလောင်ဘွဲ့ခံ ဆရာကြီး ဦးကိုလေး ဖြစ်ပါတယ်။ မန္တလေး ကောလိပ်၊ မန္တလေး တက္ကသိုလ်ကို အစဆုံး၊ ဆိုသလိုပြုစုပျိုးထောင်ခဲ့တဲ့ ဆရာကြီးပါ။ ဆရာကြီးက ရန်ကုန် တက္ကသိုလ် လက်အောက်ခံ မန္တလေးကောလိပ်ကို ၁၉၅၆ အထိ ကျောင်းအုပ်ဆရာကြီးဘဝနဲ့ ပြုစုပျိုးထောင်ခဲ့သူပါ။ မန္တလေးကောလိပ်ကို ဆရာကြီးဦးဆောင်ပြုစုပျိုးထောင်ခဲ့ရာက ၁၉၅၆-၅၇ မှ ၁၉၆၃ အထိ တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိ(ပါမောက္ခချုပ်) အဖြစ် အုပ်ချုပ်၊ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 ကျွန်တော်တို့တတွေက ၁၉၅၆လောက်မှာ စာပေ အနုပညာသမား ကျောင်းသားတွေချည်း တစုတဝေးကြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို မန်းတက္ကသိုလ်ကို ရောက်လာကြပြီး အားလုံးက စာမေးပွဲတွေ တဘုန်းဘုန်းကျရင်၊ ၁၀ နှစ် ကျောင်းသက်ရှည်ခဲ့ကြသူတွေဖြစ်လို့ ဆရာကြီးနဲ့ ပုဂ္ဂိုလ်အရပါ ဆရာတပည့်အဖြစ်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ မောင်သာနိုး၊ မောင်တင်ရွှေ(မုံရွာ) လူထု အယ်ဒီတာ မောင်စောလွင်၊ ခရစ်ယာန်သာသနာပိုင်ချုပ် အင်ဒရူး မြဟန်၊ မောင်မိုးသူခေါ် မောင်စိန်မြင့်၊ တင်မိုးခေါ် မောင်ဘဂျမ်း၊ ဂုဏ်ထူးသိန်းနိုင်၊ မောင်စွမ်းရည်၊ ဒီကျောင်းသားတွေ ကျောင်းသားတွေ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း၊ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းထုတ်ဝေရေး ကော်မတီစတဲ့ စတဲ့ အသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်နေကြသူတွေချည်းဖြစ်လို့ ဆရာကြီး ဦးကိုလေးနဲ့ တစ်နေ့မဟုတ် တစ်နေ့ တစ်ကြောင်းမဟုတ် တစ်ကြောင်း၊ အကြောင်းအမျိုးမျိုးနဲ့ တွေ့ဆုံနေခဲ့ကြရတာ မဟုတ်လား။

    ဆရာကြီးနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေးအရ စတင်တွေ့ဆုံမိပုံကိုလည်း အမှတ်တရ ပြောပြချင်ပါတယ်။ ကျွန်တော်တို့ခေတ်မှာ နံရံကပ်စာစောင်တွေ အများကြီးရှိတယ်။ ‘မိန်းဘီလ်ဒင်’ လို့ နှုတ်ကျိုးနေတဲ့ အဆောင်မကြီးရဲ့ ဝရန်တာစင်္ကြန်လမ်းမှာ နံရံကပ်စာစောင်တွေ တန်းစီနေပါတယ်။ မြန်မာစာဌာနနဲ့ အနီးဆုံးဖြစ်ပေမယ့် မြန်မာစာဆရာကြီးတွေက ကျောင်းသားတွေလုပ်ထားတဲ့ နံရံကပ်စာစောင်တွေကို ကလေးကလား အလုပ်တွေလို့ အောက်မေ့လို့လားမသိ ရပ်ကြည့်၊ ဖတ်ကြည့်တဲ့ အလေ့မရှိ၊ ရပ်ကြည့်တာတောင်မတွေ့ရဖူးပါဘူး။

တစ်နေ့တော့ ကျွန်တော်တက္ကသိုလ်ရောက်စ ပထမနှစ်၊ ဒုတိယနှစ်ကလောင်သွေးစအခါမှာ မန္တလေးအမှတ် ၁ အထကကျောင်းသားဟောင်းများ အသင်း နံရံကပ် စာစောင်ရယ်၊ ကျွန်တော့်စာမူပါတဲ့ နံရံကပ် စာစောင်တွေရယ် ကြည့်မဝ ရှုမဝ ရပ်ကြည့်နေမိပါတယ်။ ဒီလိုပဲ ရပ်ကြည့်နေတုန်း မောင်သာနိုး၊ အင်္ဂလိပ်လို ရေးထားတဲ့ ‘Little Sister, How I want to go to America’ ဆိုတဲ့ သရော်စာ ဝတ္ထုတိုလေး (ဆရာတက္ကသိုလ် ဘုန်းနိုင်က သမဂ္ဂ ခေါင်းဆောင်တွေကို ရှုတ်ချထားတဲ့ ‘ညီမလေးရယ် စိုးရိမ်မိတယ်’ ဝတ္ထုကို ပြန်သရော်တာပါ) ကို လူကြီးတစ်ယောက်က ရပ်ပြီးဖတ်ကြည့်လာတယ်။ (အင်္ဂလိပ်စာ ပါမောက္ခဆရာကြီး မူနှီကလည်း အဲသလိုလာပြီး ဖတ်ကြည့်တာ တွေ့ရတယ်) ။ ကျွန်တော့် အနီးကို လာပြီး နံရံကပ်စာစောင် ဖတ်သူက ဆရာကြီးဦးကိုလေးဖြစ်နေပါတယ်။

 ကျွန်တော်က နောက်ရှိန်သွားတော့  ... ‘ ဟေ့ နေပါဦးကွဲ့၊ မင်းမောင်သာနိုးကို သိသလား’ တဲ့

‘သိပါတယ် ခင်ဗျ’  လို့ဖြေတော

‘အေး မောင်သာနိုး ကိုလည်း ပြောပါ။ ဒီနံရံကပ်စာစောင်ထုတ်သူတွေ အားလုံးကိုလည်း ပြောပြပါ။ ဒီစာစောင်တွေကို မင်းတို့အသစ်လဲရင် လွှင့်မပစ်နဲ့၊ ငါတို့မှာ မော်ကွန်းတိုက်ရှိတယ်၊ မော်ကွန်းထိန်းရုံးကို လာပေးထားပါ’ တဲ့။

ကျွန်တော်လည်း ‘ဟုတ်ကဲ့ ခင်ဗျ’ လို့ပြောပြီး သူငယ်ချင်းတွေကို ပြန်ပြောပါတယ်။
နံရံကပ်စာစောင်ထုတ်သူတွေ အားလုံးလောက်က ပြေးရလွှားရ၊ အဖမ်းအဆီးခံရနဲ့ ဆိုတော့ သူတို့စာစောင်တွေကို မော်ကွန်းထိန်းရုံးကို ပို့ဖြစ်မယ် မထင်ပါဘူး။ ဆရာကြီးရဲ့ စေတနာကိုသာ အမှတ်တရ ဖော်ပြလိုက်တာပါ။

    ကျွန်တော်တို့ခေတ်က ကျောင်းသား သမဂ အဖွဲ့အစည်းဟာ ရန်ကုန် တက္ကသိုလ် ပေါ်ခါစ ၁၉၂၀ ပြည့်နှစ်က တက္ကသိုလ် အက်ဥပဒေအရ တရားဝင် ဖွဲ့စည်းခွင့် ရပါတယ်။ ကျောင်းသားတိုင်းဟာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ပြီး သမဂ္ဂဝင်ကြေးကို တက္ကသိုလ်ရုံးက ကောက်ခံပေးပါတယ်။ နှစ်စဉ် နှစ်တိုင်းသမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲလုပ်ပြီး အရွေးခံရတဲ့ အဖွဲ့က သမဂ္ဂရန်ပုံငွေကို ထုတ်ယူ သုံးစွဲခွင့်ပြုရပါတယ်။ အရွေးခံ အဖွဲ့ဥက္ကဌဟာ အဓိပတိ ဆရာကြီးရှေ့မှာ ခွပ်ဒေါင်းအလံကိုင်ပြီး ကျမ်းသစ္စာဆိုရပါတယ်။

    ကျွန်တော် အရွေးခံရတဲ့ နှစ်မှာ ဥက္ကဌက မြင်းခြံသား ကိုသာလှ တဲ့။ ဆုံးရှာပြီ။ အတွင်းရေးမှူးက မောင်သာနိုး၊ ပြန်ကြားရေး ဗျူရို ဒုတိယဥက္ကဌက မောင်မိုးသူ(ဘကြီးမိုး)၊ ကျွန်တော်က သူနဲ့ တွဲရတဲ့ တွဲဖက် အတွင်းရေးမှူးပါ။ ၁၉၅၈-၅၉ ထင်ပါတယ်။ အရင်နှစ် ၁၉၅၇-၅၈ မှာတော့ ရွေးကောက်ပွဲနဲ့ ရွေးချယ်ခံ အဖွဲ့က ခန့်ထားရတဲ့ စာကြည့်တိုက်မှူးပါ။ သမဂ္ဂအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးရင် တက္ကသိုလ်ဆီးနိတ်အဖွဲ့ကို တက္ကသိုလ်ပြင်ပက လူကြီး လူကောင်းတစ်ဦးလား၊ နှစ်ဦးလား ရွေးချယ်ပြီး တကသ၊ ကိုယ်စားလှယ်အဖြစ် ပို့ပေးရပါတယ်။ လူထုဦးလှ ကဗျာဆရာတက္ကသိုလ် မောင်ထွန်းဝေ ခေါ်ရှေ့နေဦးထွန်းဝေတို့ကို ကိုယ်စားလှယ်ပေးရဖူးတယ်။ အဲဒီကိုယ်စားလှယ်များကိုလည်း ဆရာကြီးဦးဆောင်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေး ဆီးနိတ် အဖွဲ့မှာ ဆရာကြီးက တလေးတစား နေရာပေး ဆက်ဆံလေ့ရှိပါတယ်။ ခုတော့ အားနည်းချက်လို့ ဆိုနိုင်တာ ရှိပါတယ်။ အဲဒီခေတ်က ဖဆဆိုရှယ် အစိုးရအဖွဲ့မှာ တန်ခိုးသြဇာထက်တဲ့ ဝန်ကြီး ဦးကျော်ညိမ်း၊ ရွှေမန်းသား ဝန်ကြီး ဗိုလ်ခင်မော်လေးတို့ ဆိုရှယ်လစ် ဂိုဏ်းဝင်တွေထဲမှာ ဆရာကြီးလည်း ပါဝင်တယ်လို့ သိထားရပါတယ်။ ဒါပေမယ့်ဆရာကြီးက လူကြီး သိက္ခာ မပျက်ရှာပါ။ ဒီအက်စ်အိုဘက်ကို မပင်းဖူးပါ။ တစ်ဦးကိုလည်း မငဲ့နိုင်ပါ။

    တကယ်တော့ ဆရာကြီး ဦးကိုလေးတို့ ခေတ်က လူငယ်တွေဟာ နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးသမားတွေချည်း ဖြစ်ခဲ့ကြပါတယ်။ ဆရာကြီးလည်း နိုင်ငံရေးစိတ်ဓါတ် ထက်သန်သူ တစ်ဦးအဖြစ် ကျော်ကြားခဲ့သူပါ။ စစ်ကိုင်း ဦးဖိုးသင်းနဲ့ စစ်ကိုင်းစာရေးဆရာကြီး မဟာဆွေတို့ရေးတဲ့ စာတွေက လူငယ်တွေကို မျိုးချစ်စိတ် ထက်သန်အောင် လှုံ့ဆော်တဲ့ စာတွေမဟုတ်လား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း စစ်ကိုင်းချောင်က ယောဂီမှိုင်း အသွင်နဲ့ ဘွိုင်ကောက်ဋီကာ၊ ဒေါင်းဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာတွေကို ရေးနေတဲ့အချိန် မဟုတ်လား။ မျိုးချစ်နိုင်ငံရေးသမားတစ်ဦး အနေနဲ့ မျိုးချစ်မောင်၊ မျိုးမြန်မာစတဲ့ ကလောင်အမည်တွေ ယူပြီး စာတွေရေးခဲ့ဖူးသေးသတဲ့။ အမြဲရေးတဲ့ ကလောင်အမည်ကတော့ ‘ဇေယျာမောင်’ ပေါ့။ ကျောင်းသားလူငယ်ဘဝက ခေတ်ပြိုင် စာနယ်ဇင်းတွေဖြစ်တဲ့ ဒဂုန်ကြီးပွားရေးတို့မှာ ကလောင်သွေးခဲ့တယ်။ ဇေယျာမောင်တို့ရဲ့ စာပေါင်းချုပ်တွေ ရှာဖွေစုဆောင်းထုတ်ဝေကြဖို့ တာဝန်ယူကြရမယ် ထင်ပါတယ်။

    ဇေယျာမောင်ဟာ မန္တလေးမှာ ‘ဒို့ခေတ် မဂ္ဂဇင်း’ ကို ၁၉၃၄ ခုနှစ်မှာ ပန်းချီဆရာ ဘဏ်ဦးခင်မောင်၊ ဝတ်လုံဦးကျော်လှ တို့နဲ့အတူ တည်ထောင်ထုတ်ဝေခဲ့ဖူးပါတယ်။ အသက် ၂၁အရွယ်ပေါ့။ သခင်အောင်ဆန်းတို့ ၁၉၃၆ သပိတ်မှောက်တော့လည်း  ၂၁အရွယ်ပေါ့။ (ဦးကိုလေးက သခင်အောင်ဆန်းတို့၊ စစ်ကိုင်းသူ ဒေါ်ခင်မျိုးချစ်တို့ထက် အသက် ၂နှစ်ကြီးပါတယ်) ‘ဒို့ခေတ်မဂ္ဂဇင်း’ ဟာ အစိုးရကို ဆန့်ကျင်လို့ဆိုပြီး အာမခံ အတောင်းခံရတဲ့အပြင် ရပ်စဲခံလိုက်ရပါတယ်။ ဇေယျာမောင်ဟာ ၁၉၄၅ ခုနှစ်မှာ ‘စက္ကူဖြူပြဇာတ်’ ကို ရေးသားထုတ်ဝေခဲ့ရာမှာ ဆရာကြီးဦးသိန်းဖေမြင့်ရဲ့ ‘ဦးစော ဗိလပ်သွားပြဇာတ်’၊ စာရေးဆရာကြီးမောင်ထင်ရဲ့ ‘မောင်ထင်ရဲ့ ‘ဗမာသစ်’ ပြဇာတ်တို့နဲ့ အပြိုင် ထင်ရှားကျော်ကြားခဲ့ပါတယ်။ (စက္ကူဖြူပြဇာတ်ကိုလည်း ပြန်ထုတ်ဝေသင့်ပါတယ်)

    ဆရာကြီး ဦးကိုလေးဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်ပါတယ်။ ဘုန်းကြီးကျောင်းမှာ အသက် ၁၀နှစ်အရွယ်ထိ သဒ္ဒါသင်္ဂြိုဟ် သင်ယူခဲ့ဖူးတယ်။ ဦးကိုလေးဟာ အသက် ၁၀ နှစ်ကျော်မှာ အမျိုးသားကျောင်းနဲ့ စစ်ကိုင်းအစိုးရ အထက်တန်းကျောင်းတို့ကို အဆင့်ဆင့်ပြောင်းပြီး ပညာသင်ပါတယ်။ ၁၀တန်းအောင်တော့ မန္တလေးဥပမာ ကောလိပ်ကို ၂နှစ်တက်ရပါတယ်။ ဥပစာ ကောလိပ်ဆိုတာက တက္ကသိုလ်မှာ ဥပစာတန်း ၂တန်း၊ ဝိဇ္ဖာတန်း ၂နှစ်၊ စုစုပေါင်း ၄နှစ် သင်ရတာမှာ ပထမ၂နှစ်သာ သင်ခွင့်ရှိလို့(ဘွဲ့မပေးနိုင်လို့) မန္တလေးဥပစာ ကောလိပ်လို့ ခေါ်တာပါ။ ဥပစာတန်းပြီးမှ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သိပ္ပံဘွဲ့(ဘီအက်စ်စီ) ကို ဓာတုဗေဒဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ပညာထူးချွန်လို့ ဘိလပ်ကိုလွှတ်တော့ ၁၉၄၂ မှာ မဟာသိပ္ပံဘွဲ့ရပါတယ်။ ၁၉၄၄ အထက် ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့ ဥက္ကဌတာဝန်ယူခဲ့ဖူးသတဲ့။ စစ်ကြီးပြီးတဲ့ ၁၉၄၇ ကျမှ မန္တလေး ဥပစာကောလိပ်ကို ရောက်ရှိ အုပ်ချုပ်ရပါတယ်။ ၁၉၆၃ မှာ ဆရာကြီး အငြိမ်းစားယူပြီးတော့ ဇေယျာမောင် ကလောင်အမည်နဲ့ပဲ စာတွေဆက်ရေးတယ်။ ဆရာကြီး တက္ကသိုလ်ကို အုပ်ချုပ်ရတော့မယ်ဆိုတော့ တက္ကသိုလ် အုပ်ချုပ်ရေး ပညာကို အမေရိကန်ပြည်ထောင်စုမှာ သွားသင်ရသေးတယ်။ အဲဒီတုန်းက စာကြည့်တိုက်တွေကို ဝင်ခဲ့တော့ နယူယောက်တိုင်းမ် သတင်းစာမှာ သီပေါမင်းခေတ် သတင်းတွေတွေ့ရလို့ ကူးယူခဲ့ပြီး ဘာသာပြန်တယ်။ အဲဒါကို စာအုပ်ထုတ်ချင်တယ်ဆိုတော့ ကျွန်တော်က မြန်မာစာ ကထိက ဦးမောင်မောင်တင် လက်က တောင်းယူပြီး ရန်ကုန်က ပုဂံစာအုပ်တိုက်ကို ပို့ပေးလိုက်ပါတယ်။ အငြိမ်းစားဘဝမှာ ပထမဆုံးထုတ်တဲ့ စာအုပ်ကို ထုတ်နိုင်ဖို့ သူ့တပည့်တစ်ဦးအနေနဲ့ ဆရာကြီးကိုတောင် ဘာမှမပြောဘဲ ကူညီခဲ့တာပါ။ ဆက်ပြီးတော့ ဘာသာပြန်တဲ့ဘက်ကို ဆရာကြီးလုပ်ပါတယ်။ စာပေဗိမာန်စာမူဆုတွေ ဝင်ပြိုင်တော့ ပထမနှစ်ခါရပါတယ်။ ဒုတိယက တစ်ခါရပါတယ်။

    သည်နောက်တော့ ဆရာကြီးဟာ ဘာသာရေးဘက်ကို လှည့်သွားပြီး ဝိပဿနာတရား၊ အားထုတ်တာကို ထိထိရောက်ရောက်လေ့လာ လိုက်စားပါတယ်။ ဝိဿနာ ဆရာကြီးများဖြစ်ကြတဲ့ ဦးဘခင်၊ ဂုရုကြီးဂိုအင်ကာ မဟာစည်ရိပ်သာတို့မှာ နည်းခံ တရားအားထုတ်တဲ့အပြင် ဆရာကြီးများရဲ့ ကျင့်စဉ်တရားစာတွေကို စုပေါင်းတည်းဖြတ်ပြီး စာအုပ်တွေထုတ်ဝေပါတယ်။ ဒေါက်တာ ရာဟုလာ ဝါလ်ပိုရဲ့ What the Buddha Taught စာအုပ်ကိုလည်း ‘မြတ်ဗုဒ္ဓ ဒေသနာအမည်နဲ့ ဘာသာပြန်ထုတ်ဝေပါတယ်။ မဟာစည်ဆရာတော် တိပိဋကဓရ ဆရာတော်ကြီးနဲ့ အရှင်ဇနကာဘိဝံသတို့ရဲ့ ကျမ်းများကိုလည်း အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထုတ်ဝေပါတယ်။ နိုင်ငံတော် ပရိယတ္တိသာသနာ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်၊ မြန်မာစာအဖွဲ့စသည်တို့မှာလည်း ကျမ်းပြခြင်း၊ ဘာသာပြန်ခြင်း၊ (မြန်မာမှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာသို့) စသဖြင့် ပါဝင်လုပ်ဆောင်ပေးခြင်း၊ စာပေပို့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာတွေကြောင့် မဟာသဒ္ဓ မ္မဇောတိကဘွဲ့ စာပေဘက်မှလည်း ဦးအုန်းဖေ တစ်သက်တာစာပေဆုနဲ့ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် ပထမဆင့်ကို ၂၀၀၂ ကရရှိခဲ့ပါတယ်။

    ခုနှစ်တော့ အသေအချာ မမှတ်မိတော့ပါ။ ကဗျာဆရာတင်မိုး ထောင်က လွတ်လာပြီး ပြုလုပ်တဲ့အလှူပွဲ တစ်ခုမှာ တင်မိုးရဲ့ ဆရာကြီးနဲ့ ကျွန်တော်နောက်ဆုံး တွေ့ဆုံခြင်းအနေနဲ့ တွေ့လိုက်ရပါတယ်။ တရုတ်သံရုံး၊ ဗမာနိုင်ငံခြားရေးရုံးတို့ရှိရာ ရပ်ကွက်ထဲမှာရှိတဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသရဲ့ တရားရိပ်သာမှာ ဖြစ်ပါတယ်။ အဆောက်အအုံနဲ့ ဝင်းတံခါးမကြီးကြားမှာ မြေနေရာက ဧကဝက်လောက်ရှိမလားပဲ။ နေက ချစ်ချစ်တောက် ပူနေပါတယ်။ မြေကွက်လပ် အလယ် အဝင်အထွက်မှာ ဆရာကြီးနဲ့ ကျွန်တော်ဆုံမိတော့ ကျွန်တော်တို့ အညာ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း နေပူသဲပြင်ထဲမှာပဲ ထိုင်ချပြီး ကျွန်တော်ကန်တော့ပါတယ်။ ‘ဆရာကြီး ကျွန်တော့် မှတ်မိရဲ့လား’ မေးတော့ ‘မောင်ဝင်းဖေရယ်၊ ဘာလို့မမှတ်မိရမှာလဲ’ လို့ နာမည်ရင်းခေါ်ပြီး ပြန်လည် နှုတ်ဆက်တော့၊ ကျွန်တော်အလွန်ဝမ်းသာရပါတယ်။ ၁၉၉၅ နောက်ပိုင်းမှာ ထင်ပါတယ်။

၂၀၀၃မှာ ဆရာကြီး ဆုံးရှာပါတယ်။ ကျွန်တော်က ပြည်ပရောက်နေပါပြီ။ နိုင်ငံရဲ့ ကောင်းကျိုး၊ သာသနာရဲ့ အကျိုးတွေကို တစ်သက်လုံး အများကြီး ထမ်းဆောင်သွားတဲ့ ကျွန်တော်တို့ ဆရာကြီး ဦးကိုကိုလေး၊ စာရေးဆရာကြီး ဇေယျာမောင်ဟာ ကောင်းရာသုဂတိ ရောက်ရှိချမ်းမြှေ့နေမှာပါ။ ဆရာကြီး ကန်တော့လျက်။

မောင်စွမ်းရည်
ဒီဇင်ဘာ၊ ၂၀၁၅

(ဓာတ်ပုံစာ - မန္တလေး ၊ ၂၅-၉-၂ဝ၁၃၊ မန္တလေး တက္ကသိုလ် ဒုတိယ အဓိပတိ ဆရာကြီး ဦးကိုလေး ( စာရေးဆရာ ဇေယျာမောင် ) ကြေးရုပ် စိုက်ထူ လှူဒါန်းပွဲ၊ စက်တင်ဘာ၂၃ ရက် နံနက် ၉ နာရီက မန္တလေး တက္ကသိုလ် ပင်မဆောင်ရှေ့)

Wednesday, November 25, 2015


မောင်သစ်လွင် (လူထု) (ဓာတ်ပုံ – ရန်ပိုင် / ဧရာဝတီ)




မောင်သစ်လွင် (လူထု) ပြောပြတဲ့ လူထုဒေါ်အမာ အမှတ်တရများ

အေးမွန်ရာပြည့်၊ ဧရာဝတီသတင်းဌာန၊ နိုဝင်ဘာ ၂၅၊ ၂၀၁၅

အမေမာလို့ အမြတ်တနိုး ခေါ်ကြတဲ့ လူထုဒေါ်အမာ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ နီးလာပြီဆိုတော့ အမေမာ အမှတ်တရ စာတွေ၊ ကဗျာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်နေရပါပြီ။ လူထုဒေါ်အမာကို ၁၉၁၅ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဆိုရင် မွေးနေ့နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲကို မန္တလေးမြို့မှာ စည်စည်ကားကား၊ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားကြဖို့ စာပေအသိုင်းအ၀ိုင်း တခုလုံးက အားခဲထားကြပါတယ်။
နှစ် ၁၀၀ ပြည့်ပွဲရောက်ခါနီးမှာ အမေမာရဲ့ အမှတ်တရပုံရိပ်တွေကို စာဖတ်သူတွေနဲ့ ပြန်လည်ထိတွေ့ပေးနိုင်ဖို့အတွက် လူထုဒေါ်အမာနဲ့ နှစ်ပေါင်းများစွာ အနီးကပ် လက်တွဲအလုပ်လုပ်ခဲ့တဲ့ လူထုသတင်းစာတိုက်ရဲ့ အယ်ဒီတာဖြစ်ခဲ့သူ ဆရာကြီး မောင်သစ်လွင် (လူထု) ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ မောင်သစ်လွင် (လူထု) ပြောတဲ့အထဲမှာ လူထုဒေါ်အမာနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်စေမယ့် အတိတ်ပုံရိပ်တွေ အများကြီးပါပါတယ်။
ဆရာကြီး မောင်သစ်လွင် (လူထု) သတင်းစာ အယ်ဒီတာ အိမ်ကို ရောက်ရောက်ချင်း အမေမာ အမှတ်တရ အမေးအဖြေ လုပ်ချင်လို့ဆိုပြီး ပြောလိုက်တော့ အသက် ၈၂ နှစ် ဖြစ်ပြီ ဖြစ်တဲ့ မောင်သစ်လွင် (လူထု) က သူ့အမှတ်ရချက်တွေကို တောက်လျှောက် တဆက်တည်း ပြောချသွားပါတော့တယ်။ ဆရာကြီး မောင်သစ်လွင် (လူထု) ပြောပြချက်တွေကို ပြန်လည်စီစဉ် တင်ပြလိုက်ပါတယ်။

လူထုဒေါ်အမာနဲ့ မောင်သစ်လွင် (လူထု) ပထမဆုံးတွေ့ဆုံမှု

မောင်သစ်လွင် (လူထု) က လူထုဒေါ်အမာနဲ့ ပထမဆုံး တွေ့ဆုံပုံကို ပြောပြပါတယ်။
“၁၉၅၇ ဇန်န၀ါရီလထဲမှာ ဆရာကြီးနေတဲ့ ချောက်မြို့ကနေ အလုပ်လုပ်ချင်တယ်ဆိုပြီး လူထုတိုက်ကို စာရေးလိုက်တယ်။ ဒေါ်အမာက လာခဲ့ပါဆိုတဲ့ စာလေး လှမ်းပို့လိုက်တယ်။ ဒါနဲ့ မန္တလေးကိုလာတယ်။ တွေ့တဲ့နေ့မှာ မေးခွန်းတွေ အများကြီး မေးပါတယ်။ အလုပ်ခွင်ထဲက စားပွဲပေါ်မှာမေးပါတယ်။ အဲ့ဒီတုန်းက သူ့အမျိုးသား လူထုဦးလှဟာ ထောင်ကျနေတယ် ဆိုတာ ဘဘ မသိခဲ့ဘူး။ စကားပြောက သိပ်ယဉ်ကျေးတယ်။ သိပ်သိမ်မွေ့တာပဲ။ အသက် ၂၀ ကျော် လူငယ်လေးကို အသက် ၄၀ လောက် အမျိုးသမီးကြီးက လေးလေးစားစားကို ပြန်ပြောခဲ့တာ”။
“မေးခွန်းတွေ အများကြီးထဲမှာ မေးခွန်းတခုကို ဒေါ်ဒေါ် (လူထုဒေါ်အမာ) က အရေးအကြီးဆုံး မေးခွန်းလေးတခု မေးတယ်။ ‘နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အဆက်သွယ်ရှိလား၊ ရှိရင် မပေးဝံ့ဘူး’ တဲ့။ ဘဘက လိမ်လိုက်တယ်။ ‘ကင်းရှင်းပါတယ်’ ဆိုပြီးတော့ပေါ့။ တကယ်က အဲ့ဒီအချိန်မှာ ဘဘ အစ်ကိုအရင်းက နိုင်ငံရေးသမားစစ်စစ်ကြီး၊ တောခိုသွားခဲ့တာ။ နောက်ပိုင်းမှာ အယ်ဒီတာဖြစ်ပြီးမှ ကျနော့်အစ်ကိုက ဒီလိုပါဆိုပြီး ဒေါ်ဒေါ်ကို ပြန်ပြောတော့ ‘မောင်သစ်လွင် မင်းက သိပ်လူလည်လုပ်တာပဲ’ ဆိုပြီး ဒေါ်ဒေါ်က ရယ်လိုက်တာ ဆိုတာလေ”။
ပြောနေတဲ့အချိန်မှာ ဆရာကြီးရဲ့ အသံဟာ တက်ကြွနေတယ်။ ပြီးတော့ အင်တာဗျူး ဖြေနေရင်း အရွှန်းကလည်း ဖောက်လိုက်ပါ သေးတယ်။
“မောင်သစ်လွင်လို့ပဲ ရေးပါနော်၊ ဒါမှ ဘဘကို အသက်မကြီးဘူးထင်ကြမှာ”။
လူထုသတင်းစာကို ၁၉၄၆ ဧပြီလ ၁၉ ရက်နေ့က စထုတ်ပြီး ၁၉၅၉ မတ်လ ၁၂ ရက်နေ့မှာ အစိုးရက ပိတ်ခိုင်းပါတယ်။ မောင်သစ်လွင် (လူထု) က ၁၉၅၇ ခုနှစ်မှာမှ လူထုတိုက်မှာ စအလုပ်ဝင်တာဖြစ်လို့ ၂ နှစ်လုပ်ခဲ့ရတယ်။ နေ့ပိုင်း အယ်ဒီတာအနေနဲ့ပါ။ သတင်းစာပိတ်လိုက်ပေမယ့် လူထုဒေါ်အမာရော၊ လူထုဦးလှရောက ဘယ်မှမသွားခိုင်းဘဲ လူထုတိုက်မှာပဲ ဆက်နေစေခဲ့တယ်။ ၁၉၆၀ မေလ ၁၀ ရက်ကျတော့ သတင်းစာ ပြန်ထုတ်ခွင့်ရခဲ့ပြန်တယ်။ ဒီအချိန်မှာကျတော့ ညပိုင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရတယ်။

အမှတ်တရ (၁)

လူထုသတင်းစာတိုက်မှာ အယ်ဒီတာတဦးဖြစ်လာဖို့ လူထုဒေါ်အမာကအနီးကပ် သင်ကြားပေးခဲ့ပါတယ်။ သင်ပေးတယ် ဆိုပေမယ့် အခြေခံကအစ လုပ်တတ်အောင် လမ်းညွှန်ပေးခြင်းသာဖြစ်ပြီး စာရေးတဲ့အခါမှာတော့ ဘယ်လို စာမျိုးရေးပါ၊ ဘယ်လိုဟာမျိုးတော့ မရေးနဲ့၊ ဘယ်လိုပုံစံ ရေးပါဆိုတာမျိုး ဘယ်တော့မှ ၀င်စွက်ဖက်တာမျိုး တခါမျှမရှိခဲ့ပါဘူးလို့ မောင်သစ်လွင် (လူထု) ကပြောပါတယ်။
“ဒေါ်ဒေါ်ဟာ ဘဘကို အလုပ်သင်ပေးတယ်ဆိုတာ ခိုင်းတာ၊ဘယ်လိုရေးရတယ်၊ ဘယ်လိုလုပ်ရတယ် ပြောတာမျိုး မဟုတ်ဘူး။ အယ်ဒီတာ တယောက်အနေနဲ့ သတင်းထောက်တွေ ပေးလိုက်တဲ့ သတင်းရှည်တွေ၊ ဖောင်းပွနေတဲ့စာတွေကို တိုတိုကျစ်ကျစ်ဖြစ်အောင် ချုံ့ခိုင်းတယ်။ လိုရင်းပွိုင့်ကို ထုတ်ခိုင်းတယ်။ နိုင်ငံတကာ သတင်းစာလိပ်ကြီးတွေကို ညတိုင်းဖတ်ခိုင်းတယ်။ ဘာသာတွေပြန်ခိုင်းတယ်။ အဲဒီတော့ ကြိုးစားပြီး ပြန်ရတယ်။ နောက်ပိုင်း ဘယ်လောက်အထိ ဖြစ်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကိုတောင် ဘာသာပြန်နိုင်တဲ့အဆင့် ရောက်တယ်။ မောင်သစ်လွင် ဘွဲ့တောင် မရဖူးပါဘူးဗျာ။ ဒေါ်ဒေါ့်ကျေးဇူးကြောင့်သာ အဲ့ဒီလိုတွေ ဘာသာပြန်နိုင်ခဲ့တာပါ”
လူထုသတင်းစာရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ လူထုသတင်းစာဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး စတဲ့သတင်းတွေကိုပဲ တောက်လျှောက် ရှေ့တန်းတင်ရေးခဲ့တယ်။ သူတို့ရပ်တည်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်လိုစာမျိုးဖြစ်ဖြစ် မောင်သစ်လွင် (လူထု) ကို လွတ်လွတ်လပ်လပ်နဲ့ ရေးခွင့်တွေပေးခဲ့တယ်။

အမှတ်တရ (၂)

ညပိုင်းဆိုရင် ရေဒီယိုသတင်းတွေကို လိုက်နားထောင်ရတယ်။ ၁၉၆၁ မှာ လူထုဒေါ်အမာက လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများ စတဲ့ နိုင်ငံတကာ ဝေဖန်ရေးဆောင်းပါးတွေ ရေးနေပြီဆိုတော့ သူကလည်း ရေဒီယိုနားထောင်တယ်။ ရေဒီယိုသတင်းနားထောင်ရင်း ဆရာကြီးနဲ့ အမေမာတို့ရဲ့ နောက်ထပ်အမှတ်ရစရာ ရှေးဟောင်းနှောင်းဖြစ် ဖြစ်ရပ်တခုကို ယခုလို ထပ်ပြောပြပါတယ်။
“ရေဒီယို နားထောင်ရင်း တညကျတော့ ဘဘအစ်ကို တိုက်ပွဲမှာ ကျသွားတဲ့သတင်းကြီး တက်လာပါရော၊ တက်လာတော့ ဒေါ်ဒေါ်ရော၊ ဘဘရော နှစ်ယောက်သား တယောက်နဲ့ တယောက် မျက်လုံးချင်းဆုံပြီး ခနတိတ်ဆိတ် ငေးငိုင်သွားကြတာ၊ ဒါပေမယ့် ခနလေး ငေးငိုင်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့ သတင်းအလုပ်ပဲ ဆက်လုပ်ခဲ့ကြတာ”

အမှတ်တရ (၃)

“ဘဘက အယ်ဒီတာဆိုတော့ သတင်းရေးရတာ နည်းတယ်။ တည်းဖြတ်ရတယ်။ ဒေါ်ဒေါ်ကလည်း ရေးပြီးရင် ဘဘလက်ထဲ အပ်ရတယ်။ အပ်ရင်းနဲ့ ဘာပြောလဲဆိုတော့ ‘ရော့ … မောင်သစ်လွင်တဲ့၊ မင်းက ဖြတ်တာတောက်တာ ရဲတယ်၊ ရော့မင်းကြိုက်သလိုလုပ်’ ဆိုပြီးပြောပြီးပေးတယ်၊ ဆရာသမား တယောက်ကနေ ကိုယ့်တပည့်တယောက်ကို အဲဒီလိုပြောပြီး အပ်တယ်ဆိုတာ ရှားတယ်လေ”။

လူထုဒေါ်အမာရဲ့ လူသိနည်းတဲ့အချက်

လူထုဒေါ်အမာဟာ ဂီတကိုလည်း ချစ်မြတ်နိုးတယ်၊ ဂီတနဲ့ လူထုဒေါ်အမာ ဆက်စပ်ပြီး အမှတ်တရ ဖြစ်ရပ်တခုလည်း ရှိတယ်ဆိုပြီး ဆရာကြီးက ခုလိုပြန်ပြောပြတယ်။
“ဒေါ်ဒေါ်ကလေ ဂီတလည်း ၀ါသနာပါတယ်။ ပြည်သူချစ်သော အနုပညာရှင်များ စာအုပ်ရေးဖို့ အင်တာဗျူးလုပ်တော့ တချို့သီချင်းတွေ စာသားလေးတွေ လိုက်ဆိုတယ်၊ သိပ်ချစ်စရာကောင်းပါတယ်။ သူဝါသနာပါသလို ဂီတ ၀ါသနာပါသူကိုလည်း မြေတောင်မြှောက်ပေးတဲ့ အကြောင်းလေးပြောချင်တယ်။ ဘဘက ပတ္တလားတီး သင်ချင်တယ်ဆိုတော့ ပတ္တလားတီးတဲ့ဆရာကြီးတဦးနဲ့ ချိတ်ပေးဖူးတယ်။ တနေ့ကို ၂ နာရီအချိန်ပေး သင်ခိုင်းတယ်၊ အယ်ဒီတာတယောက်ကို အလုပ်ချိန်ထဲက အချိန်ဖဲ့ပေးတာနော်။ ဒေါ်ဒေါ်က ခွင့်ပြုလို့ သီးသန့်သင်ခဲ့ရတာ။ တပည့် တယောက်အတွက် အချိန်ကို အလုပ်ချိန်ထဲက ဘယ်သူက ထုတ်ပေးမှာလဲ၊ အဲ့ဒါလေးကတော့ တကယ့်အမှတ်တရပါပဲ”။

သတင်းစာဆရာဖြစ်ဖို့ လူထုဒေါ်အမာကို တွန်းအားပေးခဲ့တဲ့စာအုပ်

“ဒေါ်ဒေါ် ငယ်ငယ်တုန်းက ကျောင်းသူဘ၀ကတည်းက ၀တ္ထုတိုလေးတွေကို လှမဉ္ဇူ၊ ခင်လ၀င်း ဆိုတဲ့နာမည်တွေနဲ့ ရေးပါတယ်။ အဲဒီလိုရေးရင်းနဲ့ ဒေါ်ဒေါ့်ရဲ့ ဆရာဖြစ်သူ ဆရာကြီး ဦးရာဇတ်က မောရစ်ကောလစ်ရေးသားတဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သော မှုခင်းများစာအုပ်ကို ဘာသာပြန်ရေးဖို့ တိုက်တွန်းခဲ့တယ်။ အဲဒီစာအုပ်မှာ သတင်းဖော်ပြတဲ့ပုံစံတွေ အများကြီးပါတာကြောင့် ဘာသာပြန်ရင်း ကနေတဆင့် ဒေါ်ဒေါ့်မှာ သတင်းစာဆရာ ပိုးဝင်သွားတာ၊ ဆရာကြီး ဦးရာဇတ်ကျေးဇူးကြောင့်သာ သူသတင်းစာဆရာဖြစ်တယ်လို့ သူ့ကိုယ်သူ အမြဲပြောလေ့ရှိတယ်။ စာနယ်ဇင်းသမားဖြစ်ဖို့ ဒီစာအုပ်က ဒေါ်ဒေါ့်ကို လှုံ့ဆော်ပေးခဲ့တာ”။

လူထုဒေါ်အမာရဲ့ လေးစားစရာကောင်းတဲ့အချက်

ဒီမေးခွန်းကို မေးလိုက်တော့ ဆရာကြီး မောင်သစ်လွင် (လူထု) က အာမေဋိတ်သံပြုပြီး ဖြေတယ်။
“ဟာ … သိပ်ကိုဇွဲရှိတယ်။ ယုံကြည်ချက်ကို ဘယ်တော့မှ အလံမလှဲစတမ်းဆိုတဲ့ အမျိုးသမီး၊ ဘဘ လူထုတိုက် စရောက်တဲ့အချိန်မှာ ဦးဦး (လူထုဦးလှ) က ထောင်ထဲမှာ (အဲဒီအချိန်မှာ လူထုဦးလှက အယ်ဒီတာ၊ ဒေါ်အမာက အယ်ဒီတာ အဖွဲ့ဝင်ပါ)။ ကလေးတွေက ကျောင်းနေအရွယ်တွေ ပုစိနောက်တွေ၊ ဒီကလေးတွေရဲ့ တာဝန်ကလည်း ယူရသေးတယ်။ သတင်းစာကြီး တစောင်လုံးရဲ့ တာဝန်ကလည်း ရှိသေးတယ်။ လူထုဂျာနယ်ကြီး တာဝန်ကလည်း ရှိသေးတယ်။ ခင်ပွန်းတယောက်လုံး ထောင်ထဲရောက်နေတာတောင် သူ့ရဲ့ယုံကြည်ချက်ကို အယိမ်းအယိုင် မခံဘဲနဲ့ တောက်လျှောက် လုပ်သွားတာ။ တကယ်ကို ချီးကျူးလေ့စားစရာကောင်းတဲ့ အမျိုးသမီးပါပဲ”။

လူထုဒေါ်အမာ ကလောင်အမည် ဘာကြေင့် အခုချိန်အထိ စွဲစွဲမြဲမြဲ ထင်ကျန်နေရတာလဲ

“သူတသက်လုံးလုပ်ခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာ ဘ၀တွေတလျှောက်လုံးမှာ သူရဲ့ရပ်တည်ချက်က ပြည်သူ့ဘက်မှာပဲ အမြဲတမ်း ရှိနေခဲ့တယ်။ ဒါကြောင့် ပြည်သူက မမေ့နိုင်ခဲ့ဘူး။ ယဉ်ကျေးမှုဆိုင်ရာ တွေမှာဆိုရင်လည်း သဘင်တို့ ဘာတို့လို ယဉ်ကျေးမှုတွေ ရေးခဲ့တယ်။ စာနယ်ဇင်းသမား တယောက်အနေနဲ့ဆိုရင် ကိုယ် အထုထောင်း ခံပြီးတော့ကို ပြည့်သူ့ဘက်မှာနေပြီး ရေးခဲ့တယ်။ ဒီလိုမျိုး ပြည်သူ့ဘက်က ပါခဲ့လို့ အခု နှစ်တရာပြည့်တဲ့အထိ ပြည်သူက သူ့ကိုမမေ့နိုင် ဖြစ်နေကြသေးတာလို့ ဘဘကမြင်တယ်”
ကမ္ဘာနဲ့ချီကြည့်မယ်ဆိုရင်လည်း တကမ္ဘာလုံးမှာ ခံနေရတဲ့သူတွေဘက်က လွတ်မြောက်ရေးတွေပဲ တလျှောက်လုံး ရေးခဲ့တယ်။ လူထုသတင်းစာမှာတုန်းက ရေးခဲ့တဲ့ နိုင်ငံတကာရေးရာ လက်ငင်းပြသနာတွေနဲ့ ပတ်သက်တဲ့ စာတွေကို သက်ဆိုင်ရာနိုင်ငံတွေက ဂျာနယ်၊ သတင်းစာတိုက်တွေမှာ ဘာသာပြန်ပြီး ပြန်သုံးကြတဲ့အထိပါပဲ။

လူထု ဒေါ်အမာသာ အသက်ရှိနေမယ်ဦးမယ် ဆိုရင်

“အင်မတန်ကို တက်ကြွလန်းဆန်းနေမယ်လို့ မြင်တယ်။ အစိုးရခေတ် အဆက်ဆက်မှာ လူထုတိုက်ဟာ အထုအထောင်း ခံခဲ့ရတယ်။ ဖဆပလအစိုးရ ဦးနုခေတ်၊ အိမ်စောင့်အစိုးရ ဦးနေ၀င်းခေတ်၊ ဗိုလ်ချုပ်နေ၀င်းခေတ်၊ စစ်အစိုးရခေတ် အစရှိသဖြင့် ဆက်တိုက်ပဲ၊ မျက်စိဒေါက်ထောက် ကြည့်ခံရတယ်။ ဦးလေး (လူထုဦးလှ)၊ ဒေါ်ဒေါ်၊ ညီပုလေး (လူထုဒေါ်အမာ၏ သား) တို့ တောက်လျှောက် ဖမ်းဆီးခံရတယ်။ ဒါကြောင့်ခုချိန်မှာ ဒေါ်ဒေါ်ရှိနေသေးရင် တော်တော်ကို ၀မ်းသာနေရှာမှာ” လို့ ဆရာကြီးက ပြောပါတယ်။
လူတယောက်ဟာ သူအသက်ရှင်နေရတဲ့ လူ့သက်တမ်းအတွင်း နာမည်တလုံးကျန်ရှိအောင် ကောင်းမွန်ဖြူစင်စွာ ထိန်းနိုင်ဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ ကွယ်လွန်ပြီးတဲ့ အချိန်မှာလည်း လူအများရဲ့ ရင်ထဲမှာ နာမည်တလုံးကို နှစ်ရှည်လများ မမေ့မလျော့ စွဲကျန်ထင်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှပါတယ်။
အမေမာလို့ တလေးတစားခေါ်ကြတဲ့ လူထုဒေါ်အမာကတော့ သူအသက်ရှင်စဉ် အချိန်မှာရော၊ သူကွယ်လွန်ပြီး ချိန်မှာပါ သူ့ရဲ့နာမည်ကို တောက်လျှောက် ထိန်းသိမ်းသွားခဲ့ပါတယ်။ အမေမာ အသက်ရှင်စဉ်အတွင်း လုပ်ခဲ့လုပ်ရပ်တွေ၊ ရပ်တည်ချက်တွေ၊ ရေးထားခဲ့တဲ့စာတွေကြောင့် “လူထုဒေါ်အမာ” ဆိုတဲ့ အမည်ဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ ကျောက်သားပမာ စွဲမြဲထင်ကျန်ခဲ့နေခဲ့ပါတယ်။

Wednesday, November 18, 2015

မောင်စွမ်းရည် လှည်းတန်းက ရာပြည့်ဓာတ်ပုံပြခန်း အလည်ရောက်

 (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅
 
ယခုလရာပြည့်တဲ့ ဆရာမကြီး လူထုဒေါ်အမာ ဓာတ်ပုံနောက်ခံနဲ့ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မောင်စွမ်းရည်၊ ထင်အောင်၊ တက္ကသိုလ်ရွှေရီဝင်း

 နိုဝင်ဘာ ၁၈၊ နေ့ခင်းက လှည်းတန်းစင်တာ၊ တတိယထပ်ရှိ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်နဲ့ မိတ်ဆွေများ ရာပြည့်ဓာတ်ပုံပြခန်းကို ဆရာမောင်စွမ်းရည်နဲ့ ဆရာမဒေါ်စမ်းစမ်းနွဲ့တို့ အလည်အပတ်ရောက်ရှိခဲ့ပါတယ်။ စာရေးဆရာ လင်းယုံနီ၏ သား စာရေးဆရာ ထင်အောင်လည်း လာရောက်နှုတ်ဆက်တာကို တွေ့ရပါတယ်။ ဆရာမ တက္ကသိုလ်ရွှေရီဝင်း၊ ဂျုနီယာဝင်း၊ မယုနဲ့ ရန်နောင်(ဗိုလ်တထောင်)တို့က ဧည့်ခံကြိုဆိုခဲ့ပါတယ်။  
  ရာပြည့် စာပေမိတ်ဆွေများ ပြခန်းကို ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့ရာပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၅ မေလက မိုးမခမီဒီယာဝိုင်းတော်သားများ အစီအစဉ်နဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်တို့နဲ့ ခေတ်ပြိုင် စာပေနဲ့ နိုင်ငံရေးမိတ်ဆွေများရဲ့ ပုံတူ ဓာတ်ပုံ၊ ပန်းချီတွေ စုစည်း တင်ဆက်ထားတာ ဖြစ်ပါတယ်။ ၂၀၁၅ မှာ ရာပြည့်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အမှူးထားတဲ့အပြင် ဆရာကြီး လူထုဦးလှ၊ လူထုဒေါ်အမာတို့ ရုပ်ပုံများလည်း ပါဝင်ပါတယ်။ လက်ရှိမှာ ဓာတ်ပုံပေါင်း ၈၀ ကျော်ခန့် စုဆောင်းထားပြီး ဖြစ်ပါတယ်။
 
  ပြခန်းရဲ့ လက်ရှိနေရာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် စစ်အစိုးရလက်ထက်မှာ မူလက ဦးခင်မောင်လတ်ရဲ့ အင်္ဂလိပ်စာ စာသင်ကျောင်းရှိခဲ့တဲ့ နေရာဖြစ်ပါတယ်။ အဲသည်နေရာနဲ့ လှည်းတန်းလမ်းဆုံ အောင်ချမ်းသာလမ်းဝန်းကျင်ကို ဆောက်လုပ်ရေးစီမံကိန်းအဖြစ် စစ်အစိုးရလက်ထက်မှာ အဓမ္မအသိမ်းခံရပြီးနောက် ယခုလှည်းတန်းစင်တာအဖြစ် ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်။ မူလ အိမ်ရှင်များ၊ လုပ်ငန်းရှင်များနဲ့ စီမံကိန်းကုမ္မဏီတို့ကြား အငြင်းပွားမှု အများအပြားဖြစ်ပွားခဲ့ ဖြစ်ပွားဆဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရုံးခန်းကို လှည်းတန်းစင်တာ အပေါ်ထပ်မှာ ဖွင့်ထားတာကို တွေ့ရပါတယ်။ အဓမ္မအသိမ်းခံရပြီး ပြန်ပေးတဲ့ တိုက်ခမ်းတခမ်းကို ဆရာကြီး ဆရာမကြီးတွေရဲ့ အထိမ်းအမှတ်အဖြစ် ပြခန်းသဖွယ် ထားရှိတာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပြခန်းဖြစ်တာကြောင့် ကြည့်ရှုလိုလျင် မိုးမခရန်ကုန်ဌာနကို ဆက်သွယ်ရမှာပါ။
 
ဆရာမောင်စွမ်းရည်ကတော့ ထပ်မံဖြည့်စွက်စေလိုတဲ့ စာပေမိတ်ဆွေပုဂ္ဂိုလ်များ စာရင်းတွေ အကြံပေးသွားပါသေးတယ်။ လိုအပ်နေသေးတဲ့ ဓာတ်ပုံတွေကတော့ ... ဦးသန့်၊ ကျော်အောင်၊ မင်းကျော်၊ နတ်နွယ်၊ ကြည်မြ၊ ဒေါ်အုန်း၊ လင်းယုံသစ်လွင်၊ တိုက်စိုး၊ မင်းအောင်၊ ဇေယျာမောင်၊ မြသန်းတင့်၊ မြသန်း၊ လေထီးဦးကျော်ရင်၊ မင်းယုဝေ၊ ငွေတာရီ၊ မြကေတု၊ သိပ္ပံမောင်ဝ၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ တက္ကသိုလ်ဘုန်းနိုင်၊ မာလာ၊ တင်အေး (ရှမ်းပြည်)၊ တက္ကသိုလ်နေ၀င်း၊ မောင်နေ၀င်း၊ တက္ကသိုလ်နန္ဒမိတ်၊ ဒဂုန်ဦးလှဘေ၊ ဦလှရွှေ၊ စိန်စိန်၊ ဦးဂုဏ်ဘဏ်၊ ထင်လင်း၊ ဒေါင်းနွယ်ဆွေ၊ မောင်ပေါက်စည်၊ မိုးစည်နဲ့ မောင်ကြည်လင် တို့ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ကြီးများရဲ့ တပည့်၊ မိတ်ဆွေ၊ မိသားစုဝင်တွေအနေနဲ့ ဓာတ်ပုံတွေ မျှဝေပေးရန်လည်း ဖိတ်ခေါ်အပ်ပါတယ်။
လူထုဒေါ်အမာ၏ အနှစ်(၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲပြုလုပ်မည်
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အနှစ်(၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ အခမ်းအနားများကို မန္တလေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၁လမ်းထောင့်ရှိ ဓမ္မသာလာ ခန်းမကြီးတွင် ၂၀၁၅ နိုဝင်ဘာ ၂၆ မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ နိုဝင်ဘာ ၂၉ ရက် နံနက် (၉ ) နာရီအချိန်တွင် အမရပူရ၊ တောင်လေးလုံးကျောင်းတိုက် သူဌေးဘုရားရင်ပြင်တွင် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း၍ ကြွရောက်လာမည့် ပရိသတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် အမှတ်တရစကားပြောကြားခြင်းများ ကျင်းပမည်ဖြစ်သည်။ ဓမ္မသာလာခန်းမတွင် ကျင်းပမည့် အခမ်းအနားအစီအစဉ် အသေးစိတ်များကို မကြာမီ ထုတ်ပြန် ကြေညာသွားပါမည်။
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ အထ္ထုပ္ပတ္တိအကျဉ်း သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ခု နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေးမြို့ ဂုန္တန်ရပ်မှာ မွေးဖွားခဲ့ပါတယ်။ အဖဦးထင်နဲ့ အမိဒေါ်စုတို့ရဲ့ မွေးချင်း ၁၂ ယောက်အနက် စတုတ္ထမြောက် သမီးဖြစ်ပြီး အမျိုးသမီးနေရှင်နယ်ကျောင်း၊ အေဘီအမ်ကျောင်းနဲ့ ဗဟိုအမျိုးသားအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။ ၁၉၃၃ မှ ၁၉၃၅ အထိ မန္တလေးဥပစာကောလိပ်၊ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ဘီအေတန်းတက်ရင်း ဒုတိယကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တယ်။ အိုးဝေ၊ ကြီးပွားရေး၊ ဘားမားဂျာနယ်တို့မှာ ခင်လဝင်း၊ မြမဉ္စူ စတဲ့ကလောင်များနှင့် စာရေးခဲ့တယ်။ ၁၉၃၉ ခုနှစ်မှာ ကြီးပွားရေးဦးလှနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး ၁၉၄၅မှ လူထုဂျာနယ် လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ မှ လူထုသတင်းစာ အယ်ဒီတာများအဖြစ် ဆောင်ရွက်ခဲ့ကာ သတင်းစာခေါင်းကြီးများ၊ သတင်းဆောင်းပါးများ၊ နိုင်ငံရေးဝေဖန်ချက်များ၊ ယဉ်ကျေးမှုရေးရာစာတမ်းများ၊ ဆောင်းပါးများ၊ ဘာသာပြန်များ စတဲ့ စာအုပ်စာတမ်းများစွာ ရေးသားပြုစုခဲ့တယ်။ သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပြည်သူလူထုဘက်က အစဉ်တစိုက် ရပ်တည်ရေးသားခဲ့တာကြောင့် လူထုမိခင်၊ စာပေမိခင်ကြီးအဖြစ် လေးစားကြည်ညိုခြင်းခံခဲ့ရသူလည်းဖြစ်ခဲ့တယ်။ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ လူထုဒေါ်အမာဟာ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ အနှစ် ၁၀၀ ပြည့်မွေးနေ့သက်တမ်းတိုင်ခဲ့ပါပြီ။ ဒါကြောင့် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အနှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်နဲ့ ပတ်သက်တဲ့ ယခုစာမျက်နှာကို ဖွင့်လှစ်လိုက်ရတာပါ။ ---------------------------------------------------- အနှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများနှင့် ပတ်သက်ပြီး..
- ညီပုလေး ၀၉ ၂၀၀၁၂၇၇ - သိုက်ထွန်းသက် ၀၉ ၂၀၁၀၂၂၆ - ကျော်ရင်မြင့် ၀၉ ၂၀၀၇၄၂၁ - ညီစေမင်း ၀၉ ၂၀၃၅၀၃၆ - သင့်နော် ၀၉ ၉ ၁၀၁၀၉ ၃၁ - အောင်မြင့်ဦး ၀၉ ၄၀၂၅၃၁၁၃၂ - ဆူးငှက် ၀၉ ၂၀၀၃၁၃၉ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သတင်းနှင့် အချက်အလက်များကို လူထုဒေါ်အမာ အနှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ စာမျက်နှာမှ ရယူပါသည်။