In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Wednesday, September 2, 2015

ကြူကြူသင်း - ကျွန်မနှင့် စာရေးဆရာမကြီး ခင်မျိုးချစ်

ကာတွန်းဝင်းအောင် (၁၉၉၉)

ကြူကြူသင်း  - ကျွန်မနှင့် စာရေးဆရာမကြီး ခင်မျိုးချစ်
(မိုးဂျာနယ်၊ ၁၉၉၉ ၊ မတ်လ) မိုးမခ၊ သြဂုတ် ၂၇၊ ၂၀၁၅

“ စာရေးဆရာ တစ်ယောက်မှာ ရှိကိုရှိရမယ့် အရည်အချင်းကတော့ ရိုးသား ဖြောင့်မတ်မှုပါပဲ ။ ”

ဆရာမကြီး ခင်မျိုးချစ်၏ မှတ်သားလိုက်နာဖွယ်ရာ တန်ဖိုးရှိ စကားပင် ဖြစ်ပါသည်။သည်စကားကို လူချင်းဆုံတိုင်းလည်း ပြောတတ်သည်။ဆောင်းပါးတွေထဲမှာလည်း ကြုံတိုင်းရေးတတ်သည်။ဆရာမကြီးကိုယ်တိုင်လည်း ထိုစကားအတိုင်း ကျင့်ကြံခဲ့သည်။

၁၉၈၀ ခုနှစ်ခန့်က ဆရာမကြီးရေးသားခဲ့သည့် “ ရိုးသားလေ မောင်တို့ မယ်တို့ ” ဟူသော ဆောင်းပါးထဲတွင် ရိုးသားဖြောင့်မတ်မှုကို သစ္စာတရားအဖြစ် အားထားရာဖြစ်ရပ်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ပါသည်။

အသောကမင်းကြီးလက်ထက် တိုင်းပြည်နှင့်အဝှမ်းမကြုံစဖူး ထူးကဲမြစ်ရေ လျှံတက်မှုကြောင့် မြို့၊ရွာ၊အိုးအိမ်များ ပျက်စီးလုမတတ်ဖြစ်ခဲ့သည်။ ထိုအခါ မင်းကြီးက မြစ်ကမ်းပါးသို့ထွက်၍ တတိုင်းပြည်လုံးမှ လူများကို သစ္စာဆိုသည်။မိမိတို့၏ ရိုးသားမှုကို သက်သေပြု၍ သစ္စာဆိုလေသောအခါ မြစ်ရေသည် တစ်ထောက်ပြီးတစ်ထောက် လျော့၍ ကျသွားခဲ့သည်ဟူ၏။နောက်ဆုံး ပြည့်တန်ဆာမ တစ်ယောက်သာ ကျန်၍ သူလည်းသစ္စာဆိုပါရစေဟု ခွင့်ပန်သော် လူသူအများက လက်မခံချင်ကြ။သို့ရာတွင် မင်းကြီး၏ ခွင့်ပြုချက်ဖြင့် သစ္စာဆိုခွင့်ရလေသော် ပြည့်တန်ဆာမက သူသည် သူ့ထံသို့ အခကြေးငွေပေး၍ ပျော်ပါးရန်လာရောက်ကြသော ယောက်ျားမှန်သမျှကို မင်းညီမင်းသား၊သူဌေး၊သူကြွယ်၊ကုန်သည်၊ပွဲစား၊ဆင်းရဲသား၊ဘာတစ်ခုမျှ မကြည့်၊ အဆင့်အတန်းမခွဲခြားဘဲ တစ်ပြေးညီပြုစု ပျော်မွေ့စေခဲ့ကြောင်း သစ္စာ ထပ်လောင်းဆိုလိုက်ရာ မြစ်ရေသည် ပကတိရေပြင်ညီမှတ်သို့ ရောက်ရှိသွားခဲ့သည်ဟူ၏။ အများက လူရာမသွင်းလိုကြသည့် ပြည့်တန်ဆာမတစ်ယောက်ကပင်လျှင် သူ့အလုပ်တာဝန်အပေါ်၌ ရိုးသားမှုရှိပါက စာရေးသူတို့သည် ရိုးသားမှုကို အဘယ်ကြောင့် လက်ကိုင်မထားနိုင်ကြရမည်နည်းဟု ဆရာမကြီးက သူ့မူပိုင် စာရေးဟန်ပုံစံအတိုင်း စာရေးဆရာများကို ကလောင်ကြိမ်ဖြင့် ခပ်စပ်စပ်နှက်၍ နှိုးဆော်သတိပေးခဲ့သည်။

ဆရာမကြီး၏ သတိပေးချက်သည် ကျွန်မတို့ စာရေးဆရာများအတွက် အရေးအကြီးဆုံး ကျင့်ဝတ်ဟု ကျွန်မ ယူမှတ်မိသည်။

“ စာပေအပေါ်၊ စာဖတ်ပရိသတ်အပေါ် ရိုးသားမှုကတော့ ရှိကိုရှိရမယ်။ အမေတသက်လုံးရေးခဲ့သမျှ စာတွေအတွက် နောင်တမရဘူး။ ကျေနပ်တယ် ”

စာရေးသက် နှစ်ပေါင်း (၆၀)ကျော်ရှိခဲ့ပြီဖြစ်သည့် ဆရာမကြီး၏ စကားထဲတွင် ယုံကြည်မှုအားမာန် အပြည့်၊ သို့သော် သူကိုယ်တိုင်ကမူ ကြိုးပြတ်သွားသည့် ရုပ်သေးရုပ် ကလေးလို အိပ်ရာပေါ်တွင် ခွေခွေကလေး ပုံကျနေပြီ။ သေးကွေးပိန်လှီ ပါးလျားလွန်းလှသည့် ကိုယ်ကလေးမှာ မွေ့ရာထဲတွင် မြုပ်နေသည်။

အမေ ကျန်းမာရေးချို့တဲ့ခဲ့သည်မှာ နှစ်နှင့်ချီနေပြီ။အိမ်ထောင်သက် နှစ်ပေါင်း (၅၆) နှစ်နီးပါး ဘဝအဖော်အဖြစ် လက်တွဲလုပ်ခဲ့သူ ဘဘဦးခင်မောင်လတ် ကွယ်လွန်ပြီးသည့်နောက်ပိုင်း အမေသိသိသာသာ အားလျော့သွားပုံရသည်။ လက်ကလေးတစ်ဖက်ကို တုန်ချည့်တုန်ချည့်ဖြင့် မ ကာမြှောက်ကာပြောတတ်ပုံကို ကျွန်မ မျက်လုံးထဲ ဖျောက်မရ နိုင်ချေ။စာပေအရောင်ဖြင့် ညီးညီးလင်းနေသည့် အမေ့နှလုံးအိမ်မှာ ထိုအလင်း၏ တန်ခိုးကြောင့် ရှင်သန်နေခြင်းပေပဲလား။

“ မျက်စိလည်ပြီး ဒီလောကထဲ ရောက်လာတာပါပဲ။ တစ်ခါတစ်ခါများ လောကကြီးမှာ ငါဆိုတဲ့လူတစ်ယောက် လူမဖြစ်ခဲ့ရင် ကောင်းမှာပဲ။ ငါမွေးလာခဲ့တာကိုက မှားတာလို့ စိတ်ထဲက အောက်မေ့တယ်။အထူးသဖြင့် စာရေးဆရာဖြစ်လာတာကိုက မှားတာ။ ရေးခဲ့သမျှ စာတွေ၊စာအုပ်တွေ အားလုံး မီးရှို့ပစ်လိုက်ချင်တယ်။ တစ်အုပ်မှ မကျန်အောင် ”

ကျန်းမာရေး အလွန်ချို့တဲ့လာသည့် နောက်ပိုင်းဝယ် သည်လိုစကားမျိုးကို အမေ မကြာခဏ ပြောတတ်လာသည်။အမေ့စိတ်ထဲတွင် သူရေးခဲ့သည့် စာပေတွေဖြင့် တိုင်းပြည်အကျိုးမပြုနိုင်ခဲ့ဟူ၍များ သံသယဝင်နေရှာလေသလားမသိ။

“လောက ကောင်းကျိုးလုပ်ခဲ့တာမို့ ကန်တော့စရာ ရထားတာကိုက ကျွန်မတို့အတွက် ကံကောင်းပါတယ် ” ဟု ကျွန်မတို့က လှိုက်လှဲစွာ တုံ့ပြန်ကြသောအခါ အမေတွေတွေကလေး ဖြစ်သွားတတ်သည်။တကယ်တော့ အမေတစ်ယောက် စာရေးဆရာဘဝကို အခင်တွယ်ဆုံး၊ စာရေးဆရာဘဝတွင် အပျော်မွေ့ဆုံးဆိုတာ ကျွန်မတို့ သိရှိပြီးသားပင်။

၁၉၈၀ ခုနှစ်ခန့်က သောင်းပြောင်းထွေလာ မဂ္ဂဇင်းထဲတွင် အမေရေးသည့် “ ငရဲမင်းထံ အစစ်ခံ ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရဖူးသည်။ထိုအထဲတွင် ငရဲမင်းက အမေ့ကို ဘယ်ဘဝကို လိုချင်သလဲဟု မေးသည်။ထိုအခါ အမေ့အဖြေက ...

“ ကျွန်မ လိုချင်တဲ့ဘဝ ပြောရရင် စာရေးစားပွဲခပ်ကြီးကြီး၊ စာအုပ်တွေ စာရွက်တွေ ရှုပ်ပွ၊ ဖုန်တွေ၊ ပင့်ကူအိမ်တွေနဲ့ အပြည့် ” ပါတဲ့လေ။

မျက်စိလည်ပြီး စာရေးဆရာဖြစ်လာတာဟု ဆိုခဲ့သော်လည်း တကယ်တော့ အမေ့သွေးထဲမှာကိုက စာရေးဆရာဗီဇက ပါလာခဲ့ပြီးဖြစ်ပါသည်။ အမေသည် ဘမျိုးဘိုးတူ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုး၊ တန်ဖိုးထားတတ်သူ တစ်ဦးဟုဆိုက ငြင်းပယ်မည့်သူ ရှိမည်မဟုတ်ပါ။ အမေ၏ အဘိုးသည် မြန်မာပညာရှိ၊ ရှေးဟောင်းသုတေသန ကျောက်စာဝန် ဦးဘေဖြစ်ကြောင်း၊ ဘဘကြီးဦးဘေက  သူ့မြေးမကလေးကို ပုဂံပြည်သို့ သုတေသနခရီးစဉ်ထွက်လျှင် ခေါ်သွားတတ်လေ့ရှိကြောင်း၊ ထိုစဉ်ကတည်းက ရှေးမြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် များကို တန်ဖိုးထားမြတ်နိုးတတ်ခဲ့ပြီး ပုဂံကိုလည်း ချစ်ခင်စွဲလန်းမိလာကြောင်း စသည်များကို ဆရာမကြီးက  “ Anawrahta of Burma ” စာအုပ်တွင် ဖွင့်ဟ ခဲ့ပြီးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော ထိုစာအုပ်ကို စာရေးဆရာကြီးသော်တာဆွေက “ ပုဂံသူရဲကောင်းများ ” ဟူ၍ မှီငြမ်းပြု ဘာသာပြန်ထုတ်ဝေခဲ့ရာ မြန်မာစာဖတ်ပရိတ်သတ်များ အထူးနှစ်ခြိုက်စွဲငြိခဲ့ကြပေသည်။

“ ခင်မျိုးချစ် ” ဆိုသော ကလောင်အမည်နှင့် လိုက်လျောညီစွာ ဆရာမကြီးသည် ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုး အကျိုးကို စွမ်းဆောင်ခဲ့သူဖြစ်သည်။ အသက်(၁၇) နှစ်၏ သမီးအရွယ် တက္ကသိုလ်ရောက်စ ကျောင်းသူဘဝတွင် ပထမဦးဆုံးပုံနှိပ်စာလုံးဖြင့် ဖော်ပြခြင်းခံခဲ့ရသည်မှာ မျိုးချစ်စိတ်ကို အခြေခံသည့် ကဗျာ(တေးထပ်) နှစ်ပုဒ်ဖြစ်ပေသည်။ Sir Walter Scott ၏ အင်္ဂလိပ်ကဗျာ တစ်ပုဒ်ကို အမေက “ ဇာတိမာန် ”   “ တို့ပြည်တို့မြေ ” ဟူ၍ နှစ်ပုဒ်ခွဲ၍ ဘာသာပြန်ဆိုရေးသားခဲ့ခြင်း ဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါသည်။
“ ကိုယ့်ပြည်ချစ်မှ ဂုဏ်စစ်ပါသည်။ မနှစ်မကွာထောင်ပျိုးရန်ဖို့လေး ” ဟူ၍တစ်မျိုး။
“ ဣန္ဒနီမြ ညိုစွမ်းလွင်ငယ် စုံတောဖြင်ဖြင် လွန်ပြည့်စုံသည့်ကျွန်း ” ဟူ၍ တစ်သွယ်၊ကဗျာဥာဏ် ကျယ်ချဲ့၍ လှပစွာ ဖွဲ့ခဲ့ပေသည်။
“ ငယ်ငယ်တုန်းက အမျိုးသားကျောင်းတွေမှာ ပညာသင်ခဲ့ရတော့ မြန်မာ့ရာဇဝင် ၊မြန်မာ့ယဉ်ကျေးမှု တွေကို နိုင်ငံခြားသားတွေက ချိုးဖဲ့ရေးထားတဲ့အကြောင်း ဆရာတွေကပြောပြခဲ့တယ်။မင်းတို့အင်္ဂလိပ်စာတတ်အောင် ကြိုးစား၊ဒီတော့မှ ဒါတွေကို ပြန်ချေနိုင်မယ်တဲ့ ”
ထိုလှုံ့ဆော်မှုတစ်ချက် အပါအဝင် အမျိုးသားရေးစိတ်ဓာတ်ကြောင့် အင်္ဂလိပ်စာထူးချွန်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဝတ္ထု ၊ဆောင်းပါး၊ ပုံပြင်များကို အင်္ဂလိပ်ဘာသာဖြင့် ရသလောက် ရေးဖွဲ့နိုင်အောင် အားထုတ်ခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ၊ စစ်အတွင်းကာလ ဘီဒီအေ စစ်ရုံးတွင် အမှုထမ်းနေစဉ် ကာလကပင် “ Three Years Under the Japs ” (သုံးနှစ်တာ ဂျပန်လက်အောက်ခံဘဝ ) အမည်ရှိ စာအုပ်ငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့လေသည်။
“ ဖက်ဆစ်တော်လှန်ရေး မတိုင်မီ ကလေးပေါ့။အဲ့ဒီအချိန်တုန်းက သမီးတို့ အန်တီက စစ်ရုံးချုပ်မှာ ယူနီဖောင်းကြီးနဲ့ တစ်ဦးတည်းသော အမျိုးသမီး စစ်မှုထမ်းကြီးပေါ့ ”
“ အို- - ဒါတွေ ပြောမနေစမ်းပါနဲ့တော့ ”
ဘဘလတ်စကားကို အမေက ကြားဖြတ်တားသည်။မည်သည့်တာဝန်တွေများ ထမ်းဆောင်ခဲ့ရပါသလဲဟု ကျွန်မက တကျီကျီမေးယူတော့မှ အမေက ဖြေခဲ့ပါသည်။
“ ဂျပန်ခေတ်မှာက ရေဒီယိုနားမထောင်ရဘူး။ပိတ်ပင်ထားတာ။ ကမ္ဘာ့သတင်းတွေပေါ့။ အဲဒါတွေ ခိုးအသံဖမ်းနားထောင်၊နောက်လက်နှိပ်စက်ရိုက်ပြီး လူကြီးတွေဆီ (ဗိုလ်ချုပ်အောင်ဆန်းတို့၊သခင်မြတို့ဆီ )ပို့ပေးရတာ။ မိရင်အသတ်ခံရမှာ ”
သည်လိုစွန့်စားပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူမို့ နိုင်ငံတော် အမေ့ကို “ လွတ်လပ်ရေးမော်ကွန်းဝင် ” အဖြစ် အသိအမှတ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
အမေ့အကြောင်းကို ဆရာကြီးဦးတက်တိုး က အမှတ်တရ ပြောပြဖူးခဲ့သည်ကို ကျွန်မ ရင်ထဲ စွဲနေခဲ့ပါသည်။
အမေ အင်္ဂလိပ်လို အရေးများတာက တို့မြန်မာတွေအကြောင်းကို တိုင်းတစ်ပါးသားတွေ ပိုသိစေချင်လို့ပဲ။မြန်မာ့နှလုံးသားနဲ့ မြန်မာ့စိတ်ဓာတ်ကို သူတို့မြင်စေချင်လို့ပဲ။ဒါမှ တို့မြန်မာဆိုတာ ဘယ်လိုလူမျိုးတွေလဲဆိုတာ သူတို့ ပိုသိနားလည်လာကြမယ်။တစ်ဦးနဲ့တစ်ဦး သိနားလည်ခြင်းဆိုတာ အင်မတန် တန်ဖိုးကြီးပါတယ်။
အမေ့စကားကို အမေရေးခဲ့သည့် စာများက သက်သေပြလျက်ရှိပါသည်။အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်းများစွာ၊ဝတ္ထုဆောင်းပါးများစွာ အမေရေးသား ထုတ်ဝေခဲ့သည်။ရေးခဲ့သမျှ အားလုံးလိုလိုမှာ မြန်မာကို ကမ္ဘာက သိစေရန် ရည်ညွှန်းခဲ့သည်သာများပါ၏။ ဥပမာ “ Anawrahta of Burma ”, “ Colourful Burma ” , “ A Wonder Land of Pagoda Legends ” စသည့် စာအုပ်များကို လေ့လာကြည့်ပါက အမေ့ရည်ရွယ်ချက်ကို ထင်လင်းစွာတွေ့ရှိနိုင်ပါသည်။

ထိုစာအုပ်များထဲတွင် မြန်မာ့ဘာသာရေးပွဲတော်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မြန်မာ့ကိုးကွယ်ယုံကြည်မှု ၊မြန်မာ့ဓလေ့ထုံးတမ်းများ ၊မြန်မာ့စားသောက်ဖွယ်ရာများ၊ မြန်မာ့လူနေမှုပုံစံများစသည် စသည်တို့ကို ရသမြောက်စွာ ခြယ်မှုန်းပြသခဲ့သည်သာ ဖြစ်၏။ မိမိ၏ မိခင်ဘာသာရင်းဖြင့် ရေးသားခြင်း မဟုတ်သော်လည်း အမေ့စာများက အဆင့်မြင့်သည်။ သို့သော် အလွန်နက်နဲလေးလံသော အကြောင်းချင်းရာများသည်ပင် ပေါ့ပါးသွက်လက်၊ရွှင်မြူး ၊သောထေ့ သည့် အမေ့စာရေးဟန်ကြောင့် ဖတ်ရသူတို့ မငြီးငွေ့နိုင်ကြပေ။
ထိုသို့ရေးသားနိုင်ခဲ့သဖြင့် အမေ့စာများသည် နိုင်ငံတကာစာပေနယ်အတွင်းသို့ တန်ဖိုးရှိရှိ သိက္ခာရှိရှိ ပေါက်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်ပေသည်။ ဂျပန်ခေတ် စစ်ကာလအတွင်း၌ ကြုံတွေ့ရသော ရုန်းကန်လှုပ်ရှားမှုဘဝ ခရီး တစ်ဆစ်တစ်ပိုင်းကိုပြသည့် “ Thirteen-Carat Diamond ” (ဆယ့်သုံးရတီစိန်ကြီး ) ဝတ္ထုတိုဆိုပါက ဂျာမန်၊ အီတလီ၊ယူဂိုဆလပ် နှင့် အူရဒူဘာသာများသို့ ပြန်ဆိုပြီး အကြိမ်ကြိမ် ထုတ်ဝေခဲ့ရပေသည်။
ဆရာမကြီး ၏ လက်ရာ “ Her Infinite Variety ” (“ မူရာစုံလင် သူ့အသွင် ” ဟု ဘဘဦးခင်မောင်လတ်က ဘာသာပြန်ပြခဲ့သည် ) ဝတ္ထုတိုကလေးမှာ ၁၉၇၀ ခုနှစ်က အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ အင်္ဂလိပ် ဘာသာဖြင့် ရေးသားပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးရရှိခဲ့သည့် ဝတ္ထုတိုပင်ဖြစ်ပါသည်။အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ထိုဝတ္ထုတိုလေးကို ကျွန်မ ဥာဏ်မီသလောက် အားပြု၍ ဖတ်ရတာပင်လျှင် ရင်ထဲနင့်သွားအောင် ခံစားခဲ့ရပါသည်။သူထုလုပ်ခဲ့သည့် မင်းသမီးရုပ်သေးရုပ်ကလေးကို သူ့ချစ်သူကိုယ်ပွားကလေးအဖြစ် မြတ်နိုးတွယ်တာနေသူ ကြိုးဆွဲတစ်ယောက်၏ ဘဝပုံရိပ်မှာ သရုပ်ပေါ်လှပါသည်။
မိမိ၏ မိခင်ဘာသာအပြင် အခြားဘာသာနှစ်ခု၊သုံးခုကို ရေရေလည်လည် ပြောချင်ပြောတတ်မည်။ဖတ်ချင် ဖတ်တတ်မည်။သို့သော် ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်ဖို့ ဆိုတာတော့ အတော်ပင်ရှားပါးသည်။ ထို့ထက်ပို၍ သာမန်စာမျိုးမဟုတ်မူဘဲ သုတ၊ ရသ ဂုဏ်နှစ်ဝနှော၍ ပြောင်ပြောင် မြောက်မြောက်၊ ထွန်းထွန်းပေါက်ပေါက်၊ နိုင်ငံတကာစာပေနယ်ထဲရောက်အောင် ရေးသားနိုင်သူ ဆိုတာကတော့ တစ်သောင်းတွင် တစ်ယောက်ပေါ်ထွန်းခဲပါသည်။
ထိုရှားပါးထူးခြားသော အရည်အချင်းများဖြင့် ပြည့်စုံသူဆရာမကြီးသည် ၁၉၃၆ ခုနှစ်ခန့်က စတင်၍ တိုးတက်ရေးမဂ္ဂဇင်းနှင့် ဘားမားဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အိုးဝေသတင်းစာနှင့် ၁၉၄၈ ခုနှစ်တွင် တိုင်းရင်းသူဂျာနယ်တို့၌ အယ်ဒီတာအဖွဲ့ဝင်ဖြစ်ခဲ့ကာ ၁၉၄၉ ခုနှစ်မှစ၍ စာပေဗိမာန်တွင် စာပြုအဖြစ် သုံးနှစ်ကြာမျှ အမှုထမ်းဆောင်ခဲ့ပါသည်။၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ “ Guardian ” သတင်းစာအယ်ဒီတာအဖွဲ့ဝင်အဖြစ်နှင့် လည်းကောင်း၊၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ အင်္ဂလိပ်လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း အမှုထမ်းခဲ့လေသည်။
“ အမေ့အတွက် မြန်မာလိုရေးတာထက် အင်္ဂလိပ်လိုရေးရတာကို ပိုပြီးအားရတယ်။ဒီလိုပြောလို့ မြန်မာစာထက် အင်္ဂလိပ်စာကို ပိုအလေးထားတယ်လို့ ယူဆဖို့မဟုတ်ဘူး။ အမေ အင်္ဂလိပ်လို ကြိုးစားပြီး စရေးတုန်းက ဝေဖန်သံတွေ ကြားခဲ့ရလို့ပြောတာပါ။ တကယ်တော့ အင်္ဂလိပ်စာတတ်သလောက် မြန်မာစာမတတ်သူများဟာ စိန်နားကပ်ကြီးပန်ပြီး ထမင်းနပ်စေ့ မစားရတဲ့လူနဲ့တူတာပါပဲ ”
ဘယ့်ကလောက် ထိမိလိုက်သည့် အမေ့စကား ပါလဲ။ကျွန်မ မှာ ကျေနပ်သဘောကျမဆုံးနိုင်တော့ပါချေ။
အင်္ဂင်္လိပ်စာပေ၊သမိုင်း၊နိုင်ငံရေး သိပ္ပံဘာသာတွဲများဖြင့် ဝိဇ္ဇာဘွဲ့ယူခဲ့သည့် အမေသည် မြန်မာစာကိုလည်းခွန်အားရှိရှိ၊ရသမြောက်မြောက် ရေးစွမ်းနိုင်သူ တစ်ဦးဖြစ်ကြောင်း စာပေသမားတိုင်း အသိအမှတ်ပြုပြီး   ဖြစ်ပါသည်။
“ကမ္ဘာ ကြေသော်လည်း ဥဒါန်းမကြေမည့် ထမင်းဟင်းများကို လည်ချောင်းမြေလှန် စုံကန်မျှော လိုက်ရတော့သည် ”
“ အို ရေချိုးခန်း မင်းသမီးကြီးရဲ့၊နောက်မိန်းကလေးတွေအတွက် ကျောင်းဆောင်သစ်ဆောက်ဖို့ လုံလောက်နေပါပြီ ဟု အခန်းနားနီးချင်းတွေက အော်လျှင် ဓမ္မာရုံကြီးအတွက် လိုသေးတယ် ၊ခေတ္တသည်းခံပေးပါဦး၊ ဆက်ဆိုပါရစေ ဟု ပြန်ပြောလိုက်သေး၏ ”
“ မောင်ခင်မောင်မှာ ခင်မကြီးနှင့် နေရာချင်း ဝေးနေသဖြင့် မျက်နှာကိုမူ ကောင်းကောင်းမမြင်ရသဖြင့် မျောက်ငရုတ်ဆုံထိုင်မိသလို ဣနြေ္ဒနဂိုကမှ တစ်ပဲသားမှမရှိသည့်အထဲ ပို၍ ကြွစောင်းစောင်း ဖြစ်ကာ.. ”
“ သူတို့ယောက်ျားတွေက ငါယောက်ျားပဲဟဲ့လို့ အသားယူချင်လိုက်တာ၊ အတောင်နှစ်ဆယ် ဝတ်သလေးဘာလေးနဲ့။ ကဲလေ ဘင်္ဂါလီမတွေ အတောင်သုံးဆယ်တောင် ဝတ်သေးတယ်။ သွားပြီး ရှိခိုးနေပါလား။ ”
လွန်ခဲ့သည့် နှစ်ပေါင်း (၆၀ )ကျော် ဆရာမကြီး အသက် (၂၁) နှစ်ခန့်က ရေးခဲ့သည့် အထက်ပါစာပိုဒ်များကို ဖတ်ပြီးမပြုံးဘဲနေနိုင်မည့်သူ နည်းပေလိမ့်မည်။ခပ်ရွှန်းရွှန်း ခပ်သွက်သွက်နှင့် ဟာသဥာဏ်ဖက်၊အထေ့အငေါ့၊ဟန်စွက်ကာ ရေးသားတတ်ပုံကိုလည်း သတိပြုမိကြမည်ထင်ပါသည်။
ဆရာမကြီးသည် ထိုစာရေးဟန်များကို သူငယ်စဉ်ကတည်းက နှစ်ခြိုက်စွဲလန်းစွာ ဖတ်ရှုလေ့ရှိခဲ့သည့် စလေဦးပုည၊ရာမရကန်ဦးတိုး၊မန်လည်ဆရာတော် စသည့် မြန်မာပညာရှိ စာဆိုတော်များ၏ စာများမှ လည်းကောင်း၊ William Shakespeare,P.G.Wood House, H.G Wells, Bernard Shaw စသည့်အင်္ဂလိပ်စာရေးဆရာကြီးများ၏ စာများမှ လည်းကောင်း၊ရသစိတ်ကူး၊မြူးတူးပြန့်ယှက်၊အတွေးချင်း ဆက်၍ ရခဲ့သည်ဟု ယူဆနိုင်ပေသည်။
ရိုးရာဓလေ့ပွဲတော်များကို အဓိပ္ပါယ်ရှိရှိ ကျင်းပတတ်သော အမေက သူ့ခြံထဲတွင် “ ထမနဲ ” ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိခဲ့သည် ။တွေ့ဆုံရင်းနှီးမှု၊ ချစ်ကြည်သွေးစည်းမှု ၊ပျော်ရွှင်ကြည်နူးမှုတို့ ပေါင်းစပ်ထားသည့် အမေတို့၏ ထမနဲကို ကျွန်မတို့ မပျက်မကွက် နွှဲလေ့ရှိကြသည်။ လွန်ခဲ့သည့် ဆယ့်လေးနှစ်ခန့်၊ ထမနဲပွဲ မတိုင်မီ တစ်ရက်တွင် ကျွန်မအမေ့ဆီ သွားရောက်ခဲ့၏။လိုအပ်ရာရာ ကူညီလုပ်ကိုင်ပေးရန်အတွက် ဖြစ်သည်။ ကျွန်မယူခဲ့သော အညာသနပ်ခါးတုံးစစ်စစ်ကလေး အမေ့ကို ကန်တော့ရာ အမေက ချက်ချင်းစကားမပြောဘဲ ခပ်မှုန်မှုန်လုပ်နေ၏။အမေတစ်ခုခုတော့ စိတ်တိုနေပြီဟု ကျွန်မတွက်ဆမိလိုက်ချိန်ဝယ် ဘဘလတ်က ပြုံးပြုံးကြီး ဝင်ပြောသည်။
“ အားလုံး ကန်တော့ကြတဲ့အထဲမှာ သမီးကန်တော့ တဲ့ပစ္စည်းက တန်ဖိုးအရှိဆုံးပဲကွ ”
“ဟင် ဘဘကလဲ၊ဒါ သိပ်ဈေးမကြီးပါဘူး ”
“သမီးကလည်းကွာ၊ သနပ်ခါးဆိုတာ မယားလိမ်းရင် လင်ပါမွှေးတာလေ ”
သည်တော့မှ ကျွန်မ အတွေးပေါက်ကာ ဘဘလတ်နှင့်အတူ ရယ်မိပါတော့သည်။သည်တော့မှ ခပ်မှုန်မှုန်ဖြစ်နေသော အမေလည်း မျက်နှာကြောပြေလျော့ သွားပါတော့သည်။ ဇနီးဖြစ်သူ၏ အရိပ်အကဲကို ကြည့်နေတတ်သည့် ဘဘလတ်၏ ဇဝနဥာဏ်ကို ကျွန်မမြင်လိုက်မိသဖြင့်
“ အမေ..မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး။ဘဘလတ်နဲ့ အမေဘယ်လိုတွေ့သလဲဆိုတာ ပြောပြပါဦး ”
“ အို မိန်းကလေးနဲ့ ယောက်ျားလေး ဘယ်လိုတွေ့ရမှာလဲ၊ဒီလိုပဲ တွေ့ကြတာပေါ့ ”
အသက်(၇၀ )အတွင်းအရွယ်ပေမယ့် အမေရှက်နေသေးသည်။ အမေ စိတ်ကြည်လာအောင် ကြိုးစားလိုက်သည့် ကျွန်မတို့အတွက် ကော်ဖီထဖျော်နေသည့် ဘဘကို အားကိုးတကြီး လှမ်းကြည့်လိုက်တော့  မေးသာမေး၊ဆက်မေးဟု ဘဘက အချက်ပြ၏ ။
“ မဟုတ်ပါဘူး အမေရဲ့။ တက္ကသိုလ်မှာတွေ့တာလားလို့ပါ။ ဟိုလေ အမေရေးတဲ့ ကောလိပ်ကျောင်းသူ ဝတ္ထုတွေထဲက ကိုခင်မောင်နဲ့ ခင်မကြီးတို့လို တွေ့တာလား၊ ကိုသန်းဘေနဲ့ ခင်ခင်စောတို့လို တွေ့တာလား၊သိချင်လို့ပါ ”
ကြံကြံဖန်ဖန်၊ ကိုယ် တက္ကသိုလ်တက်တုန်းက ကိုလတ်က မုံရွာမှာ ရှိသေးတာ။ကိုယ်ကျောင်းက ထွက်မှ ဘဘနဲ့တွေ့တာ။ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးပြီးမှ ၁၉၃၉ ခုနှစ်မှာ ဘဘနဲ့ လက်ထပ်ခဲ့တာပဲ ”
သည်စကားရောက်တော့ အမေ့မျက်နှာ ကြည်စင်နေပါပြီ။ဘဘလတ်ဖျော်ပေးသည့် ကော်ဖီကို သုံးယောက်သား သောက်ရင်း စကားတွေ ဆက်ပြောဖြစ်ကြသည်။ အမေက ကော်ဖီသိပ်ကြိုက်သည်။ ကျွန်မ နှင့် အကြိုက်ချင်းတူသည်။ကော်ဖီသောက်နေရာမှ ဘဘက -
“ မေမေ၊မေမေ ပြောနေကျစကားလေး ကြူကြူသင်းကို ပြောပြလိုက်ပါဦး ”
အမေက မငြင်း။
“ ငါ့တသက်မှာ အမှားတွေချည်း လုပ်ခဲ့တယ်။အမှန်တခုပဲလုပ်တာ ရှိတယ်ဆိုရင် ဒီယောက်ျားကို ယူမိတာပဲရှိတယ်လို့ “
အမေက ကလေးလေးလို ရယ်ရင်း ပြောပြသည်။ထိုအခါ ဘဘက ကျွန်မဘက်သို့ လှည့်ကာ အပြုံးတဝက်ဖြင့်-
“အဲဒီတော့ ဘဘက  ဘာပြန်ပြောခဲ့လဲ သမီးသိလား ”
“ပြောပြပါဦး ဘဘ ”
“ ဘဘက ပြန်ပြောတယ်။ငါ့တသက်မှာ အမှန်တွေချည်းလုပ်ခဲ့တယ်၊ အမှားတစ်ခုကတော့ ဒီမိန်းမကို ယူမိတာပဲရှိတယ် လို့လေ ”
ဘဘလတ်နှင့် အမေတို့ နှစ်ယောက် ကြည်ကြည်နူးနူး ရွှင်ရွှင်ပျပျ ပြောနေကြပုံကို ယခုပင် ကျွန်မမြင်နေရသလို ခံစားနေရပါသည်။
“ တကယ်တော့ မိန်းမတစ်ယောက် စာရေးဆရာဖြစ်ရတာ တကယ်တော့ မလွယ်လှဘူး။အထူးသဖြင့် လင်ယောက်ျား၊သားသမီးတွေနဲ့ အိမ်ထောင်တာဝန်များတဲ့ အိမ်ရှင်မဆိုရင် ပိုခက်တယ်။ကိုယ့်ကို နားမလည်နိုင်တဲ့ မိသားစုများဆိုရင် အတော်စိတ်ညစ်ကြမယ်။  သူများစားတဲ့ အချိနိမစား၊ သူများအိပ်တဲ့အချိန်မအိပ်၊ သူများတကာတွေလို ဘဝကိုမပျော်မွေ့နိုင်ဘဲ စာရေးစားပွဲမှာ အချိန်ရှိသရွေ့ တကုပ်ကုပ်ရေးလိုက်၊ ဖတ်လိုက်လုပ်နေတာကို နားလည်နိုင်ကြမှာ မဟုတ်ဘူး။တကယ်တော့လည်း စာရေးတာဟာ ဝေဒနာတစ်ခုပါပဲ ။ဝေဒနာမှ စိတ်ဝေဒနာပါ။ မရေးဘဲလည်း မနေနိုင်၊ရေးရပြန်တော့လည်း ဝေဒနာတစ်ခု ခံစားရတာပါပဲ ”
အမေ ပြေသမျှကို ဘဘရော ကျွန်မပါငြိမ်၍ နားထောင်နေမိကြသည်။ဘဘလတ်ကတော့ သူကိုယ်တိုင်က စာပေမြတ်နိုးသူ စာသမားတစ်ဦးမို့  အမေ့ကို ကောင်းကောင်းနားလည်နိုင်ကြောင်း ကျွန်မ အားကျစွာ သိရှိပြီးသားပင်။
“ အိမ်ထောင်ကျပြီးမှ စာတွေပိုရေးဖြစ်တာ ဘဘရဲ့ အားပေးမှုကြောင့်ပါပဲ။စိတ်တူ၊သဘောတူ၊တစ်ယောက်နဲ့ တစ်ယောက်ဖြည့်ပေးနိုင်တယ်။ဘဘကလည်း စာသိပ်ဖတ်တယ်။ကိုယ်မဖတ်ဖူးသေးတဲ့စာ သူကဖတ်၊ သူမဖတ်ဖူးသေးတဲ့စာ ကိုယ်ကဖတ်၊ဆွေးနွေးကြ၊ဝေဖန်ကြပေါ့။ဘဘနဲ့ မရဘဲ ဒိပြင့် အရာရှိကြီးတစ်ယောက်ယောက်သာရရင် ခင်မျိုးချစ် ဒီလောက်ဖြစ်ချင်မှ ဖြစ်မယ်၊သတင်းကျော်တဲ့ မင်းကတော်ပဲ ဖြစ်မယ် ”
“ အမယ် မေမေက ဒီလိုတော့လည်း အမှန်သဘောကို သိမြင်သားပဲ ”
“ အမှန်ကို ပြောတာပဲလေ။ဒါနဲ့ သမီး သမီးခင်ပွန်းကကော သမီးကို နားလည်ရဲ့လား ”
သံယောဇဉ်မေးခွန်းမှန်း သိလိုက်သည်။
“ အမေရယ်၊သမီးခင်ပွန်းက ဦးရွှေကြူးရဲ့ မြေးပဲလေ ”
“ ဩော် ဟုတ်သားပဲ ”
သည်တော့မှ အမေပြန်သတိရသွားပုံပေါက်၏။ဦးရွှေကြူးမှာ အမေ၏ အဘိုးကျောက်စာဝန် ဦးဘေ၏ တပည့် ကျောက်စာစာရေးဖြစ်ကြောင်း အမေသိပြီးသားပင်။ကျွန်မခင်ပွန်း၏ ဖခင် ဦးဆင့်က ဦးရွှေကြူး၏ ဒုတိယသား ဖြစ်ပါသည်။
“ ဒါနဲ့ ဆရာဦးဘမြင့်တို့ မိသားစုကော ဘယ်မှာနေကြပါလိမ့်၊မတွေ့တာကြာပြီ ”
အမေမေးသည့် ဆရာဦးဘမြင့်မှာ ကျွန်မယောက္ခမ ဦးဆင့်၏ အစ်ကိုကြီးဖြစ်သည်။ပြီးဦးဘမြင့်က အမေ့မွေးရာဇာတိရပ်မြေ စစ်ကိုင်းရှိ အလယ်တန်းကျောင်းတွင် အမေခုနစ်တန်းတက်ခဲ့စဉ်က အမေ၏ သင်္ချာဆရာဖြစ်ဖူးသည်။
“ဘထွေးကြီးတို့ မိသားစုတွေ အခု ဘောက်ထော်မှာပါ ”
“တကယ်တော့ ဦးဘမြင့်ရဲ့ တပည့်လို့ ပြောရတာဆရာ့ကို အားနာလှပါတယ်။ ကိုယ်က သင်္ချာဖျင်းလွန်းလို့။သားကြီးကျမှ လာထွန်းပေါက်တယ်။ ဆရာကြီးနဲ့တွေ့တော့ ကန်တော့ရင်း ပြောဖြစ်တယ်။ ကျွန်မ ညံ့တာကိုတော့ ထားလိုက်ပါတော့ ကျွန်မသားကတော့ ပီအိပ်ခ်ျဒီ နော်လို့ ”
မိခင်ပီပီ အမေက သူ၏ တစ်ဦးတည်းသော သားကြီးဒေါက်တာဦးခင်မောင်ဝင်းအတွက် ကျေနပ်ပီတိ တွေ ဝေနေပုံမှာအထင်းသား။ ဆရာဦးခင်မောင်ဝင်းတို့ မိသားစုကလည်း ဘိုးဘွားဗီဇအမွေကို ဆက်ခံရရှိကာ စာပေမျိုးဆက်နွယ်များအဖြစ် စာပေနယ်ထဲတွင် နေရာရနေကြပါပြီ။ အားကျစရာကောင်းလှပါဘိတော့။
၁၉၉၈ ခုနှစ်၊စက်တင်ဘာလကုန်လောက်တွင် အမေနှင့် အရင်းနှီးဆုံး တပည့်၊ သား ၊မြေးများဖြစ်သည့် ကျွန်မတို့ဆယ်ယောက်ခန့် အမေ့ထံသွားရောက် ကန်တော့ခဲ့ကြပါသည်။မှတ်တမ်းမှတ်ရာ အလွမ်းဖြေ ပြေစရာ ကလေးကျန်ခဲ့အောင်ဆိုပြီး ဗီဒီယိုဖြင့်လည်း မှတ်တမ်းယူခဲ့ကြသည်။ ထိုနေ့က အမေစကားတွေ အများကြီးပြောခဲ့သည်။နွမ်းပျော့နေသည့်ကြားမှ အမေ့အသံက တစ်ချီတစ်ချီမာလာလေသည်။
“ အန်တီက အသည်းမာတယ် ”
မည်သူ့ထံကမှန်းမသိ၊ခပ်တိုးတိုး မှတ်ချက်ချသံ။
“ အေး အသည်းမာတဲ့လူက ပိုပြီး ကွဲလွယ်တယ်ကွ ”
  အမေ့ထံမှ တုန့်ပြန်သံကို ချက်ချင်းကြားလိုက်ရ၏။
ပြန်ခါနီး ထပ်ခါထပ်ကန်တော့ နှုတ်ဆက်သည့်အခါ အမေက တစ်ခွန်းချင်းဆုပေးခဲ့ရှာပါသည်။
“ မင်းတို့ အပြစ်ပြုမိခဲ့ရင်လည်း ကိုယ်က ခွင့်လွှတ်ပါတယ်။ကိုယ်အပြစ်ပြုမိခဲ့ရင်လည်း မင်းတို့က ခွင့်လွှတ်ပါ။အားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ ” တဲ့။
သည့်နောက် မထင်မှတ်သည့် စကားကို ဆက်၍ဆိုသည်။
“ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ဒီလို ကြုံတွေ့ကြရမှာပဲ။ဒါဟာနောက်ဆုံးတွေ့ခြင်း ၊နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်နိုင်တာပဲ ”
အားလုံး ငြိမ်ကျသွားသည်။ရင်ထဲမှာ လှိုက်ခနဲ။ ကွယ်လွန်သူ ဆရာစိန်ခင်မောင်ရီနှင့်တကွ ပျောက်ဆုံးနေသော မျက်နှာများကို မြင်ယောင်လာသည် ။လောကကြီးထဲမှာ ချစ်တဲ့လူတွေ ပျောက်သွားလိုက်ကြတာ များလှပါပကောလား။အမေရယ် နေပါဦး၊နှုတ်မဆက်ပါနဲ့ ဦး ။
သို့ရာတွင် သင်္ခါရသဘောတရားက ကျွန်မ၏ တောင်းပန်ချက်ကို ဥပေက္ခာပြုခဲ့လေသည်။
ကျွန်မ ချစ်ခင်လေးစားလှသည့် ဆရာမကြီး ခင်မျိုးချစ်သည် ၁၉၉၉ ခုနှစ် ၊ဇန်နဝါရီ (၂) ရက်နေ့တွင် ကွယ်လွန်ခဲ့ရှာပါသည်။နှမျောလွမ်းဆွတ်သောစိတ်ကို အမေလက်ဆောင်ပေးခဲ့သည့် စာအုပ်ကလေးများဖြင့်သာ ဖြေသိမ့်ရပါတော့သည်။
အမေ့ဆန္ဒပြုခဲ့သည့် စာရေးဆရာဘဝကို အမေပြန်လည်ရရှိနိုင်ပါစေ။  ။

0 comments