In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Thursday, June 25, 2015

သခင်ထိန်ဝင်း (သို့မဟုတ်) ဘဘ ဦးထိန်ဝင်း သို့မဟုတ် သာသနာစိတ်ဖြင့် နိုင်ငံရေးကို ဆောင်ရွက်ခဲ့သူ (ဂျူနီယာဝင်း)

သခင်ထိန်ဝင်း (သို့မဟုတ်) ဘဘ ဦးထိန်ဝင်း သို့မဟုတ်
သာသနာစိတ်ဖြင့် နိုင်ငံရေးကို ဆောင်ရွက်ခဲ့သူ
ဂျူနီယာဝင်း
မေ ၂၆၊ ၂၀၁၀
သခင်ထိန်ဝင်းကို ဘဘကြီး၊ မေမေကြီးတို့နှင့် အလွန်ချစ်ခင်သော မိတ်ဆွေ၊ ရဲဘော်ရဲဘက်တဦးအဖြစ် စတင် သတိထားမိရသည်မှာ ကျွန်မ ငယ်စဉ်ကတည်းကပင် ဖြစ်ပါသည်။ ဘဘ ဦးထိန်ဝင်းဟုပဲ ခေါ်ပါသည်။ ဖေဖေနှင့် မေမေတို့ကလည်း ဘဘ ဦးထိန်ဝင်း သို့မဟုတ် တခါတရံ ဦးလေး ဦးထိန်ဝင်းဟု ခေါ်တတ်ပါသည်။ ဘဘကြီးတို့၊ မေမေကြီးတို့ကို အလွန်သံယောဇဉ်ကြီးကာ ချစ်ခင်လှသူတဦးအဖြစ် မြင်ရတွေ့ရသည်မှာ အံ့သြစရာ မဟုတ်ပါပေ။ သူတို့ခေတ်၊ သူတို့အခါမှာ အဲသည်လို မိတ်ဆွေရောင်းရင်း မောင်နှမရင်းချာထက်ပင် ချစ်ခင်သော သွေးသောက်တွေ များစွာရှိပါသည်။ အခုလိုခေတ်ထဲမှာ သည်လိုချစ်ခင်လှသော မိတ်ဆွေကောင်းမျိုးဆိုတာ ရှားပါးပါဘိ။ တကယ့်ကို အားကျလောက်စဖွယ် ကြည်နူးစဖွယ်ဖြစ်ရပါသည်။
ဘဘကြီးနှင့် မေမေကြီးတို့ ကွယ်လွန်ခဲ့ပြီး ၁၀ နှစ်ကျော်မှာ ဘဘကြီး၊ မေမေကြီးတို့ကို အလွန်ချစ်ခင်လှသော ဘဘ ဦးထိန်ဝင်း ဘဝတပါးသို့ ပြောင်းသွားခဲ့လေပြီ။ ကွယ်လွန်ချိန် အသက် ၉၈ နှစ်မို့ ဘဝကို အားပါးတရ ဖြတ်သန်းခဲ့လေပြီဟု ဆိုနိုင်ပါသော်လည်း အသက်ရှိလျက်နှင့် သည်လောကထဲမှာ ရှိနေစေချင်၊ နေစေချင်ပါသေးသည်။
ဘဘကြီး၊ မေမေကြီးတို့ အထူးချစ်ခင်လှသော မိတ်ဆွေရင်းချာသာမက နိုင်ငံရေးလောကထဲမှာပင် အတူတွဲဖက် လှုပ်ရှားခဲ့လေသူတဦးဖြစ်ကာ မေမေကြီးကို “မမမြ၊ မမမြ” နှင့် ရင်းနှီးစွာခေါ်ကာ စကားတွေဖောင်ဖွဲ့ကာ ပြောတတ်သူ တဦးအဖြစ် မြင်ယောင်မိနေဆဲဖြစ်ပါသည်။ အသံသြသြ၊ အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်း၊ အသားဖြူဖြူ တောင့်တောင့်တင်းတင်းနှင့် သည်ဘဘကို ကျွန်မ သိပ်ကိုမှတ်မိခဲ့တာပေါ့။ ပင်နီတိုက်ပုံ သို့မဟုတ် အဖြူရောင်တိုက်ပုံကို ဝတ်ဆင်တတ်ပါသည်။ မေမေကြီးတို့က “သခင်ကြီး” ဟု ခေါ်ပါသည်။
ခြံပေါက်ဝကနေ “မမမြ၊ ကိုခင်မောင်လတ်” ဟုခေါ်ကာ လူမရောက်ခင် အသံကရောက်နှင့်တတ်သူ၊ ဘဘ ဦးထိန်ဝင်းဟေ့ ဟု ဆိုလိုက်တာနှင့် အိမ်က ဘကြီးတို့ မေမေကြီးတို့တတွေ ဝမ်းသာအားရ ပြေးကြိုကြကာ စကားဖောင်ဖွဲ့မပြီး၊ သူတို့ ပြောဆိုနေကြတာတွေ တခါတရံ နားမလည်။ ဘဘကြီးတို့ကလည်း ဘဘဦးထိန်ဝင်းတို့အိမ် မသွားဘဲမနေနိုင်။ အဲသည်လို ချစ်ခင်ကြသော မိတ်ဆွေအဖြစ်ဟာ စဉ်းစားကြည့်လိုက်တိုင်း ပေါ်လာတတ်ပါသည်။ တကယ်ပဲ အားကျမိပါသည်။
ဘဘ ဦးထိန်ဝင်း၏ မြေးတဦးဖြစ်သော မအေးချမ်းကို ညီမတဦးလို ချစ်ခင်ခဲ့ပါသည်။ သည်ညီမလေးက သူ့အဘိုးအကြောင်းတွေကို အားပါးတရ ရေးတုန်းက ဘဘကြီး၊ မေမေကြီးတို့အကြောင်းတွေကိုပါ ထည့်ရေးခဲ့ပါသည်။ ထိုစဉ်က သြော် … ငါတို့ အဘိုးအဘွားတွေက တကယ်လည်း မေတ္တာဓာတ်အပြည့်ဖြင့် ဆုံးမသြဝါဒတွေ ဆိုခဲ့သည်ပဲဟု ကျေနပ်ခဲ့မိရသည်ပေါ့။
ယခုတော့ သည်ညီမလေးရေးသော စာတွေကို ပြန်ရှာပြန်ဖတ်ကာ ဘဘ ဦးထိန်ဝင်းအကြောင်းတွေကို ပြန်ပြောချင်ပါသည်။ အမှတ်တရ ပြန်လည်ဖော်မိရင်းနှင့် စာဖတ်သူများလည်း သူ ရေးသောစာတွေ ပြန်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရမည်ပင်။ (အတွေးအမြင်၊ အမှတ်၂၀၈ တုန်းက “ကျွန်မနှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်”၊ အမှတ်၂၁၆ တုန်းက “အနှိုင်းမဲ့ ဗုဒ္ဓကိုပူဇော်ခဲ့သူ နှစ်ဦး” သူ့ကလောင်အမည်က မအေးချမ်း (မြန်မာစာ)ပါ။)
အဲသည်ထဲက ဘဘ ဦးထိန်ဝင်းအကြောင်းတွေ ပြန်လည် ဖော်ထုတ်ပေးလိုက်ရပါသည်။ အောက်က အချက်များမှာ မအေးချမ်း (မြန်မာစာ) ရေးသားထားသည်များကို ကောက်နှုတ်တင်ပြချက်များသာ ဖြစ်ပါသည်။ ပို၍အသေးစိတ် သိလိုပါလျှင် အတွေးအမြင် မဂ္ဂဇင်းထဲမှာ ပြန်လည်ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ရပါသည်။
၁။ ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အင်္ဂလိပ်အစိုးရ ယူနီယမ်ဂျက်အလံနှင့် ၁၉၃၅ မှာ ဗြိတိသျှပြဋ္ဌာန်းတဲ့ အုပ်ချူပ်ရေး ဥပဒေစာအုပ်ကို မီးရှို့ကန့်ကွက်ခဲ့တဲ့ သမိုင်းအထောက်အထား အခိုင်အမာရှိခဲ့သည်။ ထို ဆန့်ကျင်မီးရှို့ပွဲတွင် ဦးနု (ဝန်ကြီးချုပ်)၊ ဦးလှဖေ (ဗိုလ်လင်္ကျာ)၊ ဦးထွန်းအုံ၊ ဦးထွန်းအေးတို့နှင့်အတူ သခင်ထိန်ဝင်းနှင့် ဒေါ်ခင်မျိုးချစ်(မခင်မြ) တို့ ပါခဲ့သည်။ ဘဘ ဦးထိန်ဝင်းက ယခုလို မကြာခဏဆိုခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
“အဲဒီတုန်းက တောင်းပန်လို့လည်း မရဘူး။ မခင်မြတယောက်က စမူဆာပုံစံအင်္ကျီ ဖိုးရိုးဖားရားကြီးဝတ်လို့ ယောက်ျားတွေ ကြားထဲ ရဲရဲဝံ့ဝံ့လိုက်တော့တာပဲ။ လူစွမ်းကောင်းမကြီးလေ”
(စမူဆာအင်္ကျီဆိုသည်မှာ ရင်ဖုံးအင်္ကျီပင်ဖြစ်ကာ ရှေ့တွင် အချွန်ပုံသဏ္ဍာန် ချုပ်ထားသည်။)
၂။ ဘဘ ဦးထိန်ဝင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ထေရဝါဒဗုဒ္ဓဘာသာ သာသနာစိတ်နဲ့ ခိုင်မာအောင် တည်ဆောက်ခြင်းသည် ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲတယ်ဆိုသည့်သဘောကို ကောင်းကောင်း သဘောပေါက်ခဲ့သူ ဖြစ်၍ အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တလျောက်လုံး နိုင်ငံရေးဆောင်ရွက်ရာတွင် သာသနာစိတ်နှင့်ပဲ တိုက်ပွဲဝင် ဆောင်ရွက်ခဲ့သူတဦးဖြစ်သည်။
၃။ တိုင်းပြည် ငြိမ်းချမ်းကြီးပွားအောင် ဗုဒ္ဓ၏ ကိုယ်ကျင့်တရားကောင်း လမ်းစဉ်များနှင့် လက်တွေ့ကျကျ တည်ဆောက်နိုင်မှသာ အောင်မြင်နိုင်ပုံကို သိမြင်စေနိုင်ဖို့ ကိုယ့်လူမျိုးတရပ်လုံးအတွက် ကိုယ်ကျင့်ဗုဒ္ဓဝင်ကောင်း တအုပ် ပေါ်ထွန်းဖို့ စိတ်ဆန္ဒဖြင့် မဟာဂန္ဓာရုံဆရာတော်၊ သပြေကန်ဆရာတော်၊ တောင်မြို့ဆရာတော်၊ မဟာစည်ဆရာတော် တို့ထံ အဆင့်ဆင့် လျှောက်ထားခဲ့သည်။ သို့သော် မဟာဂန္ဓာရုံဆရာတော်မှာ ဒကာ ဦးထိန်ဝင်း၏ ဆန္ဒကိုဖြည့်ဖို့ အားထုတ်ဆဲ ပျံလွန်တော်မူခဲ့သည်။ ထိုနှစ်ပေါင်းများစွာ အကောင်အထည် မဖော်နိုင်သေးသောဆန္ဒကို အားထုတ်ချင်ခဲ့ပြီး သူ့အသက် ၈၀ ပြည့်နှစ်မှာ နိုးဆော်စာတစောင် ရိုက်နှိပ်ဖြန့်ဝေခဲ့သည်။
“လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် မည်သူမဆို မိမိတိုင်းပြည်နှင့် လူမျိုး၊ သာသနာအတွက် ကူညီတော်မူကြစေလိုပါသည်။ ဤစာမူကို ကျွန်တော်တို့ အပိုင်ရယူလိုခြင်း မရှိပါ။ စာရေးသူအား ပူဇော်ရန်သာ ရည်ရွယ်ရင်းရှိပါသည်။ မိမိ ရေးသားထားသော စာမူကို မိမိသဘောကျ စီမံရန်သာ ဖြစ်ပါသည်။ သဘောထားအသေးစိတ်ကို ဆွေးနွေးရန်အလိုရှိပါက မည်သူမဆို တွေ့ဆုံဆွေးနွေးပါမည်အကြောင်း လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။ ကျွန်တော်သည် ပိဋိကတ် တတ်မြောက်သော ပညာရှင်မဟုတ်သော်လည်း ဖြစ်မြောက်လိုသော ဗုဒ္ဓဝင်အတွက် ပညာရှိများ လက်ခံနိုင်အောင် ဆွေးနွေးတင်ပြပါမည်။”
၎။ (ထိုကာလမှတိုင် ၁၉၉၃ ခုနှစ်ထိ ကြိုးပမ်းမူများ၊ ဖြစ်မြောက်အောင် လုပ်ဆောင်မူများကား အံ့မခန်းဖြစ်ပါသည်။ အချုပ်ဆိုရသော် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထို ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းစာ အပြီးသတ်ခဲ့သည်။)
ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းစာသည် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အပြီးသတ်ခဲ့သည်။ ရေးသားသူ ဆရာကြီး ဦးရွှေအောင်မှာ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကြိုးပမ်းအားထုတ်သူ ဘဘ ဦးထိန်ဝင်းမှာ ယခု အသက် ၉၈ နှစ်ရှိပြီး (ယခု ဤဆောင်းပါးရေးစဉ်တွင်) အသက်ထင်ရှားရှိနေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓကို ပူဇော်ခဲ့သူ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းမှာ တနှစ်အတွင်း လေးကြိမ်တိတိ ပြန်လည် ရိုက်နှိပ်ခဲ့ရသည်အထိ ကြီးကျယ်စွာ အောင်မြင်ခဲ့ပါသည်။ ထို လေးကြိမ်စလုံးကို ပါရမီစာပေမှ ထွက်ရှိခြင်းဖြစ်သည်။ ယခုနောက်ပိုင်း အခြား စာပေတိုက်အချို့မှ ပြန်လည်ရိုက်နှိပ်သောစာအုပ်တွင် ဆရာကြီး ဦးရွှေအောင်၏နိဒါန်း မပါရှိကြောင်း ရေးသားထားသည်။ (ထိုနိဒါန်းကို အတွေးအမြင် အမှတ်၂၁၆ တွင် ပါရှိသည်။)
၅။ ဘဘ ဦးထိန်ဝင်းသည် “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)ကျမ်းစာ”ကို မြန်မာပြည်သားများသာမက ကမ္ဘာသူ ကမ္ဘာသားများကိုပါ သိစေချင်သောဆန္ဒကြောင့် ဆရာကြီး ဦးရွှေအောင် ရေးသားပြီး စာမူများကို ဆရာကြီး ဦးလှမောင်အား ဘာသာပြန်ဆို ပူဇော်စေခဲ့ပြီးနောက် အင်္ဂလိပ်ဘာသာပြန် စာမူများကို ဆရာ ဦးခင်မောင်လတ်ကို ပြန်လည်ဖတ်ရှုပေးဖို့ တောင်းပန်ခဲ့ပြီး အင်္ဂလိပ်စာမူကိုပါ ပူးတွဲဖြန့်ချိပေးခဲ့ပါသည်။
၆။ စာကောင်း ပေကောင်းတခု ထွက်ပေါ်လာစေဖို့ ပုံဖော်ရေးသားသူနှင့် အားထုတ်ကြိုးပမ်းသူ နှစ်ဦးစလုံး တန်ဖိုးထားသင့်သူများ ဖြစ်ပေသည်။ ထေရဝါဒဗုဒ္ဓဘာသာကို အသွင်သဏ္ဍာန်နှင့် အနှစ်သာရ တထပ်တည်းကျအောင် အားထုတ်ကြိုးပမ်းခဲ့ကြသူ ထိုနှစ်ဦးကို လေးစားကြည်ညိုလာမိရပါသည်။
ဤကား ဘဘ ဦးထိန်ဝင်းအား အမှတ်တရ လွမ်းမောဖွယ် ရေးသားချက်များအဖြစ် ပြန်လည်တင်ပြရင်းဖြင့် ဘဘ ကောင်းရာသုဂတိလားပါစေဟု ဆုတောင်းမေတ္တာဖြင့် … …။
(ဓာတ်ပုံမှာ – ၁၉၃၇ ခုနှစ်၊ တိုးတက်ရေးမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ပုံ။ နောက်- ဦးထိန်ဝင်း၊ ဒေါ်ခင်မျိုးချစ်၊ ဦးထွန်းခင်။ ရှေ့တွင်ထိုင်နေသူများ – ဦးထွန်းသန်း၊ ဦးဘရင်) ဂျူနီယာဝင်း ဘလော့ဂ် http://juniorwin.blogspot.com/ က ပြန်လည်ကူးယူ ဖော်ပြပါတယ်။

0 comments