In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Saturday, June 13, 2015

ဗိုလ်လက်ျာ (၁၉၁၁ - ၁၉၇၈) - Bo Let Yar (1911 - 1978)

သမိုင်းတကွေ့မှ ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်)(မိုးမခ) သန်းဝင်းလှိုင်။ ဇွန် ၂၈၊ ၂၀၁၂
 

ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ (၁၉၄၁)

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ အမည်ရင်းမှာ ကိုလှဖေဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းဦးစီးသော တို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါသခင်လှဖေဖြစ်လာခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ ‘တာနီကိယောရှိ’ (Tani Kiyoshi) ဖြစ်သည်။ ဘီအိုင်အေဖွဲ့ပြီးနောက် ဗိုလ်အမည်ခံယူရာတွင် ဗိုလ်လကျာ် ဖြစ်လာခဲ့သည်။

ဗိုလ်လက်ျာကို ၁၉၁၁ခုနှစ် သြဂုတ်လ၃၀ရက်နေ့၌ ပျဉ်းမနားမြို့တွင် အဖဦးစိန်သွင်၊ အမိဒေါ်ကျင်မြိုင်တို့မှ ဖွားမြင့်ခဲ့သည့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ မြို့မအမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၀တန်းအောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင်ဖြစ်ပွားသော ရန်ကုန် တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားသပိတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်မှ ထွက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ် တွင် ပညာဆက်လက်သင်ကြားခဲ့သည်။

၁၃၀၀ပြည့် အရေးတော်ပုံကာလ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အသင်းတိုက်၌ ကျင်းပသော လျှို့ဝှက်အစည်းအရုံးသို့ တက်ရောက်ခဲ့သည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ရေကျော်ရပ် တို့ဗမာ အစည်းအရုံးတည်နေရာ၌ ကွန်မြူနစ် (ကလာပ်စည်း) အဖွဲ့အစည်းတရပ်ကို သခင်အောင်ဆန်း၊ ကိုသိန်းဖေ (သိန်းဖေမြင့်)၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့နှင့် စတင်ဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်း ၄၉ လမ်း အိမ်အမှတ် ၁၈၈ တွင် ကွန်မြူနစ်ပါတီကို သခင်အောင်ဆန်း၊ သခင်စိုး၊ ဂိုရှယ်ခေါ် ဘတင်၊ ကိုဗဟိန်း၊ မစ္စတာနတ်တို့နှင့် လျှို့ဝှက်တည်ထောင်ရာတွင် သခင်လှဖေ (ဗိုလ်လက်ျာ) သည် ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဗြိတိသျှအစိုးရအား ဆန့်ကျင်သည့်လုပ်ငန်းများဆောင်ရွက်ရန် မြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit) ကို ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင်ဖွဲ့စည်းရာသခင်မြ (ပြည်တွင်းခေါင်းဆောင်)၊ သခင်အောင်ဆန်း (ပြည်ပခေါင်းဆောင်) ကိုဗ ဟိန်း၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ ကိုလှမောင် (မိတ္ထီလာ)၊ သခင်ချစ် (နောင်ဗကပအတွင်းရေးမှူး)၊ ကိုဗဆွေ(နောင်ဝန်ကြီးချုပ်) ကိုကျော် ငြိမ်း(အာအီးတီ)၊ ကိုထွန်းရွှေ (နဂါးနီ)၊ ကိုကျော်ငြိမ်း (နောင်ဒုဝန်ကြီးချုပ်) တို့နှင့်အတူ ပါဝင်ခဲ့သည်။ ဗိုလ်လက်ျာသည် စစ်ကြိုခေတ် သ ခင်နုနှင့် ပူးတွဲ၍ ‘ဂန္ဓာလရာဇ် နိုင်ငံရေးအဘိဓာန်’ စာအုပ်ကို ရေးသားခဲ့သည်။

တို့ဗမာအစည်းအရုံး၏ တာဝန်ပေးချက်အရ သခင်လှဖေသည် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (နောင်ဗိုလ်ရန်အောင်)တို့ တရုတ်ပြည် အမွိုင်မြို့သို့သွားရောက်ရေးအတွက် စီစဉ်ပေးခဲ့သည်။ တဖန်သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ အမွိုင်တွင်သောင်တင်၍ ငွေပြတ်လပ် နေစဉ်အတွင်း ရန်ပုံငွေများ ရှာဖွေကောက်ခံပေးပို့ခဲ့သည်။ သခင်လှဖေသည် ကိုလှမောင် (အငြိမ်းစား သံအမတ်ကြီး)နှင့်အတူ ပြည်ပအ ကူအညီရရှိရန်အတွက် ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ရာ နိုင်ငံကူးလက်မှတ်မပါဘဲ ထိုင်းနိုင်ငံအတွင်းဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည်။

ယင်းနောက် ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် သခင်အောင်ဆန်း ဂျပန်နိုင်ငံမှ လျှို့ဝှက်တိတ်တဆိတ်ရောက်ရှိလာပြီး မတ်လ၁၀ရက်နေ့ တွင် ရွှန်းတင်မာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ အပြန်တွင် သခင်လှဖေသည် ကိုထွန်းရှိန် (နောင်ဗိုလ်ရန်နိုင်)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး) တို့နှင့်အတူ ရဲဘော်သုံးကျိပ် ပထမအသုတ်အဖြစ် လိုက်ပါသွားခဲ့သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၁၉၄၁ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ရောက်ရှိပြီး ၁၀ ရက်ခန့်အကြာ ၁၉၄၁ခုနှစ် ဧပြီလတွင် ထိုင်ဝမ်ကျွန်းမှ တဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားခဲ့သည်။

ဗိုလ်လက်ျာသည် သခင်အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့နှင့်အတူ တပ်ဖွဲ့ (၃) ၌ လေ့ကျင့်သင်ကြားခဲ့သည်။ သူတို့၏လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်) ဆူဇူကီး ဖြစ်သည်။
ဟိုင်နန်ကျွန်း၌ ဗိုလ်လက်ျာနှင့်အတူ စစ်ပညာသင်တန်းတက်ခဲ့သော ဗိုလ်ကျော်ဇောက သူ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ ဗိုလ်လက်ျာ ၏ အကြောင်းကို ဤသို့ ပြန်ပြောင်းရေးသားထားလေသည်။

“၁၉၄၁ခုနှစ်တွင် ကျနော်တို့ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်တွင် ကျနော်နှင့်ရင်းနှီးခင်မင်ဆုံးပုဂ္ဂိုလ်တဦးမှာ ဗိုလ်လက်ျာ ဖြစ်သည်။ ကျနော့်ထက် အသက် (၄) နှစ်မျှ ပိုကြီးမည်ထင်ပါသည်။ သူ၏ရုပ်အသွင်မှာ အနည်းငယ်ပိန်လှီပြီး သွားလာလှုပ်ရှားမှုအနည်းငယ် နှေးကွေးသည်။ အပြောအဆို နူးညံ့သိမ်မွေ့သည်။ အသွင်အပြင်မှာ အေးဆေးပျော့ပျောင်းသော အသွင်အပြင်ဖြစ်သည်။

သို့သော် ဗိုလ်လက်ျာ၏ စိတ်ဓာတ်မှာ ကြံ့ခိုင်တောင့်တင်းသူဖြစ်သည်။ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ယူကြရာတွင် ဂျပန်ခေတ် စစ်လေ့ ကျင့်ခန်းများမှ ပြေးရလွှားရတိုက်ခိုက်ရသဖြင့် ကျနော်တို့ အတော်ပင်ပန်းကြသည်။ ၎င်းမှာ မျက်နှာဖုံးခေါင်းစွပ်အကာနှင့် ကိုယ်အထက်ပိုင်း အကာ အဝတ်အစားများဝတ်ဆင်ပြီး တဦးနှင့်တဦး နှစ်ဘက်သေနတ်အတု၊ တုတ်တို့ဖြင့် လှံစွပ်ထိုးရခြင်းဖြစ်သည်။ အလွန်မောပန်းသော စစ်လေ့ကျင့်ခန်းဖြစ်သည်။ အချို့ရဲဘော်များမောပန်းပြီး လဲပြိုမေ့မျောသည်အထိ ဖြစ်သည်။ ကျနော်တို့က ဗိုလ်လက်ျာကို သူလိုက်ပြီးလုပ် နိုင်ပါ့မလားဟု စိတ်ပူမိသည်။ သို့သော် ဗိုလ်လက်ျာမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် စစ်လေ့ကျင့်ခန်းများကိုလိုက်ပြီး ဇွဲနှင့်မှန်မှန်လိုက် လုပ်နိုင်ခဲ့သည်။ ဤတွင် သူစိတ်ဓာတ်ကြံ့ခိုင်မှုကို ကျနော်တို့မြင်ရခြင်းဖြစ်သည်။

ဗိုလ်လက်ျာသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတကွ ဗမာပြည်နိုင်ငံရေးကို ဆောင်ရွက်ခဲ့သော ဗမာပြည်နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ဦး လည်းဖြစ်သည်။ ဗမာ့လွတ်လပ်ရေးလက်နက်ကိုင်တိုက်ပွဲအတွက် တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၁ တွင် ဗမာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာပြည်၏ စစ်ရေးခေါင်းဆောင်ကြီးလည်းဖြစ်သည်။” ဟူ၍ ရေးသား ထားလေသည်။

ဗိုလ်လက်ျာသည် ဗိုလ်လရောင်နှင့်အတူ မြန်မာနိုင်ငံအတွင်း ပြည်တွင်းသူပုန်လုပ်ငန်းများဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။ ထိုတာဝန်များ ဆောင်ရွက်စဉ် ၁၉၄၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တက်နွန်ရွာ၌ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး ၁၉၄၁ခုနှစ် ဒီဇင် ဘာလ ၁၁ ရက်နေ့မှ အချုပ်မှလွတ်မြောက်ခဲ့သည်။

ဘီအိုင်အေဖွဲ့ပြီးနောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဂျပန်တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ကာဝါရှီမားနှင့် ဗိုလ်လက်ျာ ကြီးမှူး သည့် ဘီအိုင်အေ ထားဝယ်စစ်ကြောင်းသည် ဘန်ကောက်မြို့မှ စတင်ချီတက်ခဲ့ကြသည်။

ဗိုလ်လက်ျာသည် ဘီအိုင်အေတပ်၌ ဒုတိယစစ်သေနာပတိအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင် အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းထားသောအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေစစ်ဦးစီးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်လက်ျာသည် မခင်လှနှင့် လက်ထပ်ခဲ့သည်။

၁၉၄၄ခုနှစ် သြဂုတ်လ၂၃ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ခုနှစ် မတ်လ၁ရက်နေ့မှ၃ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ကျင်းပသော ဖတပလအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အိန္ဒိယနိုင်ငံမဟာမိတ်စစ်ဋ္ဌာနချုပ်မှပေးစာနှင့် ဦးသိန်းဖေမြင့်ထံမှ ပေးစာတို့အပေါ် မူ တည်၍ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို သဘောတူချမှတ်ခဲ့ကြသည်။ ဖက်ဆစ်တိုက်ဖျက် ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဟုပြင်ဆင်ပြီး ဖတပလဦးစီးအဖွဲ့ကို တပ်မတော် ကိုယ်စားလှယ်၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်းသည်။ ထို့နောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကိုလည်း ‘ပြည်သူ့လွတ်လပ်ရေးတပ်မတော်’ (အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်)ဟု အမည်ပြောင်းလဲ ရန်နှင့် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်တော်လှန်ရေးစတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော်တပ်ဖွဲ့များနှင့် ဖတပလအဖွဲ့ခွဲများသို့ “ပုန်ကန်ထကြွရေး ညွှန်ကြားချက် အမှတ်-၁” ထုတ်ပြန်ရန် သဘောတူခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် စစ်တိုင်းကြီးများခွဲခြင်း၊ စစ်နယ်မြေ များ သတ်မှတ်ခြင်းနှင့် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ဗိုလ်လက်ျာသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်း (၂) (ဟံသာဝတီ၊ ဖျာပုံနှင့် မအူပင်ခရိုင်များ) နှင့် တိုင်း (၃) (ပုသိမ်၊ ဟင်္သာ တ (အနောက်) နှင့် မြောင်းမြခရိုင်များ) ဆက်သွယ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးပြီးနောက် မိတ္ထီလာ ဗြိတိသျှဗိုလ်ချုပ်ကြီးဝီလျံစလင်းနှင့် တွေ့ဆုံဆွေးနွေးပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်မှူးကြီးလက်ျာ၊ ဗိုလ်မှူးကြီးနေဝင်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့နှင့် စစ်ရေးနိုင်ငံရေး အခြေအနေများကို တိုင်ပင်ဆွေးနွေး၍ ဖတ ပလအဖွဲ့ချုပ်ကြီးကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် တပ်မတော်ရေးရာဆွေးနွေးရန် သီဟိုဠ်ကျွန်း(သီရိ လင်္ကာနိုင်ငံ) ကန္ဒီမြို့သို့ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်မောင်မောင်၊ ဗိုလ်ဇော် မင်းတို့နှင့်အတူ ဗိုလ်လက်ျာသည် တပ်မတော်ကိုယ်စားလှယ် (၇) ဦး၌ ပါဝင်ခဲ့သည်။ ယင်းအဖွဲ့၌ ပြောက်ကျားကိုယ်စားလှယ် ၂ ဦးမှာ ကို ညိုထွန်းနှင့် သခင်သန်းထွန်းတို့ဖြစ်ပြီး အမျိုးသားကိုယ်စားလှယ်နှစ်ဦးမှာ ဦးဘဘေနှင့် စောဘဦးကြီးတို့ ပါဝင်ခဲ့ကြသည်။
ထို့နောက် ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းခဲ့သော ဗမာ့တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဒုတိယစစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့် အပ်ခံရသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အာရှအရှေ့တောင်ပိုင်း မဟာမိတ်စစ်သေနာပတိချုပ် မောင့်ဘက်တန်က ဗြိတိသျှစစ်အုပ်ချုပ်ရေးရုပ်သိမ်းကြောင်း ကြေညာချက်အမှတ် (၁) ကို ထုတ်ပြန်ခဲ့သည်။ ထိုနေ့မှာ မြန်မာ့မျိုးချစ်တပ်မတော် ဒုတိယစစ်သေနာပတိ ဗိုလ်မှူးကြီးလက်ျာက မြန်မာ့တပ်မတော်ထောက်ပံ့ရေးအဖွဲ့ချုပ်မှ လက်ခံရရှိသည့် အလှူရန်ပုံငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ခဲ့သည်။ ဗိုလ်မှူးကြီးလက်ျာသည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ပေးခြင်းခံရသည်။

ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်လက်ျာသည် ကာကွယ်ရေးဝန်ကြီး တာ ဝန်ကို ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးလက်ျာသည် ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တပ်မ တော်ဆိုင်ရာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူချက်များပါသော လက်ျာဖရီးမင်းစာချုပ်ကို ရန်ကုန် မြို့၌ ဗြိတိသျှစစ်မစ်ရှင်အဖွဲ့ခေါင်းဆောင် ဂျွန်ဒဗလျူဖရီးမင်း (John W.Freeman) နှင့် ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် အချက်ပေါင်း ၁၀ ချက် ပါဝင်သည်။

၁၉၄၇ ခုနှစ် စက်တင်ဘာလ၁၁ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဗဆွေက ဖဆပလအဖွဲ့ချုပ် သန့်ရှင်း၍ ခိုင်မာ တောင့်တင်းရေးအတွက် ဗိုလ်မှူးအောင်၊ ဦးဗဆွေ၊ မန်းဝင်းမောင်တို့နှင့်အတူ ဗိုလ်လက်ျာသည် သန့်ရှင်းရေးအဖွဲ့ငယ်တွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဗိုလ်လက်ျာအား ဒုတိယဝန်ကြီးချုပ် ခန့်အပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တို ဘာလ ၁၅ ရက်နေ့တွင် သခင်နုခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့သွားရောက်ရာတွင် ဗိုလ်လက်ျာသည် အဖွဲ့ ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။

ထို့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ထိုနှစ်မှာပင် နိုင်ငံတော်အစိုးရချီးမြှင့်သော မဟာသီရိသုဓမ္မဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် လက်ျာကုမ္ပဏီနှင့် မုတ္တမကုမ္ပဏီများ တည်ထောင်၍ စီးပွားရေးလုပ်ကိုင်ခဲ့သည်။

ဗိုလ်လက်ျာသည် တပ်မတော်အငြိမ်းစားမယူမီကပင် ဖဆပလအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပ သော ကြားဖြတ်ရွေးကောက်ပွဲ၌ ကသာကျေးလက်အရှေ့ပိုင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ သည်။ တပ်မတော်အငြိမ်းစားယူပြီးနောက် ဖဆပလအစိုးရအဖွဲ့၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လတွင် ဗကပအလင်းဝင်ရောက်ရေးကိစ္စနှင့်ပတ်သက်၍ ဖဆပလအစိုးရနှင့် ဗကပဗဟိုကော်မတီကိုယ်စားလှယ် ရဲဘော် ချမ်းအေး (မောင်စူးစမ်း) တို့အကြား ကြားလူအဖြစ် ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။ ၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် ဗိုလ်လက်ျာအား မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျားကြိုးစားဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) တံဆိပ် ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ဗိုလ်လက်ျာသည် ၁၉၆၉ ခုနှစ် သြဂုတ်လ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုဦးစီးဖွဲ့စည်းခဲ့သော ပါလီမန်ဒီမိုကရေစီပါတီ (Parliament Democracy Party-PDP) တွင် ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၀ပြည့်နှစ် မေလ၂၅ ရက်နေ့တွင် ပီဒီပီပါတီသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီတို့နှင့် ပူးပေါင်း၍ ‘တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ် ရေးနှင့်လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ) ကို ဖွဲ့စည်းတည်ထောင်ရာတွင် ဗိုလ်လက်ျာသည် နိုင်ငံရေးနှင့်စည်းရုံးရေးဆပ်ကော်မတီ ၌ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၃ ခုနှစ် ဇူလိုင်လ၂၄ ရက်နေ့တွင် ဦးနုသည် ပါလီမန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်သွားပြီးနောက် ဗိုလ်လက်ျာသည် (People’s Patriotic Party) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ဗိုလ်လက်ျာသည် ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းရာတွင်လည်း ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်အနီး ပရာကျွတ်စခန်းတွင် ကေအန်ယူရွှေ့ဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျ ဆုံးသွားခဲ့ရသည်။ ဗိုလ်လက်ျာကျဆုံးသွားစဉ်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက … “ဗိုလ်ချုပ်လက်ျာသည် ဗမာပြည်၏ ဗိုလ်နေဝင်း စစ် အာဏာရှင်စနစ်ဆိုး အုပ်စိုးမှုကို သူကျဆုံးသည့် ၁၉၇၈ ခုနှစ် နိုဝင်ဘာအထိ တိုက်ခိုက်ဆန့်ကျင်သွားသူဖြစ်သည်။

ဗိုလ်ချုပ်လက်ျာသည် မိမိကိုယ်မိမိ အတော်နှိပ်ချတတ်သူဖြစ်သည်။ ကျနော်တို့က ဗိုလ်ချုပ်လက်ျာကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ဗမာပြည် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်များ လုပ်ခဲ့ကြသူများဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတူထားပြီး လေးစားခဲ့ကြ သည်။

သို့သော် ဗိုလ်ချုပ်လက်ျာသည် သူ့ကိုယ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တတန်းတည်းမထားဘဲ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ခေါင်းဆောင်အဖြစ် သဘောထားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကားတစ်ကားတည်းအတူစီးကြရာတွင် သူက ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ နောက်တန်းတွင် မထိုင်ဘဲ ရှေ့ခန်းတွင်း ဒရိုင်ဘာ၏ခုံဘေးထိုင်ခုံတွင် ထိုင်တတ်သည်ကိုတွေ့ရ၍ သူ့ကို ကျနော်တို့လေးစားကြရပါသည်။ သူသည် သူ့ကိုယ်သူ နှိမ့်ချတတ်သူဖြစ်သည်။

နောက် ဗိုလ်ချုပ်လက်ျာသည် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် များစွာယုံကြည်လေးစားအားထားသူ ဖြစ်သည်။ ဘီအိုင်အေခေတ် ပြီးခါစတွင် ထင်ပါသည်။ ကျနော်တို့တပ်ထဲတွင် ထိုင်းနိုင်ငံကဝင်လိုက်ခဲ့တဲ့ တပ်မှူးတစ်ဦးက တိုက်ပွဲတစ်ပွဲက သူရလာတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ လက်ဝတ်ရတနာစိန်ရွှေပစ္စည်းများထည့်ထားတဲ့ သံသေတ္တာလေးတစ်လုံး လာပြီးပေးအပ်ပါသည်။ ကျနော် ခေတ္တသိမ်းထားပြီးနောက် ကျ နော့်အထက်တွင် ဗိုလ်လက်ျာ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ရှိရာ ကျွန်နော် ဗိုလ်လက်ျာထံသွားပြီး ထိုရတနာသေတ္တာကို ဘယ်သူ့အပ်ရမလဲ သွားမေးပါသည်။ ဗိုလ်လက်ျာက နောင်အနာဂတ်မှာ ဗမာပြည်မှာလွတ်လပ်ရေးကို ဆက်တိုက်သွားမှာက ဗမာပြည်ကွန်မြူနစ်ပါတီပဲဖြစ် တယ်။ ဒါကြောင့် ကွန်မြူနစ်ပါတီကို သွားပြီးပေးထားပါဟု ညွှန်ကြားပါသည်။ ကျနော်မှာ မိမိဆန္ဒနှင့်လည်းကိုက်ညီပြီး ချက်ချင်းပင် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်းထံသို့ ထိုသေတ္တာငယ်ကို သွား၍ပေးအပ်လိုက်ပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်လက်ျာသည် ဤသို့ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ယုံကြည်အားထားသူဖြစ်ပါသည်။
နောင်နှစ်ပေါင်းအတော်ကြာမှ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်လက်ျာသည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့နှင့်အတူ ပါဝင်ခဲ့သူဖြစ်ကြောင်း ကျနော်သိရပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျနော်တို့အမြင်အရ ဗိုလ်ချုပ်လက်ျာကို အတော်ပင်လေးစားချစ်ခင်သည်။ ရဲဘော်ရဲဘက်စိတ် သာမက တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုပမာကဲ့သို့လည်း အပြန်အလှန်ချစ်ခင်လေးစားကြသည်။ သူ၏လက်အောက် ဒုတိယနေရာတွင် အမြဲထားပြီး၊ ဘယ်သူ့ကိုမှ ဗိုလ်ချုပ်လက်ျာ၏ အထက်နေရာကို မပေးခဲ့ချေ။ ဗိုလ်နေဝင်း ဗိုလ်ချုပ်အောင်ဆန်းအောက် ရောက်လာသောအခါ အခြားနိုင် ငံရေးပါတီကဖြစ်၍ များစွာနေရာပေးဆက်ဆံခဲ့သော်လည်း သတိထားပြီး ဗိုလ်ချုပ်လက်ျာ၏ အထက်နေရာကို ဘယ်တော့မှ မပေးချေ။ ဗိုလ် နေဝင်းက ဒါကို အတော်မကျေမနပ်ဖြစ်ပြီး ဗိုလ်ချုပ်လက်ျာအပေါ် တလျှောက်လုံးဆန့်ကျင်ခဲ့သည်”ဟူ၍ သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ရေး သားထားလေသည်။

ဂျာနယ်ကျော်မမလေးကလည်း “သူလိုလူ” စာအုပ်စာမျက်နှာ ၃၃၁ ၌ “ဗိုလ်လက်ျာကား လူပုံပျော့၍ နုနယ်သော်လည်း နိုင်ငံရေးလုပ်ရာတွင် သူ့စိတ်ကား သံချောင်းတစ်ချောင်းကဲ့သို့ မာထက်သော သူတစ်ဦးဖြစ်လေသည်” ဟူ၍ ချီးကျူးထားလေသည်။

မည်သို့ဆိုစေ… ဗိုလ်လက်ျာကား မြန်မာ့သမိုင်းတကွေ့၌ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကိုယ်ကျိုးမငဲ့ အနစ်နာခံကာ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သော နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်ကိုမူ မည်သူမျှ ငြင်း၍မရနိုင်ချေ။ မဟုတ်ပါလော။

• ရည်ညွှန်း
၁။ ဗိုလ်မှူးချုပ်ကျော်ဇော၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ် (ဆိုင်းစုမသည်မန်ဟိုင်းဆီသို့….) ပထမအကြိမ် ဓူဝံစာပေ၊ အမေရိကန်ပြည် ထောင်စု၊ ၂၀၀၇။
၂။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ် ပထမအကြိမ်၊ အင်းဝစာပေတိုက်၊ ၁၉၉၈။
၃။ တက္ကသိုလ်စိန်၊ ရဲဘော်သုံးကျိပ်မော်ကွန်း၊ ပဉ္စမအကြိမ်၊ အားမာန်သစ်စာပေ၊ ၂၀၁၀။
၎။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ)၊ သမိုင်းသုတေသနဦးစီးဌာန၊ ပထမအကြိမ်၊ ၂၀၀၉။

0 comments