In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Thursday, July 2, 2015

မောင်မိုးသူ - ရှေးကတော့ပိုချစ်ကြတယ်နှင့် ဘကြီးမိုး


  မောင်မိုးသူ - ရှေးကတော့ပိုချစ်ကြတယ်နှင့် ဘကြီးမိုး  
(ကုမုဒြာ ဂျာနယ်၊ မိုးမခ) မေ ၁၃၊ ၂၀၁၅ 

  ဘဘလတ် ၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ရာပြည့်ပွဲကို ဘကြီးမိုးတက်ရပါတယ်။ အဲသည်မှာ ဆရာခင်မောင်ဝင်း ၊ ရွှေရည်ဝင်း၊ မောင်ရစ်နဲ့ဂျူနီယာဝင်း မောင်နှမစီစဉ်တဲ့ပွဲပေါ့လေ။တကယ့်တကယ်ရန်ကုန်အဲလေ မြန်မာပြည်မှာ ကျန်ရစ်နေထိုင်ကြသူတွေက ဆရာခင်မောင်ဝင်း၊ ရွှေရည်ဝင်းနဲ့ ဂျူနီယာဝင်းတို့ပါပဲ။ မောင်ရစ်က အမေရိကားမှာ နေတာ။ မောင်ရစ်က အမေရိကားမှာ အွန်လိုင်းဂျာနယ် စထုတ်တယ်။ မောင်ရစ်က ကာတွန်းရေးတာ မိုးမခပါတဲ့။ မိုးမခမှာအမေရိကားမှာရှိကြတဲ့ ကြေးမုံဦးသောင်းတို့ တင်မိုးတို့ကို နာယကနေရာမှာ တားတာပေါ့။ အွန်လိုင်းဂျာနယ်အဖြစ် အောင်မြင်ပါတယ်။

အဲသည်အချိန်မှာ မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးမရှိတော့ဘဲ ပုဂ္ဂလိက သတင်းစာ၊ဂျာနယ်များ၊မဂ္ဂဇင်းများ ထုက်ဝေဖြန့်ချီရေး ရလာတော့ မောင်ရစ်က မိုးမခကို မြန်မာနိုင်ငံမှာ မဂ္ဂဇင်းအဖြစ် ထုက်ဝေဖို့ စီစဉ်ပါတယ်။ မောင်ရစ်ဟာ အွန်လိုင်းမိုးမခအဖြစ်နဲ့ပဲ ဦးဝင်းတင်နဲ့ အင်တာဗျူးတွေ လုပ်ခဲ့ပါတယ်။ မောင်ရစ်ရဲ့ ဦးဝင်းတင်အင်တာဗျူးစာအုပ်လည်း ယခုတော့ ရန်အောင် စာပေက ထုတ်ဝေပါပြီ။ မိုးမခမဂ္ဂဇင်းမှာ ဦးဝင်းတင်နဲ့ ဘကြီးမိုးကို နာယက ခန့်ပါတယ်။ ပါဆိုလည်း ပါရတာပေါ့။ မိုးမခမဂ္ဂဇင်းများကို ဖြန့်ချီဖို့ ရောင်းချဖို့လည်း ဘကြီးမိုး ဝိုင်းရပါ တယ်။ ဦးဝင်းတင်ကွယ်လွန်တော့ မိုးမခနာယကများအဖြစ် ဘကြီးမိုး၊ ဒေါ်မာမာအေးနဲ့ မောင်စွမ်းရည်တို့ ဖြစ်လာပါတယ်။

သည်လို သည်လိုနဲ့ ၂၀၁၅ ရောက်လာတော့ ရာပြည့်အထိမ်းအမှတ်တွေ လုပ်ကြဖို့ စဉ်းစားစီစဉ်ကြရပါတယ်။ ၂၀၁၅ မှာ အလွန်ထူးခြားတာက မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ဖေဖော်ဝါရီမှာ မွေးတာပါ။ ဗိုလ်ချုပ်နဲ့အတူ တစ်နှစ်တည်းမွေးပြီး ဗိုလ်ချုပ်နဲ့အတူ လုပ်ခဲ့ကိုင်ခဲ့တဲ့ ဒေါ်ခင်မျိုးချစ်တို့ ဘဘလတ်တို့လည်း ရာပြည့်တာပါပဲ။ ထို့အတူ လူထုဒေါ်အမာလည်း ရာပြည့်ပါပဲ။

ဘဘလတ်၊ ဒေါ်ခင်မျိုးချစ်တို့ဟာဗိုလ်ချုပ်နဲ့အတူ ပါဝင်လှုပ်ရှားပြီးတဲ့နောက် စာပေလောကမှာလည်း အေးရိပ်သာ ဆိုတဲ့ ခြံထဲမှာ စာသမားပေသမားများကို ကြက်မကြီသားပေါက်မွေးသလို အများကြီး မွေးဖွားနိုင်ခဲ့ကြပါတယ်။ ဘကြီးမိုးကတော့ ရန်ကုန်ကမဟုတ်လေတော့ စာရေးဆရာဖြစ်မှ ဘဘလတ်တို့ ဒေါ်ခင်မျိုးချစ်တို့နဲ့ ဆုံရတာ။ ဘဘလတ်တို့ ဒေါ်ခင်မျိုးချစ်တို့က ရန်ကုန်စာပေနယ်က မျိုးဆက်များ မွေးဖွားပေးခဲ့သလိုပဲ မန္တလေးမှာ လူထုဦးလှ ၊ လူထုဒေါ်အမာတို့ ဇနီးမောင်နှံကလည်း လူထုသတင်းစာ ၊ လူထုဂျာနယ် ထုတ်ဝေပြီး သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေ အများကြီး မွေးထုတ်ခဲ့ကြပါတယ်။ တင်မိုး ၊ သာနိုး ၊ မိုးသူ ၊ သိန်းနိုင် ၊ ကြည်အောင် ၊ မောင်စွမ်းရည် ၊ ကိုလေး တို့ဟာ လူထုထွက်တွေပါပဲ။

ဘဘလတ်၊ ဒေါ်ခင်မျိုးချစ်တို့ရာပြည့်ပွဲမှာ ဘဘလတ်၊ ဒေါ်ခင်မျိုးချစ်တို့ခေတ်က နိုင်ငံရေးလုပ်ဖော်ကိုင်ဖတ်များရဲ့ ဓာက်ပုံတွေ ပြသခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ပါသလို ဦးနု ၊ သခင်စိုး ၊ သခင်သန်းထွန်း ၊ ဦးကျော်ငြိမ်း ၊ ဗိုလ်လက်ျာ စသူတို့ပုံများ ပါဝင်ပါတယ်။ ပွဲမှာလည်း ဦးနုသမီး ၊ ဦးကျော်ငြိမ်းသမီး ၊ ဗိုလ်လက်ျာသမီးတို့ လာကြပါတယ်။ ထိုနည်းတူ စာပေနယ်က ဦးဝင်းဖေ(မြဇင်) လည်း ဝှီးချဲနဲ့လာတာ တွေ့ရပါ တယ်။ ဦးဝင်းဖေက ၈၆နှစ် ရှိပါပြီ။ ဦးဝင်းဖေဟာ မြဇင်အမည်နဲ့ ဇင်းနိုးကြူး ကဗျာသဘောတရားတွေ ပြုစုခဲ့သူပေါ့။ ဇင်က မြဇင်ပါ။ နိုးက မောင်သာနိုးပါ။ ကြူးကတော့ ညွန့်ကြူး ဖြစ်ပါတယ်။ ကိုညွန့်ကြူးက ကွယ်လွန်ပါပြီ။ မြဇင်တို့ ကိုသာနိုးတို့လည်း ၈၆နှစ် ၊ ၈၄နှစ်တွေ ဖြစ်ကုန်ကြပါပြီ။

စာပေအသိုင်းအဝိုင်းတွေထဲကလည်း အများကြီး အများကြီးလာကြပါတယ်။ သက်တူရွယ်တူ ဇော်ဇော်အောင်တို့ ၊ နည်းနည်းငယ်တဲ့ မေနှင်းတို့ ၊ မစန္ဒာတို့ ၊ စမ်းစမ်းနွဲ့ တို့ တွေ့ရပါတယ်။

 စာပေအသိုင်းအဝိုင်းကို တွေ့ရတော့ စိတ်ထဲမှာ ' ရှေးကတော့ ပိုချစ်ကြတယ်' ဆိုတဲ့ ခေါင်းစဉ်ကို သတိရမိပါတယ်။ မူရင်း လက်ရေတစ်ပြင်တည်းမှာတော့ ' ရှေးကထက် ပိုချစ်ကြတယ်' လို့ ထင်ပါတယ်။ ဘကြီးမိုး ယခုမြင်ရတာတော့ ရှေးကလူတွေက တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်ကြသလားလို့ တွေးမိသွားတာပါ။ အေးရိပ်သာထွက် စာပေသမားများကလည်း အခုတော့ ကြီးကုန်ကြပါပြီ။ တချို့ မရှိကြတော့ပါဘူး။ ဒါပေမယ့် ကျန်ရစ်သူတွေ သူတို့ရဲ့ အဘိုးအဘွား ၊ ဆရာ ဆရာမများကို သတိတရ ၊ သူတို့အချင်းချင်းလည်း ချစ်နေကြတာ တွေ့ရသလို လူထုတိုက်ထွက် သတင်းစာဆရာတွေ ၊ စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ ပန်းချီဆရာတွေ ၊ ကာတွန်းဆရာတွေလည်း တချို့ ကွယ်လွန်သွားကြပြီးဖြစ်ပြီး ကျန်မိကျန်ရာများလည်း ကြီးကုန်ကြပြီ ဖြစ်ပါတယ်။

ကျန်မိကျန်ရာတွေအချို့ ပြန်ဆုံတွေ့ရတဲ့အခါမှာ ဘကြီး မိုးရင်ထဲ ခံစားမိတာက ' ရှေးကတော့ ပိုချစ်ကြပါကလား' လို့ အောက်မေ့နေမိပါတယ်။ သည်နေ့ ခေတ်ပြောင်းကာလ ၊ အီလတ်ထရွန်းနစ်ကာလမှာ ဘဘလတ်တို့ ဒေါ်ခင်မျိုးချစ်တို့လို ကံ့ကူလက်လှည့် ပညာသင်ကြားပေးမယ့်သူတွေ မရှိတော့ သလို လူထုဦးလေးလှ ၊ ဒေါ်ဒေါ်မာတို့လို ကံ့ကူလက်လှည့် သင်ကြားပေးတဲ့ ဆရာတွေ မရှိကြသလို ခံစားရပါတယ်။

အရင်ခေတ်က အဲသည့်ဆရာတွေ ပြောတာ ဟော တာ မှတ် ၊ သူတို့ညွှန်းတာတွေ ဖတ်ခဲ့ရတာကိုး။ ခုတော့ သိချင်တာရှိရင် ကွန်ပြူတာခလုပ်နှိပ်ပြီး ဒေါင်းလုပ်ဒ်လုပ် ကုန်ကြလေတော့ ကံ့ကူလက်လှည့် ဆရာတွေထားရင် ကောင်းမှန်းမသိတော့သလို မရှိတော့သလိုများ ဖြစ်နေလေ့ရောသလား။ ပညာရပ်အသီးသီးမှာ တိုးတတ်ဖြစ်ထွန်းလာတဲ့ အသစ်အသစ်သော ကုထုံး ၊ ဆေးဝါး ၊ နည်းပညာတွေ ထွန်းကားလာလေတော့ ဘကြီးမိုးတို့ခေတ်ကလို မိဘ နဲ့ တစ်တန်းတည်းထားပြီး ကိုးကွယ်ဆည်းကပ်ခဲ့ကြတဲ့ သူများက ကြီးရင့်လာကြပြီလေ။

အဲသည် အဲသည်လူတွေ ဆုံရတွေ့ရတော့ ဘကြီးမိုးစိတ်ထဲမှာ ' ရှေးကတော့ ပိုချစ်ကြတယ် ' လို့ အောက်မေ့ထင်မှတ်နေမိကြောင်းပါ။ ရှေးကတော့ ပိုချစ်ကြတယ်နှင့် ဘကြီးမိုးပါ။ ဘကြီးမိုး

0 comments