In memory of the 100th Anniversay of the birth U Khin Maung Latt and Daw Khin Myo Chit (1915-2015), Collection of portraits of their contemparies in Burmese literature and histroy

Wednesday, September 2, 2015

လူထုဒေါ်အမာ – ရေးဖော်မကြီးရေ သွားနှင့်သလား …

 
လူထုဒေါ်အမာ – ရေးဖော်မကြီးရေ သွားနှင့်သလား … (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅

ရွှေအမြုတေ၊ အမှတ်- ၁၁၁၊ ၁၉၉၉ ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။
ကျွန်မသမီးက ‘ အမေ မောင်စွမ်းရည်က ဖုန်းဆက်ခိုင်းလို့တဲ့၊ ကိုပေါက်စည် ဖုန်းဆက်တယ်။ ဒေါ်ခငမျိုးချစ် ဆုံးပြီတဲ့။  နက် ဖြန် (၁၀) နာရီမှာ သဂြိုဟ်မှာတဲ့’ လို့ ဇန်နဝါရီလ (၂) ရက်နေ့ကပြောတော့ ကျွန်မစိတ်ထဲ ဟင်ခနဲဖြစ်သွားတယ်။
ကျွန်မကို လွန်ခဲ့တဲ့ (၂) ရက်တုန်းကမှ အိမ်ရောက်လာတဲ့ ရန်ကုန်ကမိတ်ဆွေတစ်ယောက်က ဒေါ်ခင်မျိုးချစ် အခုတလော ကျန်းမာရေး တော်တော်ကောင်းနေတယ်လို့ပြောလို့ ကျွန်မက ဝမ်းသာခဲ့သေးတာ။ ကောင်းပါလေ့ ကောင်းပါလေ့။ သူ့ကို ဂျပန်ပြည်ရောက် မြန်မာတွေက ဒီနှစ်ကန်တော့ကြမလို့်တဲ့။ ကျွန်မကို တယ်လီဖုန်းနဲ့သတင်းပေးကြပြီး ‘အမေ ဒေါ်ခင် မျိုးချစ်ကို ကျန်းမာအောင်နေဖို့ ပြောပေးပါ၊ ကျွန်တော်တို့ သူ့ကို နှစ်ဆန်းတော့ ကန်တော့လာကြမှာ’ လို့ အပြောခိုင်းတာနဲ့ ကျွန်မက လူကြုံနဲ့ သူ့ဆီ သတင်းပို့လိုက်သေးတယ်။ ခုလို သူ့ကျန်းမာရေးကောင်းလာတယ်ဆိုတော့ ဒါဆိုရင် သူအိပ်ရာ ပေါ်မှာ ထိုင်ပြီးများ အကန်တော့ခံနို်င်မလားလို့ အောက်မေ့ပြီး ဝမ်းသာနေမိပါတယ်။
ဝမ်းသာခဲ့တာမှ ၂ ရက်၊ ၃ ရက်ပဲ ရှိဦးမယ်။ ခုတော့ သူက ဆုံးပြီတဲ့လေ။ သြော် … သေခြင်းတရား သေခြင်းတရား ဘာမှမမြဲ၊ သူပဲ မြဲပါကလား။
သူရယ်၊ ဒေါ်မာလာရယ်၊ ကျွန်မရယ်၊ ဒေါ်ရီကြိန်ရယ်၊ ဒေါ်မီမီခိုင်ရယ်က တစ်ခုတည်း သမီးတွေ။ ၁၉၁၅ခု ဖွားတွေ၊ လပဲ ကွာကြတာမို့ လကြီး လငယ်တွေ။ ဒေါ်နုယဉ်ကတော့ ၁၉၁၆ခု ဖွား။ ဒါပေမယ့် သူက နှစ်ဆန်းစမို့ ကျွန်မထက် နည်းနည်းပဲ ငယ်တယ်။
ဒေါ်နုယဉ်က ကျွန်မတို့ အမျိုးသမီး စာရေးဆရာတွေထဲမှာ ကဗျာစွမ်းတဲ့ သူလေ။ သူက ကဗျာတင် ကောင်းတာမဟုတ်ဘူး။ အိမ်ထောင်ရေးလည်း ကျွန်မတို့အားလုံးထက် ကံကောင်းတယ်။ ခုထက်ထိ ဆရာတက်တိုးနဲ့အတူ အသက် (၈၀) ကျော် လင်စုံမယားဖက် ကျန်းကျန်းမာမာ စာတွေ ရေးနေကြသေးတာမို့ သူတို့ကို သတိရတိုင်း မုဒိတာစိတ်နဲ့ သာဓုခေါ်မိပါတယ်။
ဒေါ်မာလာကတော့ ကျွန်မတို့ စာရေးဆရာတွေထဲမှာ ရှားရှားပါးပါး ဟာသနှောပြီး အတို့အဆိတ် အထေ့အငေါ့ အကလိစာမျိုး ရေးစွမ်းတယ်။ ဒေါ်မာလာရယ်၊ မရီကြိန်ရယ်၊ ခင်သန်းမြင့်ရယ်၊ စောမုံညင်းရယ်က ကျွန်မနဲ့ တစ်ကျောင်းတည်းထွက်တွေ။ ဒေါ်မာလာက လွန်ခဲ့တဲ့ (၃) နှစ်လောက်က ဆုံးရှာပြီ။
ဒေါ်ခင်မျိုးချစ်နဲ့ ဒေါ်မီမီခိုင်တို့က ကျွန်မတို့ မြန်မာအမျိုးသမီးထဲ အင်္ဂလိပ်လို စာရေးနိုင်တဲ့သူတွေလေ။ ဒေါ်မီမီခိုင်က ကျွန်မတို့ အင်းလျားမှာ တစ်စားပွဲတည်း ထမင်းစားခဲ့ကြတဲ့ အတန်းတူ ကျောင်းနေဖက်။ ခုတော့ ကျန်းမာရေး ချို့တဲ့ရှာလို့ စာတွေအများကြီး မရေးနိုင်ရှာဘူး။ ကျွန်မတို့ ဒေါ်ခင်မျိုးချစ်က သူ့ထက် ပိုရေးနိုင်တယ်။ ကျွန်မက အင်္ဂလိပ်လို ရေးဖော်ရ သူတွေကို သိပ်ကျေနပ်တာ။ သူတို့အတွက် ဝမ်းမြောက်တယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးတင်တယ်လေ။ သူတို့ရှိတဲ့အတွက် ကျက်သရေရှိတယ် မဟုတ်လား။
ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လို စာအရေးကောင်းလို့များ ဦးခင်မောင်လတ်နဲ့ အကြောင်းပါသလားတော့ မသိဘူး။ သူ့ယောက်ျား ဦးခင်မောင်လတ်က ကျွန်မနဲ့ ဥပစာကောလိပ်မှာ ကျောင်းနေဖက်သူငယ်ချင်းပါ။ သူက အဲဒီတုန်းကတည်းက အင်္ဂလိပ်စာ တော်သူပါ။ ကျွန်မတို့က သူ့ကို အင်္ဂလိပ်လို မှတ်စုထုတ်ခိုင်းနေကျ။ သူ့နာမည်က ကိုခင်မောင်လတ်ဆိုပေမယ့် သူ့အရပ်ကြီး က အရှည်ကြီးမို့ တစ်ကျောင်းလုံးက သူ့ကို ခင်မောင်လတ်လို့ ဘယ်သူကမှ မခေါ်ကြဘူး။ ‘အရှည်ကြီး’ ပဲ ခေါ်ကြတာပါ။
ဒေါ်ခင်မျိုးချစ်နာမည်ကတော့ မခင်မြတဲ့။ သူနဲ့ ကျွန်မနဲ့က ကျောင်းတုန်းက မတွေ့ခဲ့ဖူးဘူး။ သူက ဦးလှကို ကျွန်မအရင် သိတယ်။
သူနဲ့ကျွန်မ စာရေးတဲ့ အမျိုးသမီးအချင်းချင်းဆိုတော့ ငယ်ကတည်းက ချစ်ကျွမ်းဝင်ပါတယ်။
ကျွန်မက အသက် (၆၇) နှစ်မှာ လူထုဦးလှဆုံးသွားတော့ မုဆိုးမဖြစ်တယ်။ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့က အသက် (၈၀) ကျော်အထိ အိုအောင်မင်းအောင် အတူနေရတယ်။ ဒေါ်ခင်မျိုးချစ် မမာမကျန်း ဖြစ်တယ်။ အိပ်ယာကျောကပ် ဖြစ် တယ်ဆိုတော့လည်း ဦးခင်မောင်လတ်က ကလေးတွေကို အင်္ဂလိပ်စာသင်ရင်း သူ့ဇနီးကို ပြုစုနေတာကလား။ ကျွန်မက လူကြုံရှိတဲ့အခါ ဒေါ်ခင်မျိုးချစ်ကြိုက်တတ်တဲ့  မန္တလေး အစားအစာကလေးတွေ ပို့ပေးတယ်။
ဒီလိုနေရင်းနဲ့  တစ်နေ့တော့ ‘ဦိးခင်မောင်လတ် ဆုံးသတဲ့’ ဆိုတဲ့ သတင်းဆိုးကို နာသံမကြား၊ ဖျားသံ မကြားရဘဲ ကြား လိုက်ရတယ်။ ကျွန်မစိတ်ထဲ ‘အိပ်ယာထဲလဲနေတဲ့သူက ဘာမှမဖြစ်၊ သူ့ကိုပြုစုနေတဲ့သူက ဆုံးတာတဲ့လား။ သေခြင်းတရား များကလည်းနော်၊ ထင်တာမဖြစ်၊ မထင်တာဖြစ်တာကိုးလို့ ရေရွတ်ရင်း ဦးခင်မောင်လတ်ကြီးက ဘာဖြစ်သွားတာတဲ့တုန်း လို့မေးတော့ ရုတ်တရက်ဖြစ်ပြီး ကွယ်လွန်ရှာတာပဲ၊ နှလုံးပဲထင်ပါရဲ့လို့ သိရပါတယ်။
ဒါကြောင့် ကျွန်မက ဒေါ်ခင်မျိုးချစ်အတွက် စိတ်ပူသွားတယ်။ ဒီမိန်းမကြီးတော့ ကြာကြာမခံတော့ဘူးလို့လည်း အောက်မေ့ လိုက်တယ်။ သူက အိပ်ရာပေါ်က ယဲ့ယဲ့ အနေအထားကိုး။ ဒါပေမယ့် အများသိကြတဲ့အတိုင်းပါပဲ။ ဒေါ်ခင်မျိုးချစ်က လူက သာ မမာတာပါ။ သူ့အသည်းက မာပါတယ်။ သူက နှစ်ပေါင်း (၆၀) ကျော် ပေါင်းသင်းလာတဲ့ ခင်ပွန်း၊ သူ့ကို ပြုစုနေရင်း ရုတ်တရက် ကွယ်လွန်ပေမယ့် ကြံ့ကြံ့ခံပါတယ်။ သူ့ပြုစုမယ့်လူ ဦးခင်မောင်လတ်မရှိတဲ့နောက် သူ (၂) နှစ်နဲ့ (၆) လ အသက်ရှည်သေးတယ်။
ဒေါ်ခင်မျိုးချစ်ရဲ့ သတ္တိနဲ့ ဗျတ္တိကို ကျွန်မက သိပြီးသား၊ အထင်ကြီးပြီး လေးစားပြီးသားပေမယ့် သူ့ကို  ပြုစုနေရှာတဲ့ လင် တစ်ယောက်လုံး အခုလို ဗြုန်းခနဲသေသွားတာကို သူခံနိုင်တယ်ဆိုတော့ သူ့အသည်းမာပုံကို အံ့လို့မဆုံးဘူး။
ဒါကြောင့် သူ ၈၃ နှစ်ပြည့်မွေးနေ့တုန်းက ကျွန်မက ‘အသည်းမာတဲ့ ရေးဖော်မကြီးရေ’ လို့ ဆိုပြီး  စာရေးလိုက်သေးတယ်။ လက်ဆောင်ကလေး ပို့လိုက်သေးတယ်။
သူနဲ့ကျွန်မက ရန်ကုန်နဲ့ မန္တလေးမို့ အနေဝေးကြပေမယ့် သူ့သတင်းကို ကျွန်မက မပြတ်တမ်း နားစွင့်နေတာ။ ရွှေကူမေနှင်းတို့ မောင်စွမ်းရည်တို့ကလည်း ကြုံတိုင်း ဒေါ်ခငမျိုးချစ်သတင်း ကျွန်မဆီပို့နေကြတာ။ သူ မမာနေရှာတာ ကြာပြီပဲ။ သူ့ကို သွား ကြည့်လိုက်ရင် နှစ်တွေလတွေကြာအောင် ခံနိုင်မယ့် ခံနို်င်ရည် မရှိရှာတော့ပါဘူးလို့ပဲ ထင်ကြရတယ်။ နို့ပေမယ့် သူက သူ့မွေးနေ့တွေကို  အိပ်ရာထဲကနေပြီးကျင်းပခဲ့တာ ဘယ်နှ နှစ်မှန်း မသိဘူး။ ဒါကြောင့် ကျွန်မက သူ့ကို သက္ကရာဇ် ၁၉၉၉ ခုထဲ (၂) ရက်ပဲ ဝင်ရသေးတယ်၊ သူက ဆုံးပြီတဲ့။
ကျွန်မတို့ မြန်မာမှုကလေးတွေ၊ မြန်မာ့အကြောင်းကလေးတွေ မြန်မာစာ မဖတ်တတ်တဲ့ အင်္ဂလိပ်စာဖတ်တဲ့သူတွေ ဖတ် နိုင်အောင် သူ မရေးတော့ဘူးပေါ့။ ‘ရှင့်နေရာမှာ အစားဝင်မယ့်လူ မမြင်သေးလို့ ရှင့်ကို နှမြောလိုက်ပါဘိတော့တယ် ဒေါ် ခင်မျိုးချစ်ရယ်’ ။ အင်္ဂလိပ်လို စာရေးနိုင်တဲ့ ကျွန်မတို့ မြန်မာစာရေးဆရာမကြီးကဖြင့် ဘဝနိဂုံး အဆုံးသတ်သွားပြီတဲ့လေ။
သြော် … နှမြောလိုက်ပါဘိတော့။
(ရွှေအမြုတေ၊ အမှတ်- ၁၁၁၊ ၁၉၉၉ ဖေဖော်ဝါရီလ )

0 comments