In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy
Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

Thursday, December 17, 2015


 စာရေးဆရာ ဇေယျာမောင် ၊ (ဆရာကြီး ဦးကိုကိုလေး)၊  (၁၉၁၃-၂၀၀၃)
မောင်စွမ်းရည် ။  (မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၅

ဇေယျာရွှေမြေ စစ်ကိုင်းမြို့ကြီး နှစ် ၇၀၀ ပြည့်ပွဲကို စစ်ကိုင်းတောင် သီတဂူဆရာတော်ကြီး ဦးစီးပြီး ကျင်းပမယ်လို့ကြားသိရတော့ အဝေးကနေ စိတ်လှုပ်ရှားရပါတယ်။ စစ်ကိုင်းဆိုတဲ့ မြို့အမည်ကို ကြားလိုက်ရင် နောက်ခံအကြောင်းအရာ အမျိုးမျိုးနဲ့ လွမ်းမောကြည်မွေ့ဖွယ် အရိပ် နိမိတ်တွေ မိုးမဆုံး မြေမဆုံး ထင်ယောင်မြင်ယောင်လာရပါတယ်။ ‘ သမိုင်းပြောင် မညှိုး’ တဲ့ ‘စစ်ကိုင်းတောင်ရိုး’သီချင်း၊ ‘ လွမ်းဖြေပါဘူး’ ဆိုတဲ့ ‘ကမ်းခြေဇေယျာဦးသီချင်း၊ တေးဂီတလှိုင်းတွေလည်း ရင်ထဲ နားထဲမှာ ဂယက်ဖြာလာပါတယ်။ စစ်ကိုင်းတောင် စစ်ကိုင်းချောင်မှာ တောမှီတဲ့ ယောဂီ ရသေ့ကြီး ကိုယ်တော်မှိုင်း၊ စစ်ကိုင်းဦးဖိုးသင်း၊ စစ်ကိုင်းသူ ဒေါ်ခင်မျိုးချစ်၊ စစ်ကိုင်းသား မောင်သာနိုးစတဲ့ စစ်ကိုင်းသား စစ်ကိုင်းသူတွေကိုလည်း မြင်ယောင်ထင်ယောင် လာပါတယ်။

    စစ်ကိုင်းနဲ့ ဆက်စပ်ပြီး ရှေ့ဆုံးက သတိရမိတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးကတော့ ဇေယျာမောင်ကလောင်ဘွဲ့ခံ ဆရာကြီး ဦးကိုလေး ဖြစ်ပါတယ်။ မန္တလေး ကောလိပ်၊ မန္တလေး တက္ကသိုလ်ကို အစဆုံး၊ ဆိုသလိုပြုစုပျိုးထောင်ခဲ့တဲ့ ဆရာကြီးပါ။ ဆရာကြီးက ရန်ကုန် တက္ကသိုလ် လက်အောက်ခံ မန္တလေးကောလိပ်ကို ၁၉၅၆ အထိ ကျောင်းအုပ်ဆရာကြီးဘဝနဲ့ ပြုစုပျိုးထောင်ခဲ့သူပါ။ မန္တလေးကောလိပ်ကို ဆရာကြီးဦးဆောင်ပြုစုပျိုးထောင်ခဲ့ရာက ၁၉၅၆-၅၇ မှ ၁၉၆၃ အထိ တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိ(ပါမောက္ခချုပ်) အဖြစ် အုပ်ချုပ်၊ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 ကျွန်တော်တို့တတွေက ၁၉၅၆လောက်မှာ စာပေ အနုပညာသမား ကျောင်းသားတွေချည်း တစုတဝေးကြီး ရှေ့ဆင့်နောက်ဆင့် ဆိုသလို မန်းတက္ကသိုလ်ကို ရောက်လာကြပြီး အားလုံးက စာမေးပွဲတွေ တဘုန်းဘုန်းကျရင်၊ ၁၀ နှစ် ကျောင်းသက်ရှည်ခဲ့ကြသူတွေဖြစ်လို့ ဆရာကြီးနဲ့ ပုဂ္ဂိုလ်အရပါ ဆရာတပည့်အဖြစ်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ မောင်သာနိုး၊ မောင်တင်ရွှေ(မုံရွာ) လူထု အယ်ဒီတာ မောင်စောလွင်၊ ခရစ်ယာန်သာသနာပိုင်ချုပ် အင်ဒရူး မြဟန်၊ မောင်မိုးသူခေါ် မောင်စိန်မြင့်၊ တင်မိုးခေါ် မောင်ဘဂျမ်း၊ ဂုဏ်ထူးသိန်းနိုင်၊ မောင်စွမ်းရည်၊ ဒီကျောင်းသားတွေ ကျောင်းသားတွေ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း၊ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းထုတ်ဝေရေး ကော်မတီစတဲ့ စတဲ့ အသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်နေကြသူတွေချည်းဖြစ်လို့ ဆရာကြီး ဦးကိုလေးနဲ့ တစ်နေ့မဟုတ် တစ်နေ့ တစ်ကြောင်းမဟုတ် တစ်ကြောင်း၊ အကြောင်းအမျိုးမျိုးနဲ့ တွေ့ဆုံနေခဲ့ကြရတာ မဟုတ်လား။

    ဆရာကြီးနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေးအရ စတင်တွေ့ဆုံမိပုံကိုလည်း အမှတ်တရ ပြောပြချင်ပါတယ်။ ကျွန်တော်တို့ခေတ်မှာ နံရံကပ်စာစောင်တွေ အများကြီးရှိတယ်။ ‘မိန်းဘီလ်ဒင်’ လို့ နှုတ်ကျိုးနေတဲ့ အဆောင်မကြီးရဲ့ ဝရန်တာစင်္ကြန်လမ်းမှာ နံရံကပ်စာစောင်တွေ တန်းစီနေပါတယ်။ မြန်မာစာဌာနနဲ့ အနီးဆုံးဖြစ်ပေမယ့် မြန်မာစာဆရာကြီးတွေက ကျောင်းသားတွေလုပ်ထားတဲ့ နံရံကပ်စာစောင်တွေကို ကလေးကလား အလုပ်တွေလို့ အောက်မေ့လို့လားမသိ ရပ်ကြည့်၊ ဖတ်ကြည့်တဲ့ အလေ့မရှိ၊ ရပ်ကြည့်တာတောင်မတွေ့ရဖူးပါဘူး။

တစ်နေ့တော့ ကျွန်တော်တက္ကသိုလ်ရောက်စ ပထမနှစ်၊ ဒုတိယနှစ်ကလောင်သွေးစအခါမှာ မန္တလေးအမှတ် ၁ အထကကျောင်းသားဟောင်းများ အသင်း နံရံကပ် စာစောင်ရယ်၊ ကျွန်တော့်စာမူပါတဲ့ နံရံကပ် စာစောင်တွေရယ် ကြည့်မဝ ရှုမဝ ရပ်ကြည့်နေမိပါတယ်။ ဒီလိုပဲ ရပ်ကြည့်နေတုန်း မောင်သာနိုး၊ အင်္ဂလိပ်လို ရေးထားတဲ့ ‘Little Sister, How I want to go to America’ ဆိုတဲ့ သရော်စာ ဝတ္ထုတိုလေး (ဆရာတက္ကသိုလ် ဘုန်းနိုင်က သမဂ္ဂ ခေါင်းဆောင်တွေကို ရှုတ်ချထားတဲ့ ‘ညီမလေးရယ် စိုးရိမ်မိတယ်’ ဝတ္ထုကို ပြန်သရော်တာပါ) ကို လူကြီးတစ်ယောက်က ရပ်ပြီးဖတ်ကြည့်လာတယ်။ (အင်္ဂလိပ်စာ ပါမောက္ခဆရာကြီး မူနှီကလည်း အဲသလိုလာပြီး ဖတ်ကြည့်တာ တွေ့ရတယ်) ။ ကျွန်တော့် အနီးကို လာပြီး နံရံကပ်စာစောင် ဖတ်သူက ဆရာကြီးဦးကိုလေးဖြစ်နေပါတယ်။

 ကျွန်တော်က နောက်ရှိန်သွားတော့  ... ‘ ဟေ့ နေပါဦးကွဲ့၊ မင်းမောင်သာနိုးကို သိသလား’ တဲ့

‘သိပါတယ် ခင်ဗျ’  လို့ဖြေတော

‘အေး မောင်သာနိုး ကိုလည်း ပြောပါ။ ဒီနံရံကပ်စာစောင်ထုတ်သူတွေ အားလုံးကိုလည်း ပြောပြပါ။ ဒီစာစောင်တွေကို မင်းတို့အသစ်လဲရင် လွှင့်မပစ်နဲ့၊ ငါတို့မှာ မော်ကွန်းတိုက်ရှိတယ်၊ မော်ကွန်းထိန်းရုံးကို လာပေးထားပါ’ တဲ့။

ကျွန်တော်လည်း ‘ဟုတ်ကဲ့ ခင်ဗျ’ လို့ပြောပြီး သူငယ်ချင်းတွေကို ပြန်ပြောပါတယ်။
နံရံကပ်စာစောင်ထုတ်သူတွေ အားလုံးလောက်က ပြေးရလွှားရ၊ အဖမ်းအဆီးခံရနဲ့ ဆိုတော့ သူတို့စာစောင်တွေကို မော်ကွန်းထိန်းရုံးကို ပို့ဖြစ်မယ် မထင်ပါဘူး။ ဆရာကြီးရဲ့ စေတနာကိုသာ အမှတ်တရ ဖော်ပြလိုက်တာပါ။

    ကျွန်တော်တို့ခေတ်က ကျောင်းသား သမဂ အဖွဲ့အစည်းဟာ ရန်ကုန် တက္ကသိုလ် ပေါ်ခါစ ၁၉၂၀ ပြည့်နှစ်က တက္ကသိုလ် အက်ဥပဒေအရ တရားဝင် ဖွဲ့စည်းခွင့် ရပါတယ်။ ကျောင်းသားတိုင်းဟာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ပြီး သမဂ္ဂဝင်ကြေးကို တက္ကသိုလ်ရုံးက ကောက်ခံပေးပါတယ်။ နှစ်စဉ် နှစ်တိုင်းသမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲလုပ်ပြီး အရွေးခံရတဲ့ အဖွဲ့က သမဂ္ဂရန်ပုံငွေကို ထုတ်ယူ သုံးစွဲခွင့်ပြုရပါတယ်။ အရွေးခံ အဖွဲ့ဥက္ကဌဟာ အဓိပတိ ဆရာကြီးရှေ့မှာ ခွပ်ဒေါင်းအလံကိုင်ပြီး ကျမ်းသစ္စာဆိုရပါတယ်။

    ကျွန်တော် အရွေးခံရတဲ့ နှစ်မှာ ဥက္ကဌက မြင်းခြံသား ကိုသာလှ တဲ့။ ဆုံးရှာပြီ။ အတွင်းရေးမှူးက မောင်သာနိုး၊ ပြန်ကြားရေး ဗျူရို ဒုတိယဥက္ကဌက မောင်မိုးသူ(ဘကြီးမိုး)၊ ကျွန်တော်က သူနဲ့ တွဲရတဲ့ တွဲဖက် အတွင်းရေးမှူးပါ။ ၁၉၅၈-၅၉ ထင်ပါတယ်။ အရင်နှစ် ၁၉၅၇-၅၈ မှာတော့ ရွေးကောက်ပွဲနဲ့ ရွေးချယ်ခံ အဖွဲ့က ခန့်ထားရတဲ့ စာကြည့်တိုက်မှူးပါ။ သမဂ္ဂအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးရင် တက္ကသိုလ်ဆီးနိတ်အဖွဲ့ကို တက္ကသိုလ်ပြင်ပက လူကြီး လူကောင်းတစ်ဦးလား၊ နှစ်ဦးလား ရွေးချယ်ပြီး တကသ၊ ကိုယ်စားလှယ်အဖြစ် ပို့ပေးရပါတယ်။ လူထုဦးလှ ကဗျာဆရာတက္ကသိုလ် မောင်ထွန်းဝေ ခေါ်ရှေ့နေဦးထွန်းဝေတို့ကို ကိုယ်စားလှယ်ပေးရဖူးတယ်။ အဲဒီကိုယ်စားလှယ်များကိုလည်း ဆရာကြီးဦးဆောင်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေး ဆီးနိတ် အဖွဲ့မှာ ဆရာကြီးက တလေးတစား နေရာပေး ဆက်ဆံလေ့ရှိပါတယ်။ ခုတော့ အားနည်းချက်လို့ ဆိုနိုင်တာ ရှိပါတယ်။ အဲဒီခေတ်က ဖဆဆိုရှယ် အစိုးရအဖွဲ့မှာ တန်ခိုးသြဇာထက်တဲ့ ဝန်ကြီး ဦးကျော်ညိမ်း၊ ရွှေမန်းသား ဝန်ကြီး ဗိုလ်ခင်မော်လေးတို့ ဆိုရှယ်လစ် ဂိုဏ်းဝင်တွေထဲမှာ ဆရာကြီးလည်း ပါဝင်တယ်လို့ သိထားရပါတယ်။ ဒါပေမယ့်ဆရာကြီးက လူကြီး သိက္ခာ မပျက်ရှာပါ။ ဒီအက်စ်အိုဘက်ကို မပင်းဖူးပါ။ တစ်ဦးကိုလည်း မငဲ့နိုင်ပါ။

    တကယ်တော့ ဆရာကြီး ဦးကိုလေးတို့ ခေတ်က လူငယ်တွေဟာ နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးသမားတွေချည်း ဖြစ်ခဲ့ကြပါတယ်။ ဆရာကြီးလည်း နိုင်ငံရေးစိတ်ဓါတ် ထက်သန်သူ တစ်ဦးအဖြစ် ကျော်ကြားခဲ့သူပါ။ စစ်ကိုင်း ဦးဖိုးသင်းနဲ့ စစ်ကိုင်းစာရေးဆရာကြီး မဟာဆွေတို့ရေးတဲ့ စာတွေက လူငယ်တွေကို မျိုးချစ်စိတ် ထက်သန်အောင် လှုံ့ဆော်တဲ့ စာတွေမဟုတ်လား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း စစ်ကိုင်းချောင်က ယောဂီမှိုင်း အသွင်နဲ့ ဘွိုင်ကောက်ဋီကာ၊ ဒေါင်းဋီကာ၊ ခွေးဋီကာ၊ မျောက်ဋီကာတွေကို ရေးနေတဲ့အချိန် မဟုတ်လား။ မျိုးချစ်နိုင်ငံရေးသမားတစ်ဦး အနေနဲ့ မျိုးချစ်မောင်၊ မျိုးမြန်မာစတဲ့ ကလောင်အမည်တွေ ယူပြီး စာတွေရေးခဲ့ဖူးသေးသတဲ့။ အမြဲရေးတဲ့ ကလောင်အမည်ကတော့ ‘ဇေယျာမောင်’ ပေါ့။ ကျောင်းသားလူငယ်ဘဝက ခေတ်ပြိုင် စာနယ်ဇင်းတွေဖြစ်တဲ့ ဒဂုန်ကြီးပွားရေးတို့မှာ ကလောင်သွေးခဲ့တယ်။ ဇေယျာမောင်တို့ရဲ့ စာပေါင်းချုပ်တွေ ရှာဖွေစုဆောင်းထုတ်ဝေကြဖို့ တာဝန်ယူကြရမယ် ထင်ပါတယ်။

    ဇေယျာမောင်ဟာ မန္တလေးမှာ ‘ဒို့ခေတ် မဂ္ဂဇင်း’ ကို ၁၉၃၄ ခုနှစ်မှာ ပန်းချီဆရာ ဘဏ်ဦးခင်မောင်၊ ဝတ်လုံဦးကျော်လှ တို့နဲ့အတူ တည်ထောင်ထုတ်ဝေခဲ့ဖူးပါတယ်။ အသက် ၂၁အရွယ်ပေါ့။ သခင်အောင်ဆန်းတို့ ၁၉၃၆ သပိတ်မှောက်တော့လည်း  ၂၁အရွယ်ပေါ့။ (ဦးကိုလေးက သခင်အောင်ဆန်းတို့၊ စစ်ကိုင်းသူ ဒေါ်ခင်မျိုးချစ်တို့ထက် အသက် ၂နှစ်ကြီးပါတယ်) ‘ဒို့ခေတ်မဂ္ဂဇင်း’ ဟာ အစိုးရကို ဆန့်ကျင်လို့ဆိုပြီး အာမခံ အတောင်းခံရတဲ့အပြင် ရပ်စဲခံလိုက်ရပါတယ်။ ဇေယျာမောင်ဟာ ၁၉၄၅ ခုနှစ်မှာ ‘စက္ကူဖြူပြဇာတ်’ ကို ရေးသားထုတ်ဝေခဲ့ရာမှာ ဆရာကြီးဦးသိန်းဖေမြင့်ရဲ့ ‘ဦးစော ဗိလပ်သွားပြဇာတ်’၊ စာရေးဆရာကြီးမောင်ထင်ရဲ့ ‘မောင်ထင်ရဲ့ ‘ဗမာသစ်’ ပြဇာတ်တို့နဲ့ အပြိုင် ထင်ရှားကျော်ကြားခဲ့ပါတယ်။ (စက္ကူဖြူပြဇာတ်ကိုလည်း ပြန်ထုတ်ဝေသင့်ပါတယ်)

    ဆရာကြီး ဦးကိုလေးဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်ပါတယ်။ ဘုန်းကြီးကျောင်းမှာ အသက် ၁၀နှစ်အရွယ်ထိ သဒ္ဒါသင်္ဂြိုဟ် သင်ယူခဲ့ဖူးတယ်။ ဦးကိုလေးဟာ အသက် ၁၀ နှစ်ကျော်မှာ အမျိုးသားကျောင်းနဲ့ စစ်ကိုင်းအစိုးရ အထက်တန်းကျောင်းတို့ကို အဆင့်ဆင့်ပြောင်းပြီး ပညာသင်ပါတယ်။ ၁၀တန်းအောင်တော့ မန္တလေးဥပမာ ကောလိပ်ကို ၂နှစ်တက်ရပါတယ်။ ဥပစာ ကောလိပ်ဆိုတာက တက္ကသိုလ်မှာ ဥပစာတန်း ၂တန်း၊ ဝိဇ္ဖာတန်း ၂နှစ်၊ စုစုပေါင်း ၄နှစ် သင်ရတာမှာ ပထမ၂နှစ်သာ သင်ခွင့်ရှိလို့(ဘွဲ့မပေးနိုင်လို့) မန္တလေးဥပစာ ကောလိပ်လို့ ခေါ်တာပါ။ ဥပစာတန်းပြီးမှ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သိပ္ပံဘွဲ့(ဘီအက်စ်စီ) ကို ဓာတုဗေဒဘာသာရပ် ဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။ ပညာထူးချွန်လို့ ဘိလပ်ကိုလွှတ်တော့ ၁၉၄၂ မှာ မဟာသိပ္ပံဘွဲ့ရပါတယ်။ ၁၉၄၄ အထက် ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့ ဥက္ကဌတာဝန်ယူခဲ့ဖူးသတဲ့။ စစ်ကြီးပြီးတဲ့ ၁၉၄၇ ကျမှ မန္တလေး ဥပစာကောလိပ်ကို ရောက်ရှိ အုပ်ချုပ်ရပါတယ်။ ၁၉၆၃ မှာ ဆရာကြီး အငြိမ်းစားယူပြီးတော့ ဇေယျာမောင် ကလောင်အမည်နဲ့ပဲ စာတွေဆက်ရေးတယ်။ ဆရာကြီး တက္ကသိုလ်ကို အုပ်ချုပ်ရတော့မယ်ဆိုတော့ တက္ကသိုလ် အုပ်ချုပ်ရေး ပညာကို အမေရိကန်ပြည်ထောင်စုမှာ သွားသင်ရသေးတယ်။ အဲဒီတုန်းက စာကြည့်တိုက်တွေကို ဝင်ခဲ့တော့ နယူယောက်တိုင်းမ် သတင်းစာမှာ သီပေါမင်းခေတ် သတင်းတွေတွေ့ရလို့ ကူးယူခဲ့ပြီး ဘာသာပြန်တယ်။ အဲဒါကို စာအုပ်ထုတ်ချင်တယ်ဆိုတော့ ကျွန်တော်က မြန်မာစာ ကထိက ဦးမောင်မောင်တင် လက်က တောင်းယူပြီး ရန်ကုန်က ပုဂံစာအုပ်တိုက်ကို ပို့ပေးလိုက်ပါတယ်။ အငြိမ်းစားဘဝမှာ ပထမဆုံးထုတ်တဲ့ စာအုပ်ကို ထုတ်နိုင်ဖို့ သူ့တပည့်တစ်ဦးအနေနဲ့ ဆရာကြီးကိုတောင် ဘာမှမပြောဘဲ ကူညီခဲ့တာပါ။ ဆက်ပြီးတော့ ဘာသာပြန်တဲ့ဘက်ကို ဆရာကြီးလုပ်ပါတယ်။ စာပေဗိမာန်စာမူဆုတွေ ဝင်ပြိုင်တော့ ပထမနှစ်ခါရပါတယ်။ ဒုတိယက တစ်ခါရပါတယ်။

    သည်နောက်တော့ ဆရာကြီးဟာ ဘာသာရေးဘက်ကို လှည့်သွားပြီး ဝိပဿနာတရား၊ အားထုတ်တာကို ထိထိရောက်ရောက်လေ့လာ လိုက်စားပါတယ်။ ဝိဿနာ ဆရာကြီးများဖြစ်ကြတဲ့ ဦးဘခင်၊ ဂုရုကြီးဂိုအင်ကာ မဟာစည်ရိပ်သာတို့မှာ နည်းခံ တရားအားထုတ်တဲ့အပြင် ဆရာကြီးများရဲ့ ကျင့်စဉ်တရားစာတွေကို စုပေါင်းတည်းဖြတ်ပြီး စာအုပ်တွေထုတ်ဝေပါတယ်။ ဒေါက်တာ ရာဟုလာ ဝါလ်ပိုရဲ့ What the Buddha Taught စာအုပ်ကိုလည်း ‘မြတ်ဗုဒ္ဓ ဒေသနာအမည်နဲ့ ဘာသာပြန်ထုတ်ဝေပါတယ်။ မဟာစည်ဆရာတော် တိပိဋကဓရ ဆရာတော်ကြီးနဲ့ အရှင်ဇနကာဘိဝံသတို့ရဲ့ ကျမ်းများကိုလည်း အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုထုတ်ဝေပါတယ်။ နိုင်ငံတော် ပရိယတ္တိသာသနာ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်၊ မြန်မာစာအဖွဲ့စသည်တို့မှာလည်း ကျမ်းပြခြင်း၊ ဘာသာပြန်ခြင်း၊ (မြန်မာမှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာသို့) စသဖြင့် ပါဝင်လုပ်ဆောင်ပေးခြင်း၊ စာပေပို့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာတွေကြောင့် မဟာသဒ္ဓ မ္မဇောတိကဘွဲ့ စာပေဘက်မှလည်း ဦးအုန်းဖေ တစ်သက်တာစာပေဆုနဲ့ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် ပထမဆင့်ကို ၂၀၀၂ ကရရှိခဲ့ပါတယ်။

    ခုနှစ်တော့ အသေအချာ မမှတ်မိတော့ပါ။ ကဗျာဆရာတင်မိုး ထောင်က လွတ်လာပြီး ပြုလုပ်တဲ့အလှူပွဲ တစ်ခုမှာ တင်မိုးရဲ့ ဆရာကြီးနဲ့ ကျွန်တော်နောက်ဆုံး တွေ့ဆုံခြင်းအနေနဲ့ တွေ့လိုက်ရပါတယ်။ တရုတ်သံရုံး၊ ဗမာနိုင်ငံခြားရေးရုံးတို့ရှိရာ ရပ်ကွက်ထဲမှာရှိတဲ့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသရဲ့ တရားရိပ်သာမှာ ဖြစ်ပါတယ်။ အဆောက်အအုံနဲ့ ဝင်းတံခါးမကြီးကြားမှာ မြေနေရာက ဧကဝက်လောက်ရှိမလားပဲ။ နေက ချစ်ချစ်တောက် ပူနေပါတယ်။ မြေကွက်လပ် အလယ် အဝင်အထွက်မှာ ဆရာကြီးနဲ့ ကျွန်တော်ဆုံမိတော့ ကျွန်တော်တို့ အညာ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း နေပူသဲပြင်ထဲမှာပဲ ထိုင်ချပြီး ကျွန်တော်ကန်တော့ပါတယ်။ ‘ဆရာကြီး ကျွန်တော့် မှတ်မိရဲ့လား’ မေးတော့ ‘မောင်ဝင်းဖေရယ်၊ ဘာလို့မမှတ်မိရမှာလဲ’ လို့ နာမည်ရင်းခေါ်ပြီး ပြန်လည် နှုတ်ဆက်တော့၊ ကျွန်တော်အလွန်ဝမ်းသာရပါတယ်။ ၁၉၉၅ နောက်ပိုင်းမှာ ထင်ပါတယ်။

၂၀၀၃မှာ ဆရာကြီး ဆုံးရှာပါတယ်။ ကျွန်တော်က ပြည်ပရောက်နေပါပြီ။ နိုင်ငံရဲ့ ကောင်းကျိုး၊ သာသနာရဲ့ အကျိုးတွေကို တစ်သက်လုံး အများကြီး ထမ်းဆောင်သွားတဲ့ ကျွန်တော်တို့ ဆရာကြီး ဦးကိုကိုလေး၊ စာရေးဆရာကြီး ဇေယျာမောင်ဟာ ကောင်းရာသုဂတိ ရောက်ရှိချမ်းမြှေ့နေမှာပါ။ ဆရာကြီး ကန်တော့လျက်။

မောင်စွမ်းရည်
ဒီဇင်ဘာ၊ ၂၀၁၅

(ဓာတ်ပုံစာ - မန္တလေး ၊ ၂၅-၉-၂ဝ၁၃၊ မန္တလေး တက္ကသိုလ် ဒုတိယ အဓိပတိ ဆရာကြီး ဦးကိုလေး ( စာရေးဆရာ ဇေယျာမောင် ) ကြေးရုပ် စိုက်ထူ လှူဒါန်းပွဲ၊ စက်တင်ဘာ၂၃ ရက် နံနက် ၉ နာရီက မန္တလေး တက္ကသိုလ် ပင်မဆောင်ရှေ့)

Wednesday, October 21, 2015

ပန်းချီ - M Soe Lwin

မောင်တူး - ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင် အမှတ်တရ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၅

လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းရမှာပဲ။ (ဆရာဗန်းမော်တင်အောင် မကွယ်လွန်မီ သားအား မှာကြားချက်)

အောက်တိုဘာ ၂၃၊ ၂၀၁၅ နေ့ဟာ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်မြောက်ပါ။ သူဟာ ၀တ္ထုနဲ့ လုံးခြင်း စာအုပ် ၇၇ အုပ်ရေးသားခဲ့သူ၊ လူထုနိုင်ငံရေးခေါင်းဆောင်၊ သတင်းစာဆရာ၊ အယ်ဒီတာ၊ သမိုင်း ပညာရှင် စတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကြွယ်ဝခဲ့သူတဦး မဟုတ်ပါလား။
စာရေးဆရာတွေဟာ သူတို့ကိုယ်သူတို့ ကလောင်အမည်ပေးတဲ့အခါ မွေးဖွား ဇာတိ မြို့ရွာဒေသကိုလိုက် အမည်ပေးတတ်ကြသလို ကြီးပြင်းလာမှ ပညာသင်ယူတဲ့ဒေသ မြို့ရွာတွေကို စွဲယူပြီး ကလောင် အမည်ယူကြတာလည်းရှိပါရဲ့။ ပဲခူးဇာတိ မောင်တင်ဦးဟာ ပညာသင်ယူ ကြီးပြင်းခဲ့တဲ့ ဗန်းမော်မြို့ကို စွဲယူလိုက်ပြီး ဗန်းမော်တင်အောင် ဖြစ်လာတာပါ။



အမည်ရင်း (မောင်တင်ဦး) ဗန်းမော်တင်အောင်ကို ဖခင် တရားဟောဆရာ ချင်းလူမျိုး ဦးမောင်နေ နဲ့ ပဲခူးမြို့သူ ဒေါ်စောမြိုင်တို့က ၁၉၂၀ ပြည့် ဇွန်လ ၉ ရက်၊ စနေနေ့က ပဲခူးမှာမွေးခဲ့ကြောင်း ဆရာကျော်သန်းမြင့် (ဗန်းမော်)က ရေးသားထားခဲ့ပါတယ်။ ဖခင် ချင်း နှစ်ချင်း တရားဟောဆရာရဲ့ တာဝန်ကျရာ ပဲခူး၊ တောင်ငူ၊ ဗန်းမော်မြို့တွေမှာ ပညာသင်ခဲ့ရသူ ဗန်းမော်တင်အောင်ဟာ ဆယ်တန်းကျောင်းသား ဘ၀ကတည်းက ဂျာနယ်၊ စာစောင်နဲ့ မဂ္ဂဇင်းတချို့မှာ ၀တ္တုတိုတွေ ရေးနေပါပြီ။ ဒီအချိန်ကတည်းက မာ့က်စ် လီနင်ဝါဒ အတွေးအခေါ်နဲ့ ခေတ်ရှေ့ပြေး စာပေ အတွေးအမြင်တွေ အရွယ်နဲ့မလိုက်အောင် ဗန်းမော်တင်အောင်မှာ ရှိနေပြီလို့ ဆရာကျော်သန်းမြင့် (ဗန်းမော်)က ဆိုခဲ့ပါတယ်။
 

အဖိနှိပ်ခံ ပြည်သူတွေရှေ့က                                                                                                         အလံ ဝှေ့ယမ်းနေတဲ့                                                                                                                                             စာပေခေါင်းဆောင်                                                                                                                  စာရေးဆရာ ဗန်းမော်တင်အောင်။

ဒါကတော့ ဗန်းမော်တင်အောင် ကွယ်လွန် နှစ် ၂၀ ပြည့်မှာ ဆရာတင်မိုး ရေးခဲ့တဲ့ ဂုဏ်ပြုကဗျာ အစပုဒ်ပါ။ 


ဗန်းမော်တင်အောင်ဟာ ၁၉၃၈ ခုနှစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံမှာလည်း ဗန်းမော်ကနေ ကျောင်းသား ဘ၀နဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး အတွေးအခေါ်မှာ ရှေ့ပြေးနေသူ လို့ ဆိုရပါမယ်။ ဖက်ဆစ်ကိုတိုက်ဖို့ ရဲဘော်သုံးကျိပ် ပြန်မ၀င်ခင်ကပဲ ဖက်ဆစ်ကို တိုက်ရမယ်ဆိုတဲ့ အမြင်ရှိထားသူ။ ဒါကြောင့် အင်္ဂလိပ် တပ် ဗိုလ်သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ (ရိုးမတိုက်ပွဲ) နဲ့ (လွမ်းရစ်တော့သက်လှယ်ရယ်) လုံးချင်း ၀တ္တုကြီးတွေဟာ ဗန်းမော်တင်အောင်ရဲ့ ဖက်ဆစ်တော်လှန်ရေးသမားဘ၀ အတွေ့အကြုံတွေ ဖြစ်ကြပါတယ်။  

ဗန်းမော်တင်အောင်ဟာ ၁၉၄၂ ခုနှစ်မှာ ဒေါ်ခင်ဦးနဲ့ ဗန်းမော်မှာ လက်ထပ်ခဲ့ပါတယ်။ ဂျပန်ခေတ် ၁၉၄၂-၄၅ မှာ သူဟာ ပြည်မြို့မှာ သစ်တောဝန်ထောက်လုပ်ခဲ့ပြီး နောက်ပိုင်း ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်တို့မှာ အမှုထမ်းခဲ့ပါတယ်။ သူ့ရဲ့ (ဘုန်းမောင့်တယောက်ထဲရယ်) ပထမဆုံး လုံးချင်း ၀တ္ထုကြီးကို လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်ကတည်းက ရေးသားထုတ်ဝေခဲ့ပြီးပါပြီ။ ဒီမှာပဲ ဗန်းမော်တင်အောင် ကလောင်ကို ယူလိုက်ပါတယ်။ 

ဒါပေမယ့် ၁၉၄၉ ခုနှစ်ကျမှ သစ်လုပ်ငန်းကို စွန့်ပစ်ပြီး စာပေလောကကို ၀င်ဘို့ ပြည်မြို့ကနေ ရန်ကုန် ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ် မှာ ကိုယ်တိုင် ဦးစီး အယ်ဒီတာ အဖြစ် လင်းယုန်ဂျာနယ်ကို ထုတ်ခဲ့သလို နောက်တနှစ်ကျတော့ လင်းယုန်သတင်းစာကို ထုတ်နေပါပြီ။ လင်းယုန်သတင်းစာ အာဘော်ခန်း ကနေ ဖဆပလ အစိုးရရဲ့ကမောက်ကမ လုပ်ရပ်တွေကို ဝေဖန်ချက်တွေ ကောင်းလွန်း (ပြင်းလွန်း) တာကြောင့် မကြာခဏ ထောင်ထဲရောက်လေ့ရှိသူ နရသိန် အကျဉ်းသားလည်း ဖြစ်နေခဲ့တယ်ဆိုပါတယ်။ 

လင်းယုန်ဂျာနယ်၊ သတင်းစာတွေကို ထုတ်ဝေခဲ့လို့ လင်းယုန်ကြီးလိုလည်း ဂုဏ်ပြု၊ ကင်ပွန်းတပ် အသိအမှတ်ပြု အခေါ်ဝေါ်ခံရသူ ဗန်းမော်တင်အောင်ဟာ ၀တ္ထုတွေလည်း အရေးမရပ်ခဲ့ပါဘူး။ သူ့ရဲ့ (သူပုန်ကြီး)၊ (အမေ)၊ (ပြည်တော်သာခင်ခင်ကြီး) စတဲ့ လူထု တိုက်ပွဲ အခြေခံ ၀တ္ထုကြီးတွေကြောင့် နာမည်ကျော် ပုဒ်မ ၅ ည နဲ့ ၁၉၅၂ ခုနှစ် အဖမ်းခံရပါတယ်။ ဒီလို အဖမ်းခံရတိုင်းလဲ ထောင်ထဲမှာ အချိန်ကြာတတ်ပြီး ကျွန်းအပို့ ခံခဲ့ရလို့ ကိုကိုးကျွန်း ရက် ၄၀ အစာငတ်ခံ တိုက်ပွဲကိုပါ သတ္တိရှိရှိ ဂုဏ်ရောင်ပြောင်ပြောင်  ပါဝင်တိုက်ခဲ့သူလည်းဖြစ်ပါတယ်။

လင်းယုန်ရဲ့အတောင်ပံရိုက်ချိုးဖို့
ကိုကိုးကျွန်းနဲ့ အကျဉ်းထောင်
ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း
မုန်တိုင်းတွေ ကြားထဲမှာ
ရဲရင့်စွာခေါင်းဆောင်
အဲ့ဒါ ဗန်းမော်တင်အောင်။ (တင်မိုး)

တကယ်တန်းက ကျနော် ဗန်းမော်တင်အောင်အကြောင်း ကောင်းကောင်း မသိခဲ့ပါ။ သူ့ နာမည်ကတော့ နားထဲကြားနေခဲ့တယ်။ ကြားရတဲ့ အကြောင်းက ဗန်းမော်တင်အောင်နဲ့ ကိုကိုးကျွန်းမှာ အတူနေခဲ့ရသူ ရန်ကြီးအောင် ဦးစိန်ဝင်း (သုံးခွ) နဲ့ ကျနော်က အိမ်ချင်းကပ် နီးစပ် ခဲ့တာမို့ ဖြစ်ပါတယ်။
 

“ ဗန်းမော်တင်အောင်ဟာ အသက် ၅၀ ဖြစ်နေပေမယ့် ကျွန်း အစာငတ်ခံပွဲမှာပါခဲ့တာကွ၊ သူက စာရေးလဲကောင်း၊ သုံးသပ်ချက်လဲကောင်း၊ ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်ဘူး။ ဒါကြောင့်ခဏခဏ အဖမ်းခံရတာ။ ” ဆိုပြီး ဦးစိန်ဝင်းက ပြောခဲ့ဘူးပါတယ်။ သုံးခွမှာနေသူ ဦးစိန်ဝင်းဟာ ရန်ကုန်ရောက်တိုင်း ဗန်မော်တင်အောင်နဲ့ သွားတွေ့တတ်တယ်။ တခါက ဗန်းမော်တင်အောင်နဲ့ သွားတွေ့ဖို့ လုပ်နေတုန်း ကိုတင်အောင်ကို ထောက်လှမ်းရေးက ဆွဲသွားလို့ မသွားဖြစ်တော့ဘူး ဆိုတာမျိုးလဲ ကြားခဲ့ဘူးတယ်။ အဲ့ဒီ ကျွန်းကျဖက် ဦးစိန်ဝင်းရဲ့အိမ် စာအုပ်ဗီဒီုကြီးထဲကပဲ ဗန်းမော်တင်အောင်ရဲ့ “ လွမ်းရစ်တော့သက်လှယ်ရယ်” “ရိုးမတိုက်ပွဲ” “ပန်းဝေေ၀” “ မြိုင် ” စတဲ့ စာအုပ်တွေ ဖတ်ဖြစ်ခဲ့တာပါ။ 

ဗန်းမော်တင်အောင်ရဲ့ စာပေသြဇာ ကြီးမားခဲ့ပုံကို ဗွီဒီယို အင်တာဗျူးအတွင်း စာရေးဆရာမ မ၀င့် (မြစ်ငယ်)က အခုလို ပြောပြခဲ့ပါတယ်။
 

“ စာဖတ်အားကောင်းယုံ၊ ၀ါသနာပါယုံနဲ့ စာရေးဆရာ မဖြစ်ပါဘူး။ ကျမကို စာရေးဖို့ စိတ်ထက်သန်အောင် အား မွေး ပေးခဲ့သူ ဆရာတွေထဲမှာ ဆရာကြီး ဗန်းမော်တင်အောင် ပါ ပါတယ်။ အထူးသဖြင့် ဗန်းမော်တင်အောင်ရဲ့ -  မြိုင် ၀တ္ထုကို နှစ်သက်ပြီး ဒီထဲက ဇတ်လိုက် ကိုတင်ဦးလို ယောက်ျားမျိုးကို လိုလားခဲ့တဲ့အထိ သူ့ စာပေတွေ ကို စွဲလမ်း အတုယူခဲ့ပါတယ်။ ”  အလားတူ ကွယ်လွန်သူ ဆရာမ မိုးမိုး (အင်းယျား) ကလဲ “ မြိုင် ” ၀တ္ထု အပေါ် မ၀င့် (မြစ်ငယ်) နဲ့ သဘောထား တူတယ်ဆိုတာကို ပြောပြခဲ့ဘူးကြောင်း ဆရာမ မ၀င့်က အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒါ့အပြင် နောင်မျိုးဆက်သစ် မိန်းကလေးတွေကိုလဲ “ မြိုင်” ၀တ္ထုကို ဖတ်ရှုပြီး အတုယူကြဘို့ တိုက်တွန်းသွားပါတယ်။

အမိုက်မှောင်ဆုံး ကာလတွေမှာ
ထွန်းပလာခဲ့တဲ့စာပေကြယ်နီရောင်
အဲ့ဒါ ဗန်းမော်တင်အောင်. . .။ (တင်မိုး)

ဆရာကြီး ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) ဟာ အခုအထိ ရှိမယ်ဆိုရင် ၉၅ နှစ် ဖြစ်မှာပါ။ လာမဲ့ ၂၀၂၀ မှာဆို ဗန်းမော်တင်အောင် နှစ် ၁၀၀ ပြည့် ရောက်ပါတော့မယ်။ အခုန ပြောခဲ့ကြတဲ့ ” မြိုင်” အပါအ၀င် ပင်ကိုယ်ရေး စာအုပ် ၇၇ အုပ် ရေးသား ထုတ်ဝေခဲ့တာကို အစပိုင်းက ပြောခဲ့ပြီး ဖြစ်ပါတယ်။

ဗန်းမော်တင်အောင် ပင်ကိုယ်ရေး စာအုပ်များ

၁။ လွမ်းရစ်တော့သက်လှယ် - မေတ္တာရိပ်မြုံစာပေ၊ ရန်ကုန် (၁၉၄၈)
၂။ ဤလူ့ရိပ်မြုံ - နန္နာ စာပေ၊ ရန်ကုန် (၁၉၅၀)
၃။ ဗန်းမော်တင်အောင်၏ ဘ၀သံသရာ မကြင်ရမယ့် - ကိုယ့်ရဲဘော်နေအောင်၏ဘယ်ဝယ်မှန်းလှမ်းနှိုင်ပြီ (၁၉၅၀)
၎။ ဒေါက်တာရေချမ်း - စာသဘင်တိုက်၊ ရန်ကုန် (၁၉၅၀)
 ၅။ ခင်မမကြူ - ပြည်သူအလင်းစာပေ၊ ရန်ကုန် (၁၉၅၁)
၆။ ငွေနှင်းမှုံမှုံ - မြင့်မိုရ် စာအုပ်တိုက်၊ ရန်ကုန် (၁၉၅၁)
၇။ သူပုန်ကြီး - ရောင်နီဦးစာပေ၊ ရန်ကုန် (၁၉၅၂)
၈။ ပြည်တော်သာခင်ခင်ဦး - ရောင်နီဦးစာပေ၊ ရန်ကုန် (၁၉၅၂)
၉။ ပြန်ကြုံတွေ့ရပါပြီ။ - ငြိမ်းစာပေ၊ ရန်ကုန် (၁၉၅၅)
၁၀။ မခင်နီနှင့် လက်ရွေးစင် ၀တ္ထုများ - သီတာအေးပုံနှိပ်တိုက်၊ ရန်ကုန် (၁၉၅၇)
၁၁။ မောင့်သက်လှယ် - မြန်မာပြည်စာအုပ်တိုက်၊ ရန်ကုန် (၁၉၅၇)
၁၂။ မုန်တိုင်းကထန် - မြို့မစာနယ်ဇင်းဖြန့်ချိရေးဌာန၊ ရန်ကုန် (၁၉၅၇)
၁၃။ ချောကလက်ဗိုလ်ကြီး - ပြည်သူအလင်းစာပေ၊ ရန်ကုန် (၁၉၅၉)
၁၄။ ငသြ -ကျော်ဦးစာပေ၊ ရန်ကုန် (၁၉၆၁)
၁၅။ တတိယကမ္ဘာစစ်ကြီး ဖြစ်မည်လော -ကျော်ဦးစာပေ၊ ရန်ကုန် (၁၉၆၁)
၁၆။ နှလုံးသားမေတ္တာမျက်ရည်တို့အကြောင်း - ချိုးဖြူစာပေ၊ ရန်ကုန် (၁၉၆၁)
၁၇။ မမထား - ရွှင်ကြည်ကြည်၊ ရန်ကုန် (၁၉၆၁)
၁၈။ မောင်လွမ်းဝေ - မြင့်မိုရ်စာအုပ်တိုက်၊ ရန်ကုန် (၁၉၆၁)
၁၉။ မမကြီး - မြင့်မိုရ်စာအုပ်တိုက်၊ ရန်ကုန် (၁၉၆၁)
၂၀။ မြကေသီ - ပြည်သူအလင်းစာပေ၊ ရန်ကုန် (၁၉၆၁)
၂၁။ မြန်မာနိုင်ငံတော်သမိုင်း - ရှုမ၀စာပေတိုက် (၁၉၆၁)
၂၂။ မှောင်ထဲကကဗျာတပုဒ် - စိန်ရတနာတိုက် (၁၉၆၁)
၂၃။ လောပြဿနာ - ပြည်သူအလင်း (၁၉၆၁)
 ၂၄။ ဖြစ်လေရာဘ၀၀ယ် - ပြည်သူအလင်း (၁၉၆၁)
၂၅။ ဘုန်းမောင်တယောက်ထဲရယ် - စာပန်းချီတိုက် ( စ - အကြိမ် ၁၉၆၁)
၂၆။ အချစ်နှင့်စစ် - ခေတ်မြန်မာ စာပေတိုက် (၁၉၆၂)
၂၇။ မုန်တိုင်းထဲက ကဗျာရှင် ရောင်နီဦးဆီ - ဂျိုးဖြူစာပေ (၁၉၆၂)
၂၈။ မုန်းမေ့မှာစိုးလှသည် - ယမုံနာစာပေ (၁၉၆၂)
၂၉။ ဘုန်းမောင့်မေတ္တာ - စာပန်းချီတိုက် (၁၉၆၂)
၃၀။ ပန်းများပွင့်သောညတည - ရွှင်ကြည်ကြည်စာပေ (၁၉၆၂)
၃၁။ ဒုတိယကမ္ဘာစစ်ကြီးနှင့်ဘာလင်အရေးတော်ပုံ - ပြည်သူအလင်းစာပေ (၁၉၆၂)
၃၂။ ဆိုရှယ်လစ်ဋီကာ - ပင်းယစာပေ (၁၉၆၂)
၃၃။ ချစ်အဏ္ဏ၀ါဘွေ - ရှုမ၀ပုံနှိပ်တိုက် (၁၉၆၂)
၃၄။ ၀မ်းနည်းဝမ်းသာ - မြစာပေ၊ ဒု အကြိမ် (၁၉၆၂)
၃၅။ ရဲဘော်အောင်ဒင် - ရှုမ၀စာအုပ်တိုက်၊ (၁၉၆၂)
၃၆။ ကျွန်တော် - ဂျိုးဖြူစာပေ (၁၉၆၃)
၃၇။ ဆိုရှယ်လစ်အဘိဓါန် - ပင်းယစာပေ (၁၉၆၃)
၃၈။ တရုပ်- ဆိုဗီယက် အရေးတော်ပုံ - ပြည်သူအလင်း (၁၉၆၃)
 ၃၉။ ဖုန်းမေ့လေသလား - မြစာပေ (၁၉၆၃)
၄၀။ မခင်နီနှင့် ၀ါးရမ်းပြေးအုန်းဖေ - ၀င်းမောင်ဦးစာပေဖြန့်ချိရေး၊ တ-ကြိမ် (၁၉၆၃)
၄၁။ ရိုးမတိုက်ပွဲ - ဆန်းစာပေ (၁၉၆၃)
၄၂။ ရွှေဥသြ - ယမုံနာစာပေ (၁၉၆၃)
၄၃။ လူ့အောက်ကလူ (သို့) အညတြကြက်တော - အလိမ္မာစာပေ (၁၉၆၄)
 ၄၄။ မောင့်မေတ္တာ - ရန်ပုံခွင်းစာပေ၊ တ- အကြိမ် (၁၉၆၅)
 ၄၅။ မြိုင် - ယမုံနာစာပေ (၁၉၆၅)
၄၆။ မိုးတောင်ကချုံး - ပြည်တော်ကြက်သရေပုံနှိပ်တိုက် (၁၉၆၇)
၄၇။ မုန်တိုင်းထဲကလူ - ယမုံနာစာပေ (၁၉၆၇)
 ၄၈။ မိအေး - ရတနာသင်္ခစာပေ (၁၉၇၂)
 ၄၉။ မြန်မာမျိုးချစ်ပြောက်ကျားခေါင်းဆောင်ကြီးငမြတ်ထွန်း နှင့် ၀တ္ထုရှည်နှစ်ပုဒ်-ပုဂံ(၁၉၇၂)
၅၀။ ရွှေပြည်တော်မျှော်တိုင်းဝေး - ပဒေသရာဇာစာပေ (၁၉၇၂)
၅၁။ အဘမိုးကျော် - ဂုဏ်တန်ဝင်းစာပေ (၁၉၇၃)
၅၂။ ဟေ၀န်ပန်းမြိုင် - မိုးစန္ဒာစာပေ (၁၉၇၃)
၅၃။ မြစ်ဧရာပေါ်ဝယ် - သင့် စာပေ (၁၉၇၃)
၅၄။ မြရင်မ - ဆန်းညွန့်ဦး စာပေ (၁၉၇၃)
၅၅။ ဒေါက်တာလွမ်းဝေ - ပြည်သူ့အလင်းစာပေ (၁၉၇၃)
၅၆။ ပုဂံရွှေပြည် - သင့်စာပေ (၁၉၇၄)
၅၇။ မေခင် - ယမုံနာစာပေ (၁၉၇၄)
၅၈။ မင်းပြစ်မင်းဒဏ် - ပြည်လုံးကျွတ်ဖြန်ချိရေး (၁၉၇၄)
၅၉။ သဘာဝသိပ္ပံ တစေ့တစောင်းလေ့လာခြင်း - သင့်စာပေ (၁၉၇၄)
 ၆၀။ အနုစင်္ကြာဝဠာနှင့် မဟာစင်္ကြာဝဠာ - လူငယ်စာပေ၊ မန္တလေး (၁၉၇၄)
၆၁။ ကြေးစား - အင်ကြင်းမြိုင်စာပေ (၁၉၇၅)
၆၂။ ပန်းဝေေ၀ - ပြည်သူ့အလင်းစာပေ (၁၉၇၅)
၆၃။ သဘာဝ ၀တ္ထု (၁) - လူငယ်စာပေ၊ မန္တလေး (၁၉၇၆)
၆၄။ ကမ္ဘာ့နိုင်ငံကြီးများနှင့် တတိယကမ္ဘာ - ရွှေကျေးစာပေ (၁၉၇၆)
 ၆၅။ သူ့ဇာတ်ကောင် သူ့ဝတ္ထုနှင့် သူ့စာရေးဆရာ - ရွှေအိုးစာပေ (၁၉၇၇)
၆၆။ ရုပ်ကမ္ဘာ - လင်းယုန်စာပေ (၁၉၇၈)
၆၇။ ပါမောက္ခ အုန်းကျော်နှင့် လမ်းဘယ်မမြင် - ဂျိုးဖြူစာပေ (၁၉)
 ၆၈။ ဆန့်ကျင်ဖက်၏ သမီးပျို - ဂျိုးဖြူစာပေ၊ ဒု- အကြိမ် (၁၉)
 ၆၉။ ညိုဝါရွှေနှင့် လက်ရွေးစင်ဝတ္ထုတိုများ - စာနယ်ဇင်းဖြန့်ချိရေး (၁၉ )
၇၀။ အမေ - လင်းယုန်စာပေ (၁၉၅)
၇၁။ သင်းရနံ့လှိုင် - ထွန်းလင်းစာပေ (၁၉၈)
၇၂။ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း (၁၉၆၄)
၇၃။ ဂျက်လန်ဒန် သူ့ဘ၀ သူ့စာပေ - ပန်းရိုင်းမြေ (၁၉၉၅)
၇၄။ အေ- ပီ ချက်ကော့ဖ် ၀တ္ထုတိုများ - ကျော်လင်းစာပေ (၁၉၅၆)
၇၅။ တာရာစ်ဘူလာဘာ - ကျော်လင်း စာနယ်ဇင်း (၁၉၅၇)
၇၆။ သေလျှင်မြေကြီး - ယမုံနာစာပေ (၁၉၆၄)
၇၇။ အိုင်းစတိုင်းနှင့်သူ၏ဓမ္မတရား - မုံရွေးစာအုပ်တိုက် (၁၉၉၀)
 

သူ့ရဲ့ ပင်ကိုယ်ရေး ၇၇ အုပ်စာရင်း စာအုပ်ခေါင်းစဉ်တွေကို လေ့လာကြည့်ယုံနဲ့ ဗန်းမော်တင်အောင် ဆိုတာ ဘာလဲ ဆိုတာ ရိပ်မိနိုင်ပါတယ်။ ကျွန်းကျဖက် လူထုစိန်ဝင်းကတော့ “ ဆရာ ဗန်းမော်တင်အောင်ဟာ စာရေးအကောင်းကြီးမဟုတ်ပါ။ ၀တ္ထု ရေးသားခြင်း အတတ်ပညာရှုထောင့်က ကြည့်ရင် ဆရာ့ထက် ကိုး၊ ဆယ်ဆသာတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ ဆရာ့ဝတ္ထုတွေ အတော်တော်များများက ပျင်းစရာ ကောင်းပါတယ်။ တချို့ဆိုရင် ၀တ္ထုနဲ့မတူပဲ နိုင်ငံရေးကြေညာစာတမ်းနဲ့ တူနေတာ မျိုးတောင် ရှိပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်တွေက မငြိုငြင်ပါဘူး။ ဆရာ့စာတွေကို မက်မက်မောမော ဖတ်နေကြမြဲ ဖြစ်တယ်။ ဆရာ့ကိုလဲ ချစ်ခင်လေးစား ကြည်ညိုမြဲ ဖြစ်တယ်။ ဟော... အခု ဆရာမရှိတော့တာတောင် အတော်ကြာပြီ။ ဆရာ့စာဖတ်ပရိသတ်တွေက ချစ်ဆဲ၊ လွမ်းဆဲ၊ လေးစားကြည်ညိုဆဲ၊ ဆရာ့အမှတ်တရပွဲတွေ လုပ်ဆဲ လုပ်မြဲပါပဲ။ အဲဒါ ဘာ့ကြောင့်ပါလဲ။ 

ရှည်ရှည်ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။ စာရေးမကောင်းပေမယ့် ဆရာဟာ စာကောင်းရေးသူ ဖြစ်လို့ပါ။ ဆရာရေးခဲ့သမျှ စာတွေမှာ တအုပ်မှ စာဖတ်ပရိသတ် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ စာမျိုး မပါပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုကို ဆရာဘယ်တော့မှ မစော်ကားပါဘူး။ ဆရာဟာ သူတကိုယ် ကောင်းစားရေးအတွက် စာဖတ်ပရိသတ် ပြည်သူလူထုကို ဘယ်တုန်းကမှ သစ္စာ မဖောက်ခဲ့ပါဘူး။ ဆရာ့ဘ၀ တလျှောက်လုံးမှာ ဆရာဟာ ပြည်သူလူထုနဲ့အတူ ရှိခဲ့ပါတယ်။ ဆရာက ပြည်သူကိုချစ်လို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ စာရေးမကောင်းပေမယ့် စာကောင်းတွေရေးလို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ ပြည်သူချစ်တဲ့ ဆရာ့နာမည်ဟာ ပြည်သူတွေကြားမှာ အမြဲ ရှိနေမှာပါ။ ပြည်သူချစ်တဲ့ဆရာ ဘယ်တော့မှ မသေပါ။ ” ဆိုပြီး ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၉)၊ စက်တင်ဘာ ၂၀၀၈ မှာရေးခဲ့ပါတယ်။

ကလောင်ခွဲ ၁၃ ခု နဲ့ ဗန်းမော်တင်အောင်

ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ ဗန်းမော်တင်အောင်၊ တင်အောင် (ဟိုက်စကူးကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီတာ)၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန်၊ လင်းယုန် (ဗမာနိုင်ငံ)၊ မောင်အေးသွင် စသဖြင် ကလောင်အမည် ၁၃ ခုကို သုံးခဲ့ပါတယ်။ ရှုမ၀ဦးကျော် ရာပြည့် အမှတ်တရ ဆောင်းပါးကို ဗန်းမော်တင်အောင်က ရေးသားရာမှာ ဦးကျော်က သူ့ကို မောင်အေးသွင် လို့ ခေါ်ကြောင်း ထည့်ရေးထားတာဖတ်ရဘူးပါတယ်။ မဟာအောင် ကလောင်ခွဲကိုတော့ မဟာဆွေကို အားကျပြီး ပေးခဲ့တာဖြစ်နိုင်တယ်လို့ စာရေးဆရာ ကျော်သန်းမြင့် (ဗန်းမော်) က ရေးခဲ့ဘူးပါတယ်။ အခုဆို ၂၀၁၅ အောက်တိုဘာလ ၂၃ ရက်က ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ် မြောက်ပါ။

သေခြင်းသည်မဆန်း၊ ပန်းတပွင့်ကြွေ
လေတဝှေ့တိုက်၊ နှင်းတပြိုက်ကျ
တဘ၀လျှင်၊ ခဏပင်တည့်
အသင်ထာဝရ၊ လူ့လောကမှ
လုံးဝ ပျောက်ဆုံးသွားခြင်း မဟုတ်ပါ။ (ဒေါင်းနွယ်ဆွေ)

ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် အမှတ်တရ မန္တလေးက ဆရာညီပုလေးနဲ့ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) တို့ကလည်း ဗန်းမော်တင်အောင်ရဲ့ စာပေကျေးဇူးတွေကို တသသ သတိရနေကြတုန်းပါ။

လူထုဦးလှ၊ ဒေါ်အမာတို့ ရဲ့သားငယ် ဆရာ ညီပုလေးက “ ၃၇ နှစ်ကြာသွားပေမယ့် ကျနော်တို့မေ့မရတဲ့ စာပေပညာရှင်တွေထဲမှာ ဆရာကြီး ဗန်းမော်တင်အောင် ပါပါတယ်။ ဗန်းမော်တင်အောင်ရေးခဲ့တဲ့စာတွေက အများကြီး ဗမာစာပေမှာ ကျန်ခဲ့တယ်။ အခု လွတ်လပ်ပွင့်လင်းစ ဆရာကြီး စာအုပ်တွေ ပြန်ထုတ်ခွင့် ရလာတာ ၀မ်းသာတယ်။ သူရေးခဲ့တဲ့စာတွေဟာ ခေတ်ကတိုက်စားပေမဲ့ ပျောက်ပျက်သွားမှာ မဟုတ်ပဲ အမြဲရှင်သန်နေမှာ။ အဲ့ဒါဟာ သူ့ရဲ့အနုပညာစွမ်းအား၊ သူ့ရဲ့အတတ်ပညာ၊ သူ့ရဲ့နိုင်ငံရေးခံယူချက်၊ အဲ့ဒါတွေဟာ မဆုံးဘူး။ အမြဲတမ်းခေတ်မီနေတယ်။ ကျနော်က လေးစားလျှက်ပါ။ နောင်မျိုးဆက် ခု ခေတ် လူငယ်တွေဟာ သူ့စာအုပ်တွေကို သေသေခြာခြာ ဖတ်သင့်ပါတယ်။” လို့ အလေးအနက် ပြောပါတယ်။

ဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) ကတော့ “ အတော်တန်ဘိုးရှိတဲ့  ပုဂ္ဂိုလ်ကြီး တယောက်ပါ။ သူ့စကားနဲ့ သူ့ကို ပြန် တန်ဖိုးဖြတ်ရရင် လူတယောက်ရဲ့တန်ဘိုးဟာ တဲ့။ သမိုင်းက သူ့ပုခုံးပေါ် ပင့်တင် ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက် သူ ကျေသလဲ အပေါ် မူတည်တယ်တဲ့။ အဲ့ဒီတော့ ဗန်းမော်တင်အောင်ဟာ မီလျံနာကြီး ဖြစ်အောင်လုပ်ရင် ဖြစ်အောင်ကလဲ အခြေအနေက ရှိပြီးသား။ ဒါပေမယ့် ဒါကိုမလုပ်ပဲ၊ လူထုဖက်ကကြည့်ပြီး လူထုဖက်က အမြဲ ရပ်တည်လာတဲ့လူ။ လူထုအကျိုးပြုခဲ့တဲ့လူ။ အဲ့ဒီတော့ သမိုင်းက ပစ်တင်လာတဲ့ တာဝန်ကို သူတော်တော် ကျေကျေပွန်ပွန် လုပ်ခဲ့တာပါ။ တခြား စာရေးဆရာတွေနဲ့ မတူတာက တခြားဟာတွေလို စာကို အပျော်ဖတ် သက်သက်မရေးဘူး။ စာပေနဲ့ လှုံ့ဆော်တယ်။ စာပေနဲ့ စည်းရုံးတယ်။ စာပေနဲ့ တော်လှန်ရမယ်ဆိုတဲ့ အတွေး အခေါ်တွေကို ရေးသွား ပေးသွားတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

လူထုအတွက် ဗန်းမော်တင်အောင်ဟာ ဇနီးနဲ့ သားသမီး ၆ ယောက်အတွက် ဂရုစိုက်ချိန်နည်းပါးခဲ့တာကို ဘ၀တလျှောက်လုံး ဇနီးသည် ဒေါ်ခင်ဦးက မကျေလည်ခဲ့ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃၇ နှစ် လင်းယုန်ကြီး ဗန်းမော်တင်အောင်ရဲ့ ဈာပနမှာ ဗန်းမော်တင်အောင်ကို ကြည်ညိုလေးစားသူ အများအပြား (ကျောင်းသား၊ အလုပ်သမား၊ ဈေးသည်တွေကအစ မုတ်ဆိတ်ဖွား မွတ်ဆလင်တွေ၊ ခရစ်ယန်သင်းအုပ်ဆရာတွေ၊  ဘုန်းကြီးရဟန်း၊ သီလရင်တွေအလယ် သုဘရာဇာနဲ့ သူတောင်းစားတွေ အဆုံး) တလေးတစား အရေးတယူ လာရောက် ပို့ ဆောင် ဂါရ၀ပြုခဲ့ကြတာကို မြင်တွေအပြီးမှာ သူ့လင်သားအပေါ် အမြင်မှားခဲ့ကြောင်း ပြောခဲ့တာကို ဆရာကြီးပါရဂူက အခုလို ရေးသားခဲ့ဘူးပါတယ်။


 ဒေါ်ခင်ဦးက “ ကျမ သူ့ကို စောစောပိုင်းက အတော်ကလေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲသူ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့ ဘာတို့ ဆိုတာကို သူလုံးဝ ထည့်မတွက်ဘူး။ ကျမတို့ကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲ။ ကျမ သူ့အပေါ် အတော်ကလေး မကျေမနပ် ဖြစ်မိခဲ့တယ်။ အခုတော့ ကျမ မှားမှန်း သိရပါပြီ။ သူ့ကို အခုလို ပြည်သူက လေးစား ကြည်ညိုမှန်း သိရတော့ ကျွန်မ ကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကို ကျွန်မ အရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့၊ စီးပွားရေးနဲ့ ၀ယ်လို့ မရဘူးဆိုတာ ကျွန်မ အခု သဘောပေါက်ပါပြီ။ သူ့အပေါ် အမြင်မှန် ရပါပြီ။ ” လို့ လွန်ခဲ့တဲ့ ၃၇ နှစ် ဈာပနအပြီး ပြောခဲ့တယ် ဆိုပါတယ်။

သေခြင်းမဆန်းပါ။ ဖြစ်မြဲပါ။ တဘ၀ တခဏပါ။  ထာဝရ လူ့လောကမှ လုံးဝ ပျောက်ဆုံး မသွားပါ ဆိုသလိုပဲ ဗန်းမော်တင်အောင်ရဲ့ ပြည်သူ့အတွက် စာပေ ခံယူချက် အတွေးအမြင် အယူအဆတွေကလဲ ကွယ်လွန်ပြီး ၃၇ နှစ်တိုင် မပျောက်ဆုံးသေးပါ။ တသသ ရှိနေကြဆဲ လေးစား ဂုဏ်ပြုနေကြဆဲပင် မဟုတ်ပါလား။ ။

ကိုးကား။ ။

၁။ ဗန်းမော်တင်အောင် တိုင်းပြုပြည်ပြု စာရေးဆရာ၊ သတင်းစာဆရာ  (ပြည်သူ့ဘက်တော်သားများမှထုတ်ဝေ)
၂။ ဗန်းမော်တင်အောင်အမှတ်တရလေးများဆောင်းပါး။ မောင်ခင်မင်(ဓနုဖြူ) ဖေဖေါ်ဝါရီ၂၀၁၂လှိုင်းသစ်မဂ္ဂဇင်း
၃။ ၂၀၁၀ ခုနှစ်ထုတ် ရှုမ၀ဦးကျော် နှစ်တရာပြည့်မွေးနေ့ အမှတ်တရစာအုပ်ပါ ဗန်းမော်တင်အောင်၏၀တ္ထု။

Wednesday, September 2, 2015


 ဂျာနယ်ကျော် ဦးချစ်မောင် (၁၉၁၂ - ၁၉၄၆) - 
Journal Kyaw U Chit Maung (1912 - 1946)

U Chit Maung was born in 1912 in Oke Po, central Myanmar, to U Mya and Daw Saw Yu. When U Chit Maung finished high school, he was three years too young to be eligible for college. During the wait to attend college, he worked as a teacher at his own school and read all he could independently. While in his late teens, he moved to Yangon, applied for an opening at Nawrahta newspaper, and was hired as soon as he applied, even at such a tender age. When this paper folded, he went to work for Myanmar Alin, where he became chief editor, a post he held for many years without using the title. However, in 1940 he fell out with the publishers, who he felt were infringing on his rights as a journalist, and he left the paper, although he would still speak out on its behalf when necessary.

Thereafter, along with his wife, Daw Tin Hlaing (also called Ma Ma Lay), whom he had married in 1938, he published a weekly paper called Journal Kyaw, or The Weekly Thunderer. The paper became highly popular, as it was strongly supportive of the nationalistic movement and the right of the poor. From that time, he became known as Journal Kyaw U Chit Maung and his wife as Journal Kyaw Ma Ma Lay.

U Chit Maung wrote several novels and a few nonfiction political works. His novel Thu (He) became an instant bestseller and is regarded as a classic of Myanmar literature. It was made into a feature movie that enjoyed box-office success.

During the Japanese Occupation, his intelligence work was unknown to others apart from a very few. He later joined the executive committee of the Anti-Fascist People's Freedom League party (AFPFL), formed under General Aung San, and was active in the fight for independence. Many of his suggestions were used in the demands submitted to the British. All his life, his goal was to serve his country without any wish for a political role or recognition. His diary entries and his last satirical poem were testaments, among many other works, of his lifelong disgust with the corruption that so often results from power.

He passed away on April 3, 1946, at the age of thirty-four after a short illness, one year and nine months before Myanmar gained independence. He remains a highly respected figure and role model for generations of men and women of Myanmar.


Ref - https://www.facebook.com/pages/Journal-Kyaw-U-Chit-Maung/345484208822226?sk=info&tab=page_info

Thursday, July 23, 2015

သခင်ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄) ။ Thakhin Kodaw Hmine (1876 - 1964)

သန်းဝင်းလှိုင် - သမိုင်းတကွေ့မှ ဆရာကြီး သခင်ကိုယ်တော်မှိုင်း
(မိုးမခ) မေ ၂၂၊ ၂၀၁၁
 
လူထု၏ ချစ်ခင်လေးစားခြင်းကို ခံယူရရှိသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ရာစုခေတ်တခေတ်နီးပါးမျှ ကလောင်ဖြင့် တိုက်ပွဲခဲ့သည်သာမက ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ‘သခင်ကိုယ်တော်မှိုင်းဋီကာ’ စာအုပ်ကိုပြုစုခဲ့သော ဆရာဇော်ဂျီက “အိန္ဒိယ လွတ်လပ်ရေးကို ‘နေရူး’ သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ‘တဂိုး’ က စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ် ထူထောင်ရေးကို ‘မော်စီတုန်း’ သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ‘လူရွှန်း’ က စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း” ဟူ၍ ရေးသားဖော်ပြထားလေသည်။
ဤအထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေတို့သည် အစွမ်းထက်ခဲ့သည်။ ကျေးဇူးကြီးမားခဲ့သည်။ မှန်ပေသည်။ လောကအမြင်အကြားတို့ဖြင့်ပြီးသော အနုပညာလက်ရာ မှန်သမျှသည် နှစ်သက်ခြင်းပီတိနှင့်တကွ လောကအမြင်တို့ကိုပါ ပေးတတ်သည်ဟု ဆိုကြလေသည်။ ဆရာကြီး၏စာများကို ဖတ်ရှုသူတိုင်းသည် နှစ်သက်ခြင်းပီတိကိုဖြစ်ခဲ့သည်သာမက ပတ်ဝန်းကျင် လောကကို မြင်တတ်၊ ကြားတတ်ချင်သောဆန္ဒ တိုးလာသည်ကို သတိပြုမိသည်။ 


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဆရာကြီး၏စာများသည် မြန်မာစာပေဘက်မှနေ၍ ကြီးစွာသော အထောက်အပံ့ကို ပေးခဲ့သည်။ ဆရာကြီး၏ ဇာတိမာန်ကဗျာများသည် များသောအားဖြင့် လေးချိုးရှည်ကြီးများဖြစ်၍ ထိုကဗျာများကို ဆရာကြီး၏ မှာတော်ပုံများ၌လည်းကောင်း၊ ဆောင်းပါး ပေါင်းချုပ်၌လည်းကောင်း၊ ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ မျောက်ဂဏ္ဌိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ ခွေးဂဏ္ဌိများ၌လည်းကောင်း ဖတ်ရှုနိုင်ပေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ထိုစဉ်က ထိုကဗျာများမှတဆင့် မြန်မာရာဇဝင်နှင့် မြန်မာစာပေယဉ်ကျေးမှုတို့ကို မေ့လုမတတ် စည်းကမ်းပျက်နေကြသော မြန်မာတို့၏စိတ်ဓာတ် အညံ့အဖျင်းများကို ပကတိ အဆင်းအရောင်နှင့် ပြည့်စုံလာစေရန် မြန်မာမင်းကောင်းမင်းမြတ်တို့၏ အကြောင်းကိုလည်းကောင်း၊ မြန်မာရာဇဝင် အဖြစ်အပျက်များကိုလည်းကောင်း၊ မြန်မာစာပေ ယဉ်ကျေးမှုအကြောင်းကိုလည်းကောင်း၊ လွတ်ဆွတ်ဖွယ်၊ ကြည်ညိုဖွယ်၊ အားတက်ဖွယ်ဖြစ်အောင် မြန်မာလူထု နားလည်နိုင်သော နည်းပရိယာယ်ဖြင့် ကြံဆောင်နှိုးဆော်ပေးခဲ့သည်။ ဆရာကြီး၏ ကဗျာများသည် ပညာဂုဏ်ကိုဖော်လို၍ ဟိတ်တလုံးဟန်တလုံးနှင့် ဖွဲ့ဆိုသောကဗျာမျိုး မဟုတ်။ ကြည်လင်သောစေတနာဖြင့် သက်သက်သာသာ နာစချင့်ဖွယ်ဖြစ်အောင် ဖွဲ့ဆိုသောကဗျာမျိုးဖြစ်သည်။

ဆရာကြီး၏ စာပေနှင့်ဘဝခရီးစဉ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ ခရီးစဉ်နှင့် တပြေးတည်းဖြစ်ခဲ့သည်။ သို့ကလို လူထုအား ဝံသာနုစိတ်ဓာတ် မြင့်မားစေရေးအတွက် ရှေ့ဆောင်လမ်းပြခဲ့သော မျိုးချစ်စာဆိုတော်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလည်ရွာ၌ အမိ ဒေါ်အုန်း၊ အဖ ဦးစံဒွန်းတို့မှ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက်အနက် ဒုတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ မောင်လွမ်းမောင် ဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ထက်မြက်သည်ဟု ဆိုလေသည်။ ဆရာကြီး၏ ကံ့ကူလက်လှည့်ဆရာမှာ မြန်မာစာပေသမိုင်းတွင် နေလပမာ ထင်ရှားလှသော ရွှေတောင် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး (မြန်မာသက္ကရာဇ် ၁၁၇၈-၁၂၅၆) ဖြစ်သည်။

ထို့နောက် သီပေါမင်းလက်ထက် မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်၌ ပညာ ဆက်လက်သင်ယူသည်။ ဆရာကြီး၏ အသက် ၁၀ နှစ်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထူးခြားလှသော အခြင်းအရာတခုကို သိမြင်ခဲ့ရလေသည်။ ထိုအခြင်းအရာကား အင်္ဂလိပ်လက်သို့ အရှင် နှစ်ပါး လိုက်ပါသွားရသည့် ပါတော်မူမြင်ကွင်းပင်တည်း။ ပါတော်မူမြင်ကွင်းကြောင့် ပြည်သူတရပ်လုံး ယူကျုံးမရဖြစ်ခဲ့ရသည်ကို တွေ့မြင်မိကာ ထိတ်လန့်ပူပန်၍ မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့ ဆရာကြီးရင်ထဲ၌ ဖြစ်ပေါ်လာခဲ့လေသည်။ ယင်းနှင့်ပတ်သတ်၍ ဆရာသိန်းဖေမြင့် က ၁၉၃၇ ခုနှစ်က ရေးသားထုတ်ဝေသော သူ၏ “သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း၏ အတ္ထုပ္ပတ္တိ” ၌ _

“မြတောင်တိုက်ကျောင်းကြီးတကျောင်းရှိ ကပြင်၏လက်ရန်းပေါ်တွင် လူချောချောဆယ် နှစ်သားအရွယ်တယောက် ထိုင်နေလေ၏။ သူသည် သျှောင်ပေစူးကလေးကို ကျစ်နေအောင် ထုံးလျက်ထား၏။ တရုတ်တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေး ဝတ်ထား၏။ ထိုသူကလေးသည် သီပေါမင်းပါသွားသည်ကိုမြင်လျှင် ငိုရှာလေသည်။ ဝမ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏။ အဖိုးများစွာ ထိုက်တန်သော အရာကလေးတခု ပျောက်သွားသည်ဟု ထင်ရှာလေ၏။ ထိုသူငယ်သည် အသက်ငယ်သေးသော်လည်း (အင်း … ငါတို့တမျိုးလုံး လူမျိုးခြားကျွန်ဖြစ်ပြီ) ဟုသိကာ မချိမဆံ့ ဖြစ်နေလေ၏။ နောက် ဘုရင်သည် ဂေါဝိန်ဆိပ်ဆင်းသောအခါ ကျောင်းဦးဘုရားသို့ ထိုသူငယ်သည် သွားလေ၏။ ဘုရားကို ရိုသေစွာကန်တော့ပြီး (တပည့်တော်ကား ကမ္ဘာပျက်ခါနီးမှ လူဖြစ်ရပါသည်။ ယခုတပည့်တော်တို့လူမျိုးသည် ကျွန်ဖြစ်ခဲ့ပါပြီ။ နောက် ဖြစ်လေရာဘဝ၌ ဘုရာ့ တပည့်တော်သည် ကျွန်လူမျိုး၌ မဖြစ်ရပါစေနှင့် ဘုရား) ဟု ဆုတောင်းလေ၏” ဟု ဆိုခဲ့လေသည်။

`မန္တလေးတွင် ထီးနန်းကွယ်ပျောက်သည့်အခါမှစ၍ ဆရာကြီးသည် မြတောင်ကျောင်း၌ အတည်တကျမနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင် စသောအရပ်များသို့ ကိုရင်ဘဝဖြင့် လှည့်လည်၍ စာသင်ပြန်လေသည်။ ထိုအခါကပင် မေတ္တာစာ၊ မှတ်တမ်းတို့ကို ရေးစပြုသည်ဟု ဆိုလေသည်။ ဤသို့ အလုံ၊ မုံရွာ စသည်တို့၌တလှည့်၊ မန္တလေး၌တလှည့် စာသင်ရင်း ခရီးလှည့်လည်ရင်းပင် ဆရာကြီး အသက် ၁၉ နှစ်အရွယ်သို့ရောက်လာရာ အဖ ဦးစံဒွန်းသည် ၁၈၉၄ ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။

ဤတွင် ဆရာကြီးသည် ရန်ကုန်သို့ ခြေဦးလှည့်ရလေတော့သည်။ ဆရာကြီးသည် တသက်လုံး ရဟန်းပြုနေထိုင်ရန် ရည်မှန်းထားသော်လည်း ခိုကိုးရာမဲ့ဖြစ်သော မိခင်ကြီးကို လုပ်ကျွေးသမှုပြုရန် လူထွက်ခဲ့လေသည်။ ထို့နောက် မော်လမြိုင်ဆင်း၌ အလုပ်ရှာခဲ့လေသည်။ ထိုအခါမှစ၍ အသက် ၁၉ နှစ်အရွယ်အထိ သင်ကြားခဲ့သော ပညာနှင့်တကွ မန္တလေး၊ အလုံ၊ မုံရွာတို့၌ ကြားမြင်တွေ့ကြုံခဲ့သော သုတ၊ ဒိဌ၊ မုတ တို့ကို ပြန်လည်သုံးသပ်၍ ကလောင်ကိုင်ခဲ့လေသည်။ နောင် ရေးလတ္တံ့သော စာပေ အစုစုသည် ဆရာကြီး အသက် ၁၉ နှစ်အရွယ်အထိ အညာဒေသ၌ စုဆောင်းသိမ်းဆည်းခဲ့သော ပညာနှင့်တကွ အကြားအမြင်ဗဟုသုတ၊ ကိုယ်တွေ့မုတတို့၏ ကြေးမုံပင်ဖြစ်လေသည်။ မော်လမြိုင်မြို့ရှိ ‘မြန်မာတိုင်း’ သတင်းစာတွင် ပဏ္ဍိတလေး အမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။

မော်လမြိုင်မှတဖန် ၁၉၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ခဲ့သည်။ ဆရာကြီးသည် ရှေးဦးစွာ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းအနီး ၃၁ လမ်းရှိ ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ အလုပ်ရသည်။ အလုပ်မှာ ပထမ စာစီအလုပ်ဖြစ်သည်။ ထိုမှတစတစ စာပြင်အယ်ဒီတာ ဖြစ်လာသည်။ ဇမ္ဗူ့ကျက်သရေ၌ အလုပ်လုပ်နေစဉ် ဆရာကြီးသည် တဖက်မှကြိုးစား၍ ကလောင်စမ်းစပြုနေသည် ဟုဆိုလေသည်။ 

ထိုခေတ်မှာ ဇာတ်ပွဲများခေတ်စားသော ခေတ်ဖြစ်သည်။ ဇာတ်ပွဲများကို အကြောင်းပြု၍ ဇာတ်ကရန်ပြဇာတ်များ ခေတ်စားနေသည်။ ၂ ပဲတန် ပြဇာတ်စာအုပ်များ ပလူပျံသကဲ့သို့ ပေါ်ထွက်နေ၏။ ပြဇာတ်များကိုလည်း ထုတ်ဝေသူတို့က သွက်လက်စွာ ရိုက်နှိပ် ရောင်းချနေသလို၊ ပြဇာတ်ရေးဆရာတို့လည်း ဝင်ငွေလမ်းဖြောင့်နေသည်။ ဉာဏ်ပူဇော်ခမှာ စာမျက်နှာ ၈၀ ကျော်သာရှိသည့် ပြဇာတ်တထုပ်အတွက် ၁၅ ကျပ်၊ ၂၀ ကျပ်သာ ဖြစ်သည်။ ဆရာကြီးသည် မောင်လွမ်း ကလောင်အမည်ဖြင့် ပြဇာတ်များရေးခဲ့ရာ စုစုပေါင်းပုဒ်ရေ ၈၀ ကျော်ရှိသည်ဟု သိရသည်။ ဆရာကြီးအဖို့ ပြဇာတ်တထုပ်ကို နှစ်ညခန့်သာရေးရသဖြင့် ပြဇာတ်အများအပြား ရေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး၏ ပြဇာတ်များကို ရုပ်သေးဦးဖူးညို၊ ဇာတ်မင်းသားကြီး စိန်ကတုံး၊ ယောက်ျားမင်းသမီး မယ်အောင်ဗလ၊ ဂရိတ်ဦးဖိုးစိန်တို့က ခင်းကျင်းပြသကြသည်ဟု ဆိုသည်။ ဆရာကြီးရေးခဲ့သော ပြဇာတ်များအနက် “ရွှေတိဂုံဘုရား အထူးကျားဖူးရောက်ခြင်း” ပြဇာတ်သည် အရောင်းရဆုံး ဖြစ်သည်။ အမှန်တကယ်ပင် ၁၉၀၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော် အင်္ဂါထောင့်သို့ ကျားတကောင် တက်ရောက်ခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။

သို့သော် ပြဇာတ်ရေးရာတွင် ဆရာသမားများ၏ ဂုဏ်သိက္ခာကိုထိခိုက်မှာစိုး၍ နာမည်ရင်းဖြင့် မရေးဘဲ ‘ရွှေတောင် မောင်လွမ်း’ ဟူသောအမည်ဖြင့် ရေးသားလေသည်။

ဦးမောင်မောင်စ၊ ဒေါ်မမလေးတို့ပိုင် ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ စာပြင်ဆရာ လုပ်နေစဉ်မှာပင် တိုက်ရှင်များက ၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အိမ်ထောင်ချ၍ပေးလေသည်။

ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်ကို အစုစပ်လီမိတက် သတင်းစာလုပ်လိုက်ပြီးနောက်မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင် ဖြစ်သွားလေသည်။ လုပ်ငန်းတိုးတက်မှုလည်း မရှိ၊ လခလည်း မမှန်၊ ဆရင်းများလည်း မရှိတော့သဖြင့် ထိုတိုက်မှထွက်ကာ ‘ရန်ကုန်တိုင်း သတင်းစာ’ သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။ ထိုတိုက်တွင် ဆရာလွန်းက မြန်မာစာအယ်ဒီတာ လုပ်ရသည်။ ထိုစဉ်က ဆရာကြီးသည် စာတော်ပြန် အလုပ်ရသော်လည်း ငြင်းပယ်ခဲ့လေသည်။ ရန်ကုန်တိုင်း သတင်းစာလုပ်ငန်းလည်း အခြေအနေ မဟန်ဖြစ်လာသောအခါ မော်လမြိုင်သို့ ပြန်လည် ပြောင်းရွှေ့ကာ ‘မြန်မာတိုင်း သတင်းစာ’ အယ်ဒီတာလုပ်သည်။ တဖက်မှလည်း ‘ပဏ္ဍိတကလေး’၊ ‘မောင်သမာဓိ’ ကလောင်ခွဲများဖြင့် ဆောင်းပါးများ ရေးသည်။ ထိုအချိန်အထိ ဆရာကြီး၏ ကလောင်သည် နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးချေ။

မြန်မာတိုင်းသတင်းစာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေရင်းမှ ၁၉၀၅ ခုနှစ်တွင် ‘မော်လမြိုင် ရာဇဝင်’ ဝတ္ထုကို ရွှေတောင်မောင်လွမ်း အမည်ဖြင့် ရေးသားထုတ်ဝေခဲ့လေသည်။ ၁၉၀၆ ခုနှစ်တွင် ‘ကဗျာသာရမဉ္ဇူကျမ်း’နှင့် ‘ပရမတ္ထသံစိပ်အဖြေကျမ်း’ ဒုတိယတွဲကို ဆရာလွမ်း အမည်ဖြင့် ရေးသားသည်။ ၁၉၀၇ ခုနှစ်တွင် ‘မော်လမြိုင်နတ်လမ်းညွှန်’ ကို ထူးထူးခြားခြား မိန်းမ နာမည် ‘မစောညွန့်’ ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ မြန်မာတိုင်းသတင်းစာ ရပ်နားသွားသောအခါ ဟင်္သာတမြို့ အမရဝတီ ပုံနှိပ်တိုက်သို့ပြောင်းရွှေ့၍ စာပြု၊ စာပြင်၊ အယ်ဒီတာ အဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ထို့နောက် ဇနီး မမာသဖြင့် ရွှေတောင်မြို့သို့ ခေတ္တပြန်နေသည်။

၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးဘဘေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ သူရိယ သတင်းစာကို စတင်တည်ထောင်ထုတ်ဝေကြရာ ဆရာကြီးကို ခေါ်ယူသဖြင့် ဝင်ရောက် လုပ်ကိုင်လေသည်။ ဆရာကြီးသည် သူရိယ သတင်းစာတိုက်တွင် ၁၉၂၁ ခုနှစ်လောက်အထိ မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သေးသည်။ ထိုအခါမှစ၍ ဆရာကြီး၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များ ရှင်သန်ကြီးထွားလာကာ နယ်ချဲ့ဆန့်ကျင်ရေး ဝံသာနု စာပေများ ရေးသားခဲ့လေသည်။ ထိုသို့ရေးသားနေစဉ် နိုင်ငံရေးလောကသို့ ရောက်မှန်းမသိ ရောက်သွားလေသည်။ 

ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိသည့် အရေးများနှင့်စပ်လျဉ်း၍ နိုင်ငံရေးရုပ်ပြောင် ဆုံးမခန်း၌ လေးချိုးများ ရေးလေသည်။ ဗြိတိသျှအင်ပါယာအတွင်း ‘ဟုမ္မရူး’ (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရမှု၌ စိတ်ဝင်စားလာ၍ မြန်မာပြည်အတွက် အလွန်ဝမ်းမြောက်ခဲ့လေသည်။ ဗြိတိသျှတို့သည် မြန်မာပြည်အား ‘ဟုမ္မရူး’ ပေးလိမ့်မည်ဟုလည်း ယုံကြည်ခဲ့လေသည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ နိုင်ငံကိုယ်စားလှယ်အဖြစ် ‘ဟုမ္မရူး’ ရမှုအတွက် ဘိလပ်သို့သွားကြသောအခါ ဆရာကြီးသည် ဒေါင်းဋီကာကို ဝမ်းသာအားရ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့လေသည်။

“ဩော် … ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယျတုပါကွဲ့၊ သပြေနုချိန်တင်ရန်ပန်းတွေကလည်း များလိုက်ပါဘိသနှင့်၊ ဖေ-ပု-ရှိန် အင်္ဂလန်နန်းမြေသွား၊ တို့မှာဖြင့်အားမြောက်ဖွယ်၊ ကြံလွယ်ဖန်လွယ်နှင့်၊ အန္တရာယ်ရန်စွယ်မောင်းတဲ့ပြင်၊ မြန်နယ်ကိုပြန်လွယ်ကြောင်းဘွေ၊ ဆုတောင်းကာ ပတ္ထနာဆင်တဲ့ပြင်” ဟူ၍ ရေးသားခဲ့လေသည်။

ထိုအခါက ဆရာကြီး၏စိတ်တွင် ဇာတိမာန်များလည်း တက်ကြွနေသည်။ ဗြိတိသျှအစိုးရကိုလည်း ကိုးစားလျက်ပင် ရှိသေးသည်။ သို့ရာတွင် ဗြိတိသျှတို့က မြန်မာပြည်အား ဟုမ္မရူး မပေးသေးဘဲ လက်လီစိတ်ကာ ဒိုင်အာခီအုပ်ချုပ်ရေးကို ၁၉၂၃ တွင် အတင်းထိုးပေးလိုက်သောအခါ ဗြိတိသျှအစိုးရကို ဆရာကြီးသည် အကြည်ညိုပျက်ကာ ဇာတိမာန်လည်း ပြင်းထန်လာလေသည်။

ဆရာကြီး၏စိတ်ထဲ၌ ဇာတိမာန်ပြင်းထန်လာခြင်း၏ အခြားအကြောင်းရင်းတခုမှာလည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ပထမသပိတ်ဖြစ်လေသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသာမက နယ်ရှိ အထက်တန်း၊ အလယ်တန်း ကျောင်းသားများပါ ဗြိတိသျှအစိုးရ ရေးဆွဲသော ယူနီဗာစီတီ အက်ဥပဒေကို တော်လှန်ကာ ကျောင်းသားများက သပိတ်မှောက်ကြလေသည်။ ဆရာကြီးသည် ကျောင်းသားသပိတ်အား ယူနီဗာစီတီ ဘွိုင်းကောက်လေးချိုးကြီးဖြင့် ထောက်ခံအားပေး ရေးသားခဲ့သည်။

ထို့နောက် အမျိုးသားပညာရေးကောင်စီကိုဖွဲ့စည်းကာ ရန်ကုန် ဗဟန်းရပ်တွင် စင်ပြိုင် နေရှင်နယ် ခေါ် အမျိုးသားကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ အနယ်နယ်တွင်လည်း စင်ပြိုင် အမျိုးသားကျောင်းများကို ဖွင့်လှစ်ခဲ့လေသည်။ ကျောင်းသားများ စိတ်ဓာတ်တက်ကြွသည်ကို မြင်ရသောအခါ ဆရာကြီးသည် မြန်မာပြည်၏နောင်ရေးအတွက် အားတက်၍ လူငယ်များ၏ သတ္တိဗျတ္တိကို ယုံကြည်ကိုးစားလာလေသည်။

ထိုအခါက ဗြိတိသျှအစိုးရ၏ ကျောင်းများ၌ မင်းတိုင်းကြေသာ သင်ကြားပေးသော မြန်မာစာပေနှင့် မြန်မာရာဇဝင်တို့ကို နေရှင်နယ်ကောလိပ်နှင့် နေရှင်နယ်ကျောင်းများတွင် ထိထိရောက်ရောက် သင်ပြစပြုလေသည်။ ၁၉၂၁ ခုနှစ်တွင် နေရှင်နယ်ကောလိပ်ကျောင်း၌ မြန်မာစာပေနှင့် မြန်မာရာဇဝင်ကို ပို့ချပေးရန် ဆရာကြီးအား တောင်းပန်ခေါ်ပင့်သောအခါ ဆရာကြီးသည် လစာပုံမှန်ရနေသော သူရိယမှအလုပ်ထွက်၍ ငွေကြေးအားဖြင့် မရေရာသော အမျိုးသားကောလိပ် ဆရာဘဝသို့လုပ်ကိုင်ရန် ကျောင်းသားများနောက်သို့ ကောက်ကောက်ပါ လိုက်သွားလေသည်။ ဤသည်ကား ဆရာကြီး၏ အနစ်နာခံ ကိုယ်ကျိုးစွန့်မှုပင်ဖြစ်သည်။

ထိုအချိန်တွင် ဆရာကြီး ရေးသားခဲ့သော ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး၊ ဓမ္မစေတီမင်း ဝတ္တု၊ ဒေါင်းဋီကာတို့သည် တနိုင်ငံလုံး ပဲ့တင်ထပ်လာသည်။ ဆရာကြီး၏အမည်သည်လည်း အကျော်ဇေယျ ဖြစ်လာသည်။

ဤတွင် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာနည်းပြရာထူးကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။ ဆရာကြီးက နယ်ချဲ့၏အစေအပါးအလုပ်ကို မလုပ်လိုဟုပြောကာ ငြင်းပယ်ခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့မှာ ထိုခေတ်က အလွန်ရနိုင်ခဲသောဘွဲ့ဖြစ်သည်။ သို့သော် ဆရာကြီးသည် နယ်ချဲ့ပေးသောဘွဲ့ကို လက်မခံခဲ့ပေ။ “ပကာသနတွေ ဆရာ မလိုချင်ပါဘူး၊ ကိုယ့်အရှင် ကိုယ့်ဘုရင် မဟုတ်ဘဲ နိုင်ငံခြားသားတွေ မြှောက်စားခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို ဂုဏ်အစစ်လို့ သဘောမပိုက်ဘူး။ ဆရာ ဒီလိုဂုဏ်မျိုးကို မလိုချင်ပါဘူးကွယ်” ဟု ဖြေဆိုကာငြင်းဆန်ခဲ့ကြောင်း ဆရာသိန်းဖေမြင့်က သူ၏ “ဆရာလွန်း အတ္ထုပ္ပတ္တိ” ၌ ရေးသားထားလေသည်။

ထို့ပြင် ၁၉၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား (နောင် နန်းစွန့်ဘုရင် အဌမမြောက် အက်ဒဝပ်ဘုရင်ဖြစ်လာသူ) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာ မြန်မာအစိုးရအရာရှိ ဦးမေအောင်က ဝေလမင်းသားအား ချီးကျူးဂုဏ်ပြုသည့် ရတု ရေးပေးပါက ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ်ပေးမည့်အကြောင်း ပြောကြားရာ “မြန်မာနိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ်ဘုရင်မ၏မြေးကို ချီးကျူးသည့်စာ မရေးလို” ဟုပြောကာ ငြင်းပယ်ခဲ့လေသည်။

၁၉၂၂ တွင် ပရော်ဖက်ဆာ ဆရာလွန်းအမည်ဖြင့် ရေးသားသော ‘မှန်နန်းရာဇဝင်တော်ချုပ်’ နှင့် ‘မှန်နန်းရာဇဝင်တော်သစ်’ ကို ရေးသားထုတ်ဝေလေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် တပည့်ရင်း ဒီးဒုတ်ဦးဘချိုနှင့်အတူ ဗဟန်းအမျိုးသား ကောလိပ်ပျက်သည့် ၁၉၂၂ ခုနှစ်အထိ ဆင်းရဲချို့တဲ့စွာ ထမ်းရွက်ခဲ့လေသည်။ ထို့နောက် ဗဟန်း ကောလိပ်ပျက်သောအခါ ဒဂုံမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးခေတ် (၁၉၂၃-၃၇) တွင် ပြည်သူအများစု၏ဆန္ဒနှင့် ဆန့်ကျင်သော တပည့် မိတ်ဆွေရင်း ဦးဘဘေ ဦးဆောင်သည့် ၂၁ ဦး ပါတီဝင်များကိုရည်ရွယ်ကာ ‘ခွေးဋီကာ’ ဆောင်းပါးများ ကို ရေးသားခဲ့သည်။

ဆရာကြီး အသက် ၅၉ နှစ်အရွယ် ၁၉၃၄ ခုနှစ်တွင် ရေနံချောင်း၌ကျင်းပသော ပထမဆုံးသော တို့ဗမာအစည်းအရုံး ညီလာခံသဘင်ကြီး ပေါ်ပေါက်လာသည်။ ထိုညီလာခံကြီးတွင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ ကိုယ်ထိလက်ရောက် ပါဝင်ပါတော့သည်။ ထိုညီလာခံကြီးမှာပင် ဆရာကြီးသည် သခင်ကိုယ်တော်မှိုင်း ဘွဲ့အမည်ခံကာ မြန်မာပြည်တဝန်း နိုင်ငံရေးတရားဟောခဲ့သည်။ ယင်းသို့လုပ်ဆောင်မှုကြောင့် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်သူတော်နံပါတ်တစ် အဖြစ် သတ်မှတ်ခဲ့သည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော်စာရင်းအရ နံပါတ်နှစ်မှာ သခင်ဗဟိန်း၊ လေးမှာ သခင် ကျော်စိတ်၊ ငါးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုးမှာ သခင်စိုး၊ ၁၂ မှာ သခင်သန်းထွန်း၊ ၁၇ မှာ သခင်နုဖြစ် သည်။

ဆရာကြီးသည် ယင်းသို့ စာပေရေးသားပြုစုရင်း တဖက်မှ နိုင်ငံရေးကိုဝင်ရောက် ဆောင်ရွက်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အထိ ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဂျပန်တို့က ဗြိတိသျှကို စစ်ကြေညာသောအခါ ဆရာကြီးသည် အညာသား အဘိုးအို လူမမာဟန်ဆောင်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထိုစဉ်က ဆရာကြီးအသက်မှာ ၆၆ နှစ်ရှိပြီဖြစ်သည်။ ဂျပန်ခေတ်တွင် ဆရာကြီးသည် တို့ဗမာအစည်းအရုံးခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြန်သည်။ ၁၉၄၅ ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေး ဖြစ်ပွားလာသောအခါ ဆရာကြီးအား ဂျပန်တို့က ဖမ်းဆီးမည်ပြုရာ အင်းစိန်မြို့ တဖက်ကမ်း ထိန်ကုန်းရွာသို့ သွားရောက်တိမ်းရှောင်ခဲ့ရပြန်သည်။ 

လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရာ ဆရာကြီးသည် ဝမ်းနည်းကြေကွဲစွာ ‘အာဇာနည်ဗိမာန် ဋီကာ’ ကိုရေး၍ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်-

“ဩော်အဆောင်ဆောင်နန်းတွေ ကြငှာန်းတွေနှင့်နှော၊
အခေါင်မပြန်ခင်၊
အောင်စာတမ်းချို့ဝေဘို့၊
အောင်ပန်းညှိုးရရှာတဲ့၊
တောင်သမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊
အောင်ဆန်း မသာမယာဟာ
၎င်းကံကြမ္မာအလုပ်ပေထင့်၊
သောင်းမြန်မရဏာ စမုတ်မှာတော့၊
ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုဟ်ချင်။
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီအဓိဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာအမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော
ရေစုန်မျောလေရဲ့၊
ဩော် … တောင်နန်းမြောက်နန်း
အဆောင်ဆောင် ကြငှာန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော”။

နောက်ပိုင်းတွင် ဆရာကြီးသည် အသက်အရွယ် အိုမင်းမစွမ်းဖြစ်လာ၍လားမသိ၊ စာပေ ရေးသားမှု၊ ကဗျာဖွဲ့မှုများ နည်းပါးလာခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဩဂုတ်လတွင် ရေးသားထုတ်ဝေသော ‘အိပ်မက်ဒိဌုံ ဋီကာ’ သည် ဆရာကြီး၏ နောက်ဆုံးစာအုပ်ပင် ဖြစ်သည်။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်းကောင်း အသက်အရွယ်နှင့်မမျှ အပင်ပန်းခံကာ ဆောင်ရွက်ခဲ့သည်။

၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်နေ့တွင် ဆရာကြီးအား နိုင်ငံတော်အစိုးရက အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်။

၁၉၅၂ ခု မေလ ၁၀ မှ ၁၄ ရက်အထိ ဂျူဗလီဟော၌ ကျင်းပခဲ့သော ကမ္ဘာငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)က ဆရာကြီးအား ကွန်ဂရက်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တရုတ်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက်ယူနီယမ် နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။

၁၉၅၅ မတ်လ ၂၂ တွင် မြို့တော်ခန်းမရှေ့တွင်ကျင်းပခဲ့သော စတာလင် ငြိမ်းချမ်းရေးဆုပေးပွဲ သဘင်တွင် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နီကိုလေတီခိုနော့ဗ် က ဆရာကြီးအား ငြိမ်းချမ်းရေးဂုဏ်ပြုလက်မှတ်နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ငြိမ်းချမ်းရေးဆုအတွက် ရုရှား ရူဘယ်လ်ငွေ တစ်သိန်း (မြန်မာငွေ တစ်သိန်း လေးသောင်း ငါးထောင်ခန့်) လက်ခံရရှိသည်။ ယင်းငွေတို့အနက် ရှစ်သောင်းကျော်ကို အဖွဲ့အစည်းအသီးသီးသို့ ပြန်လည် လှူဒါန်းခဲ့သည်။

ဆရာကြီးအား ၁၉၆၀ ဩဂုတ် ၁၀ တွင် အရှေ့ဂျာမနီနိုင်ငံ ဟမ်းဘို့တ် (Hunboldt) တက္ကသိုလ်က ပညာရေးပါရဂူဘွဲ့ (Ph.D) အပ်နှင်းခဲ့သည်။

မြန်မာနိုင်ငံတွင် စာပေပညာရှင်ကြီး ဟူ၍လည်းကောင်း၊ ကဗျာဆရာကြီး ဟူ၍လည်းကောင်း ရာဇဝင် (သမိုင်း) ပညာရှင်ကြီး ဟူ၍လည်းကောင်း၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်စာရေးဆရာကြီး ဟူ၍လည်းကောင်း၊ ငြိမ်းချမ်းရေးဗိသုကာကြီး ဟူ၍လည်းကောင်း ထင်ရှား ကျော်ဇောခဲ့၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခု ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အမှတ် ၅ ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။

ထို့နောက် ဩဂုတ်လ ၈ ရက်နေ့လယ်တွင် ဆရာကြီးကြွင်းကျန်သော ရုပ်ကလာပ်ကို စမ်းချောင်းမဏ္ဍပ်မှ ရွှေတိဂုံဘုရားလမ်း ကန်တော်မင်္ဂလာပန်းခြံသို့ ပို့ဆောင်ကာ ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။

ကွယ်လွန်ချိန်၌ သားသမီး ၄ ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

ကျမ်းကိုးစာရင်း

(၁) မူမူသန်း(ဝိဇ္ဇာဘွဲ့) - သခင်ကိုယ်တော်မှိုင်းစာစု စာရင်းအမှတ် (၁)၊ ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စာကြည့်တိုက်ဌာန၊ ၁၉၇၃။

(၂) မာဃ - သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိအကျဉ်း၊ ရန်ကုန်မာဃစာပေ၊ ၁၉၇၅။

(၃) သိန်းဖေမြင့် - သခင်ကိုယ်တော်မှိုင်း၊ ဦးလွန်းအတ္ထုပ္ပတ္တိ၊ ရန်ကုန်၊ ကျုံပျော်စာပေ၊ ၁၉၆၄။

(၄) စိုးရှိန် - သခင်ကိုယ်တော်မှိုင်း၏ ဘဝဖြစ်စဉ်နေ့စွဲ၊ ငွေတာရီမဂ္ဂဇင်း အမှတ် ၅၂ (၁၉၆၄၊ အောက်တိုဘာ) စာ၃၁-၃၇။

(၅) သန်းဝင်းလှိုင် - နယ်ချဲ့ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ မျိုးချစ်စာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရန်ကုန်၊ အားမာန်စာပေ၊ ပကြိမ်၊ ၂၀၀၉။

Friday, July 17, 2015






သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀) Thakhin Htein Win (1912 - 2010)

ဘဘ ဦးထိန်ဝင်း - သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀)၏ အတ္ထုပ္ပတ္တိအကျဉ်း

ဈာပနမှတ်တမ်းမှ ကူးယူတင်ပြပါသည် - မိုးမခ - ဇွန် ၂၊ ၂၀၁၀

သာသနာ့ ဒါယကာကြီး ဘဘ ဦးထိန်ဝင်းကို သာသနာသက္ကရာဇ် ၂၄၅၆ မြန်မာသက္ကရာဇ် ၁၂၇၄ တော်သလင်း လဆန်း ၄ ရက် 
စနေနေ့ ၁၄-၉-၁၉၁၂ ညဥ့် ၇ နာရီခွဲတွင် မြောင်းမြမြို့ခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိရွာတဖက်ကမ်းရှိ သောင်တန်းကျေးရွာ၌ ဖွားမြင်သည်။

         မိဘများမှာ အဖ မြေတိုင်းစာရေးကြီး ဦးကျော်ဟန် အမိ ဒေါ်မေသန်းဖြစ်ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ၇ တန်းအထိ ပညာသင်ခဲ့သည်။  
ပဉ္စမတန်းစာမေးပွဲမဖြေဆိုရသေးမီ လပွတ္တာမြို့သို့ ဖခင်ပြောင်းရွေ့ရသဖြင့် လပွတ္တာမြို့ မြန်မာစာသင်ကျောင်းတွင် စာပေများဆက်လက်သင်ကြားရင်း လပွတ္တာမြို့တွင် တကြိမ်တခါမျှ မထူထောင်ဖူးသေးသော ‘သုသုဗောဓက’  စာဖတ်အသင်းကို ကူလီအခစားလုပ်၍ ကြိုးစားထူထောင်ခဲ့သည်။ ထို့ပြင် လပွတ္တာမြို့၌ အင်္ဂလိပ်စာသင်ကျောင်း တခုကိုလည်း ဖြစ်မြောက်အောင်ကူညီဆောင်ရွက်ခဲ့သည်။ ယင်းနောက် လပွတ္တာမြို့နယ် ကံဘက်ရွာ၌လည်း
‘ကုသလဝသီ’ စာဖတ်အသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲသူများနှင့် အသိမိတ်ဆွေမရှိသော ဧည့်သည်များ၏ နာရေးကိစ္စများကို တွင်းတူးမြေမြုပ်သည်အထိ ကူညီခဲ့သည်။
၁၉၃၄ တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ဆရာဒဂုန်နတ်ရှင်၏ ကူညီမူဖြင့် ဦးဗဂျီငို စတင်တည်ထောင်ထုတ်ဝေသော တိုးတက်ရေး မဂ္ဂဇင်းတိုက်တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၃၉ တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရိုက်နှိပ်ပြီးစီးခဲ့သည်။ စွန်းလွန်းဆရာတော်ဘုရား၏ အမေးအဖြေစာအုပ်များလည်း ရိုက်နှိပ်နိုင်ခဲ့ပြီးနောက် လောကုတ္တရာအတွက် ထူးခြားသော အတွေ့အကြုံများရရှိခဲ့သည်။
၁၉၅၄ တွင် ကုသလဝသီ စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး ၁၉၅၀ ပြည့်မှစ၍ ၁၉၆၃ ဒီဇင်ဘာလအတွင်း ရိုက်ကူးဖြန့်ချိပြီးသော ကျမ်းစာများမှာ -
၁။ စွန်းလွန်းဆရာတော် အမေးအဖြေ ၁၃၁၁ (၁၉၄၉ ပထမအကြိမ်၊ ၎င်းနောက် အကြိမ်ကြိမ်ရိုက်နှိပ်လှူဒါန်းခဲ့) 
၂။ အရှင်ဇနကာဘိဝံသဆရာတော်၏ ဗြဟ္မလသုတ် မြန်မာပြန် 
၃။ ပိဠိကတ်တော်သင်ရိုးအုပ်၂၀ ကို သန့်ရှင်းအောင် တည်းဖြတ်သုတ်သင်ပြီး သင်္ဂါယနာတင်အဖွဲ့သို့ ဝန်ကြီးချုပ် ဟောင်း ဦးနုမှတဆင့် လှူဒါန်းခဲ့ 
၎။ ပိဠိကတ်တော်များကို ဆရာဦးအောင်မိုး အကူအညီဖြင့် မြန်မာပြန်ဆိုခဲ့ရာ ဒိဃနိကာယ်၊ မဇ္စိုမနိကာယ်အထိပြီး
၅။ အတုမဲ့ချမ်းသာ 
၆။ မဟာဂန္ခာရုံဆရာတော်၏ သဂြိုလ်ဘာသာဌီကာ 
၇။ တရားဥပဒေတော်ကြီး 
၈။ သမညဖလသုတ် မြန်မာပြန် 
၉။ ဟိတောပဒေသ ပုံပြင် 
၁၀။ ဇနီးမောင်နှံ ရာသက်ပန် 
၁၁။ ရာဇဓမ္မသင်္ဂဟကျမ်း 
၁၂။ မင်္ဂလာပုံပြင် 
၁၃။ ကလေး ဗုဒ္ဓဝင် 
၁၄။ ကမ္မဌာန်းဘာသာဋီကာ 
၁၅။ ဘာသာသွေး 
၁၆။ မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့ 
၁၇။ စာဓလေ့ 
၁၈။ ရုပ်စုံ ဗုဒ္ဓသာသနာဝင် 
၁၉။ ဓမ္မဝိနယပြန်တမ်း 
၂၀။ မနောမယိဒ္ဓိကြေးမုံ 
၂၁။ ရတနာ့ဂုဏ်ရည် 
၂၂။ ကိုယ်ကျင့်အဘိဓမ္မာ 
၂၃။ အနာဂတ်သာသနာ 
၂၄။ မူလတန်းဘာသာရေး 
၂၅။ ဗုဒ္ဓနည်းဖြင့်ထူထောင်ကြစို့ စာတမ်းများ 
၂၆။ ရွှေကျင်နိကာယသာသနာဝင် 
၂၇။ ယောကီပါရဂူကျမ်း တို့ဖြစ်ကြပါသည်။
၁၉၅၈-၅၉ တွင် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆောင်ရွက်ခဲ့ရာ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားသဖြင့် အောင်မြင်ရန် ဝင်ရောက်ကူညီရင်း “မြန်မာပြည်ကို ဗုဒ္ဓသာသနာတော်၏အဆုံးအမဖြင့် ထူထောင်ခြင်းသာလျှင် အသင့်တော်ဆုံးဖြစ်ကြောင်း” စာရွက်စာတမ်းများ ရိုက်နှိပ်လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတည်ရှိနေခြင်းအတွက် အလွန်ဝမ်းမြောက်ဖွယ်ဖြစ်ပြီး ရှေးဆရာတော် သံဃာတော် များနှင့် ပုဂံခေတ် ရှင်အရဟံ အနော်ရထာ စသည် တိုင်းပြည်အတွင်း ဗုဒ္ဓဘာသာကို စနစ်တကျ ထူထောင်ပေးသွား ကြသော ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ဝမ်းမြောက်မိသည်။ 
(ဆဌသင်္ဂါရတနာတင် စတင်ကျင်းပစဉ်က ဝိုင်အမ်ဘီအေ အမည်ဖြင့် ဓမ္မဝိနယပြန်တန်း ရိုက်နှိပ်လှူဒါန်းခဲ့သည်။)
၁၉၆၀ (၁၂-၃-၆၀) စနေနေ့တွင် မနောမယိဒ္ဓိပညာကို လက်ခံယူခဲ့သည်။
၁၉၆၁ (၁၉-၈-၆၁) တွင် ရန်ကုန်မြို့ ဝိုင်အမ်ဘီအေအသင်းတိုက်၌ မနောမယိဒ္ဓိပညာပြပွဲကြီး ကျင်းပခဲ့သည်။ 
ယင်းနောက် ကျုံမငေးမြို့ အထက်ပိုင်း စေတီတော်ကို ထီးတင်ခြင်း၊ ဘုရားကြီးတိုက်အတွင်း မိဘများ၏ သိမ်ကို ဘုရားနှင့်တကွ အဆောက်အဦပါ ပြုပြင်လှူဒါန်းသည်။
၅-၇-၆၃ တွင် ယောကီပါရကူကျမ်းကို ရိုက်နှိပ်လှူဒါန်းသည်။ မနောမယိဒ္ဓိကြေးမုံအမည်ဖြင့် စာတအုပ် ရေးသားနိုင်ခဲ့သည်။ 
၁၉၆၂-၆၃ တွင် ရွှေကျင်ဂိုဏ်း ဒသမအကြိမ်မြောက် အစည်းအဝေးအမီ ရွှေကျင်နိကာယသာသနာဝင် ကျမ်းစာကြီးကို ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၏ကောင်းမူဖြင့် ရိုက်နှိပ်လှူဒါန်းခဲ့သည်။ 
၁၉၆၃ တွင် ရန်ကုန် ၁၀၇ စိန်ဂျွန်းလမ်းနေအိမ်၌ တော်လှန်ရေးအစိုးရ၏ အထိန်းသိမ်းခံခဲ့ရသည်။ 
၁၉၆၄-၆၅-၆၆-၆၇ ခု၊ အောက်တိုဘာလအထိ ၄ နှစ်မျှ ထောင်အတွင်းနေခဲ့ရသဖြင့် ဗုဒ္ဓ၏ အဆုံးအမ သာသနာ တော်၏တန်ဖိုးကို ပိုမိုနားလည်သိရှိကာ ကံ ကံ၏ အကျိုးကို ပိုမိုသဘောပေါက်လာခဲ့သည်။ 
“ဗုဒ္ဓအလိုတော်ကျ မြန်မာပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံးလူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော်ဖြစ်နိုင်မည်။ ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချတကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ပိုမိုခိုင်မြဲစွာ ယုံကြည်လာခဲ့ပါသည်။” 
၁၉၇၃ တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော်အား ပဌာန်းတရားတော်ဟောကြားပေးရန် လျှောက်ထားခဲ့ရာ ၁၇ ရက်တိတိ ပဌာန်းတရား တော်ဟောကြားပေးတော်မူခဲ့သဖြင့် သာသနာတော်အတွက် အလွန်ကြီးကျယ်သော ကျေးဇူးတခု ဖြစ်ခဲ့ပါသည်။ 
၁၉၇၃ တွင် သရိုက်ရွာ ဘုရားနှင့်ရဟန္တာသိမ်ကို ပြုပြင်ရန် ဆရာတော်နှင့် တိုင်ပင်လျှောက်ထားခဲ့ပြီး ကျုံမငေး အိမ်ကို ရောင်းချကာ ပြုပြင်ပြီးစီးခဲ့သည်။ 
၁၉၈၀ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ရရှိခဲ့သည်။ 
၁၉၈၃ တွင် တစ်ဘဝသာသနာ အမည်ဖြင့် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ သာသနာပြုပုံ အပြည့်အစုံ ပါဝင် သောကျမ်းစာအုပ်ကြီးကို စိတ်တိုင်းကျ ပြီးစီးထုတ် အောင်မြင်ခဲ့သည်။ 
၂၃-၉-၈၅ (၁၃၄၇ တောင်သလင်းလဆန်း ၉ ရက်) တနင်္လာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် တည်ထောင်ရန် မြေ စတင်ဝယ်သည်။ 
၂၃-၅-၈၆ ကဆုန်လပြည့်၊ သောကြာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် ဖွင့်လှစ်သည်။ 
၁၉၈၈ တွင် မင်္ဂလာဗျူဟာအသင်းတိုက်၌ သမဏကျော် စာတော်ပြန်ပွဲအတွက် သြဝါဒခံယူကျင်းပပြီး ၉-၁၂-၈၈ တွင် စာဆိုတော်နေ့တွင် မဟာဗျူဟာ သာမဏေကျော်စာတော်ပြန်ပွဲကို ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၌ စတင် ကျင်းပနိုင်ခဲ့သည်။ 
၉-၂-၉၀၊ ၁၃၅၁ တပို့တွဲလပြည့် မနောမယိဒ္ဓိပညာ စတင်တည်ထောင်သူ ဂိုဏ်းချုပ်ကြီး၏ အသက် နှစ် ၁၀၀ ပြည့်နှစ်တွင် ပုဂံတွင် မနောမယိဒ္ဓိ ဓမ္မာရုံတခု ဖြစ်မြောက်အောင် စတင်တည်ဆောက်ခဲ့သည်။ 
ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ ကျေးဇူးရှင် ကျမ်းစာကို တနှစ်တည်း ၄ ကြိမ်တိုင်တိုင် ရိုက်နှိပ်ပြီးစီး  အောင်မြင်ခဲ့သည်။ 
ဘဘ ဦးထိန်ဝင်းသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကိစ္စများကို တစိုက်မက်မက် ဆောင်ရွက်ခဲ့သည်။
(ဘဘ ဦးထိန်ဝင်းသည် ၂၀-၅-၂၀၁၀ ကြာသပတေး ည ၁၀:၃၀ တွင် ရန်ကုန်မြို့ Asia Royal ဆေးခန်းတွင် ကွယ်လွန်ခဲ့ပါသည်)
      ဘဘ ဦးထိန်ဝင်း၏ ဆုံးမခဲ့သော စကားများ … …
      အားလုံး စကားကိုရှင်းအောင်ပြောကြ၊ စည်းစည်းလုံးလုံးနေ။
      သရဏဂုံကို အသက်နှင့် ထပ်တူဆောက်တည်ပါ။
      ဗုဒ္ဓသာသနံစိရံတိဠတု အနာဂတေသာသနံလဇ္ဇီရက္ခိဿတိ
      တစတစ စွန့်ဝံ့မှသာလျှင် ဘဝနှောင်းနှောင်း ဆက်တိုင်းကောင်း၏

သခင်အုန်းမြင့် (၁၉၁၈ - ၂၀၁၀) ၊ Thakhin Ohn Myint (1918 - 2010)


ဝါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး သခင်အုန်းမြင့်၊ ၉၃ နှစ် (၁၉၁၈ - ၂၀၁၀)

တာရာဝေယံ (မိုးမခ)  ရန်ကုန် ၁၈ စက်တင်ဘာ ၂၀၁၀

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုသားလွတ်လပ်ရေးနဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့်(၉၃ နှစ်)ဟာ ၂ဝ၁ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၄း ၃ဝ နာရီ က ရန်ကုန်မြို့၊ အနောက်ရန်ကင်း၊ သုခဝတီလမ်း၊ အိမ်အမှတ် ၃ (ဘီ) ရှိ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်
 နံနက် ၉ နာရီမှာ ကွယ်လွန်သူကိုရည်စူးပြီး ကျန်ရစ်သူမိသားစုက သက်ပျောက်ဆွမ်းကပ်လှုခဲ့ပါတယ်။
 သခင်အုန်းမြင့်ရဲ့ ရုပ်ခန္တာကို နံနက် ၉ နာရီခွဲ မှာ နာရေးကူညီမှုအသင်းမှ ကိုကျော်သူနဲ့ အဖွဲ့ဝင်များက ရေဝေးသုသန်ကို သယ်ဆောင်ပေးခဲ့ကြပါတယ်။
သခင်အုန်းမြင့်ကို ၁၉၁၈ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အဖ ဦးမိုးကောင်း၊ အမိ ဒေါ်အေးတင်တို့မှ မွေးဖွားခဲ့ပါတယ်
၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလတွင် လက်ပံတန်းမြို့၊ အစိုးရအထက်တန်းကျောင်းမှာ တို့ဗမာအစည်းအရုံး ကြေးကြော်သံစာရွက်များ ဖြန့်ဝေခြင်းဖြင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့တယ်
ထိုစဉ်က ဂျာနယ်ကျော်ဦးချစ်မောင်မှာ သူရဲ့ကျောင်းဆရာ ဖြစ်ပါတယ်
၁၉၃၄ ခုနှစ်၊ မတ်လတွင် လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းအောင်ခဲ့ရာ ဆေးတက္ကသိုလ်သို့ စာရင်းသွင်းပြီး မတက်ဘဲ ရန်ကုန် သတင်းစာလောကသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။   
၁၉၃၆ ခုနှစ်တွင် 'မမြန် မမာသော နှေးပျော့များဆောင်းပါးနဲ့ မြန်မာ့အလင်းသတင်းစာမှာ စတင်ရေးသားခဲ့တယ်။ ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း ကလောင်အမည်များနဲ့ အခန်းဆက် ဝတ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့ပြီး ရေကျော်ရပ်နှင်းပန်းလမ်းမှာ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် အတူနေထိုင်ခဲ့တယ်
၁၉၃၇ ခုနှစ်၊ ဧပြီလတွင် မ္တလေးမြို့မှာကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်ခဲ့တယ်။
၁၉၃၈၊ ဧပြီလမှာ ပုသိမ်တွင်ကျင်းပသော တတိယအကြိမ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင့် တက်ရောက်ခဲ့တယ်
၁၉၃၈  ခုနှစ်၊ ဇွန်လတွင် တိုးတက်ရေးသတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်
သခင်အမည် စတင်ခံယူခဲ့ပြီး ဦးချစ်မောင်နှင့် အတူ ထုတ်ဝေသူနာမည်ခံ၍ ဂျာနယ်ကျော်ကို ထုတ်ဝေခဲ့ပြီး ဂျာနယ်ကျော်မှာ နိုင်ငံရေးဆောင်းပါးအမြောက်အများ ရေးသားခဲ့တယ်
၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆီမီးခွက် ကလောင်အမည်ဖြင့် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် တိုးတက်ရေးသတင်းစာ အာမခံတောင်းခံခဲ့ရတယ်
ထိုနှစ်မှာ တို့ဗမာအစည်းအရုံး ဌာနချုပ် အမှုဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်
၁၉၄ဝ ပြည့်နှစ်၊ မတ်လတွင် အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသား ကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါးကွန်ဖရင့်သို့ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တယ်
၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးလုပ်ငန်းများမှာပါဝင် ဆောင်ရွက်ခဲ့တယ်
၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ကျော်လင်းစာပေကို လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးစာအုပ်များ ထုတ်ဝေခဲ့ပါတယ်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ နိုင်ငံရေးပုဒ်မ (၅)ဖြင့် အထိန်းသိမ်းခံရပြီး ကိုကိုးကျွန်းသို့ အပိုခံခဲ့ရတယ်
၁၉၈၉ ခုနှစ်တွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ် ချခံခဲ့ရပါတယ်။
၁၉၉၆ ခုနိုဝင်ဘာလ ကျောင်းသားအရေးအခင်းမှာ အောင်သပြေစစ်ကြောရေးစခန်းမှာ ၃ ပတ်ခန့် ထိန်းသိမ်းခံခဲ့ရပါတယ်။
၁၉၉၈ ခုနှစ်ဇန်န၀ါရီလမှာလည်း တကသ၊ ဗကသ သမိုင်းပြုစုရာမှာ ကူညီခဲ့မှုကြောင့် ထောင်ဒဏ် ရ နှစ် ချခံခဲ့ရပါတယ်။
သခင်အုန်းမြင့်ဟာ အန်အယ်လ်ဒီ ပါတီဝင်မဟုတ်ပေမယ့် အန်အယ်လ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့မှာ ဒုဥက္ကဋ္ဌ တာဝန်ယူပြီး အကျဉ်းသားတွေအတွက်ထောက်ပံ့ရေး အစီအစဉ်တွေမှာတက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်တယ်။
သခင်အုန်းမြင့်ဟာ မကွယ်လွန်ချိန်အထိ ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
သခင်အုန်းမြင့်ရဲ့ ဈာပနအခမ်းအနားကို ၁၉၊ ၉၊ ၂၀၁၀(တနင်္ဂနွေနေ့) ညနေ ၄ နာရီ ရေဝေးသုသန်မှာ မီးသဂြိင်္ုလ်မှာဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားပါတယ်။
ကွယ်လွန်ချိန်တွင် ဇနီး (ဒေါ်မြမြ) နှင့် သားသမီးများ ဖြစ်ကြသော (ဦးသက်နိုင်)၊ ဒေါ်ခင်အေးအေး၊ ဦးအောင်ခင်၊ ဦးဌေးအောင်၊ ဒေါ်နီနီခင်၊ (ဦးခင်မောင်ဝင်း)တို့ ကျန်ရစ်ခဲ့ပါတယ်


(ဓာတ်ပုံများ - သခင်အုန်းမြင့် ကွယ်လွန်စဉ်က မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်)