အဘ သခင်အုန်းမြင့် ကို နှုတ်ဆက်လိုက်တယ်
မောင်ရစ်
စက်တင်ဘာ ၁၇၊ ၂၀၁၀
သခင်အုန်းမြင့် ကွယ်လွန်သွားတဲ့အတွက် မိုးမခ မီဒီယာတဖွဲ့လုံးက ၀မ်းနည်း ကြေကွဲကြောင်း မှတ်တမ်းပြုလိုက်တယ်။ မိုးမခက ၀ိုင်းတော်သားတွေအားလုံးက ၈၈ အရေးအခင်းထဲမှာ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း လျှောက်ခဲ့ကြဖူးသူတွေ၊ သမဂ္ဂတွေ၊ အင်န်အယ်ဒီ၊ လူ့ဘောင်သစ်၊ တပ်ဥိးတွေ စသည်တို့မှာ ဘယ်နေရာက ဖြစ်ဖြစ် လုပ်အားလေး ဘာလေး နဲနဲပါးပါး ပေးခဲ့ဖူးကြသူတွေ ဆိုတော့ အဘသခင်အုန်းမြင့်ကို မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူး၊ ကြုံဖူးသူတွေချည်းမို့ ချစ်ခင်ကြည်ညိုသူတွေချည်းမို့ သည်လိုမျိုး ရဲရဲကြီး ပြောရဲတာာ ဖြစ်ပါတယ်။
ဆရာဦးတင်မိုးလိုပဲ အမြဲတမ်း ပြုံးနေတတ်သူဟာ အဘသခင်အုန်းမြင့် ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ်ယုံကြည်ရာကို၊ အမှန်တရားကို တစိုက်မတ်မတ် တည်ဆောက် ချီတက်သူဟာ အဘသခင်အုန်းမြင့် ဖြစ်ပါတယ်။ သူ့ကို တော်လှန်ရေးရဲ့ အချက်အခြာ နေရာ၊ ဒေသ၊ အချိန်အခါတွေမှာ အမြဲတမ်း တွေ့ရပါတယ်။ အမြဲတမ်း သူရှိလို့ နေပါတယ်။
ဂတိမတည်တဲ့၊ သစ္စာမရှိတဲ့၊ သီလမရှိတဲ့၊ ရက်စက် ကြမ်းကြုတ်ပြီး၊ ကောက်ကျစ်တဲ့ စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အလိုတော်ရိတွေ၊ လက်ကိုင်တုတ်တွေ၊ နောက်လိုက်ငယ်သားတွေကို အမြဲတမ်း ကန့်ကွက် ရှုတ်ချ ဆန့်ကျင် တိုက်ခိုက်နေရသူတွေအတွက် အဘဦးအုန်းမြင့်ဟာ အားဆေးတခွက် ဖြစ်ပါတယ်။ အဘကို မြင်လိုက်ရရင် ကျနော်တို့တတွေ အားရှိသွားတယ်။ အဘကို တွေးလိုက်ရင် ကျနော်တို့တတွေ ခွန်အားတွေ ဖြစ်လာတယ်။ ပိန်ပိန်သေးသေးနဲ့ ရန်ကုန်လမ်းမများပေါ် တတောက်တောက်နဲ့ လျှောက်သွားနေတဲ့ အဖိုးအိုတဦးဟာ အလွန်ကြီးကျယ် မြင့်မြတ်ရဲရင့်တဲ့ အမျိုးသားနိုင်ငံရေးသမားတဦး ဖြစ်နေလို့ပါပဲ။
ဆရာဦးဝင်းတင်နဲ့ သူတို့ ၂ ဦး လွန်ခဲ့တဲ့ လအနည်းငယ်က လက်တွဲလို့ စကားလက်ဆုံ ပြောမကုန် ဖြစ်နေကြတာကို တွေ့ခဲ့ရတယ်။ အလွန်ကြည်နူးဖွယ်ရာ မြင်ကွင်းပဲ။ သူတို့လျှောက်နေတဲ့ လမ်းတွေနောက်က ကျနော်တို့ ဆက်လျှောက်ကြဖို့ပဲ လိုပါတယ်။ သူတို့လည်း လမ်းမပျောက်ခဲ့ဘူး။ ကျနော်တို့လည်း သူတို့နောက်က ရဲရဲကြီး ရှေ့တိုးကြ … လမ်းပျောက်စရာ မရှိပါဘူး။
ကျနော်တို့ရှေ့က အမှန်တရားနဲ့ တရား မျှတမှုအတွက် စွန့်လွှတ် စွန့်စား ရုန်းကန် ရင်ဆိုင်သွားကြသူ အဖိုး၊ အဖွား၊ မိခင်၊ ဘခင်၊ ညီအကို မောင်နှမ များစွာဟာ ဥာဏ်အလင်းပွင့်ဖို့ သစ္စာရှာကြသူတွေ ချည်းပဲလို့ ယုံကြည်ပါတယ်။ အခု ရခဲလှတဲ့ လူ့ဘ၀မှာ သစ္စာတရားကို ရှာဖွေဖို့ ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ အရင်းအနှီးတွေ မြောက်များစွာနဲ့ ပါရမီတွေ ဖြည့်သွားကြတယ်၊ ဖြည့်နေကြတယ် လို့ မြင်မိပါတယ်။
မိမိဘ၀နဲ့ ရင်းပြီး ပေးဆပ်တယ်။ ကိုယ် စိတ် နှလုံး ဖောက်ပြန်မှု မရှိဘူး။ သူတပါးအပေါ်မှာလည်း အကောက်မကြံဘူး။ ပညာဥာဏ်မဲ့တဲ့ မိုက်မဲမှုတွေ မလုပ်ဘူး။ ခိုင်မာမြဲမြံတဲ့ သန္နိဌာန်နဲ့ မဆုပ်မနစ် ချီတက်တယ်။ သည်းခံမှု၊ ရိုးသားမှုတွေ မေတ္တာထားမှုတွေနဲ့ ပြည့်ဝအောင် ကြိုးစားတယ်။ တလောကလုံးက တိုက်ခိုက်စော်ကားနေပါစေ သူတို့တတွေဟာ ယိမ်းယိုင် တွေဝေခြင်း စိတ်ပျက် အားလျော့ခြင်း မရှိဘဲ ရင်ဆိုင်ကြသူတွေ ဖြစ်ပါတယ်။
သစ္စာကို ရှာဖွေနေတဲ့ ပါရမီရှင်ကြီးတွေကို ကျနော်တို့တတွေ ပတ်ဝန်းကျင်မှာ တွေ့ကြုံ ဆုံခွင့်ရတာ၊ တလေးတစား အသိအမှတ်ပြုခွင့်ရတာကိုက ကျနော်တို့အတွက် ဒုလ္လဘကြီး တခုလို့ သဘောထားပါတယ်။ အဲသည်လို သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေ၊ ကြီးကျယ် မြင့်မြတ်သူတွေကို အမှန်အတိုင်း ပကတိအတိုင်း မြင်သိဖို့အတွက် ကျနော်တို့မှာ မောဟအမှောင်တွေ ပိတ်ဖုံး မနေမိတာကို ၀မ်းသာမိပါတယ်။
အခုတော့ ကျနော်တို့ ကို ခွဲခွာလို့ ခရီးဆက် ထွက်ခွာသွားသူကို နှုတ်ဆက်ကြဖို့သာ ရှိတယ်။ သံသရာသာ ရှိခဲ့ရင် နောင်ဘ၀ အဆက်ဆက် ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်မှာ သူလိုလူမျိုးတွေနဲ့ပဲ အကြိမ်ကြိမ် ကြုံခွင့်ရလိုပါတယ်။ သူလိုလူတွေ တည်ရှိနေတဲ့အတွက် ကျနော်တို့တတွေ ဘာမှ ဆုံးရှုံးနစ်နာစရာ မရှိပါ။ သုူတို့မရှိတော့တဲ့ လောကကြီးမှာသာ အကျည်းတန်လို့ ကျန်ရစ်ပါတယ်။
အဘသခင်အုန်းမြင့် သက်တော်ရာကျော် ရှည်ပါစေ။ ။
(ပန်းချီမင်းကျော်ခိုင်ရဲ့ ပုံကို ယူသုံးထားပါတယ်)
0 comments